နောက်ဆုံးတွင်တော့ ဒေ့ဗ် အရှုံးပေးလိုက်ရသည်။ သူသည် ပြင်သစ်တို့ ကြားချင်သည်ကို ပြောလိုက်ရ တော့သည်။
"အဲဒီတုန်းက ကျွန်တော်က အင်တာနက်ရဲ့ ဥက္ကဋ္ဌပါပဲ လို့ပြောခဲ့တာပေါ့၊ ဘာလို့လဲဆိုတော့ အဲဒီလိုမှ မပြောရင် ကျွန်တော်တို့ရဲ့ ရောင်းအားမြှင့်တင်ရေး ဟောပြောတင်ပြချက်တွေ အဆင်ပြေချောမွေ့မှာ မဟုတ်လို့ပါ။ ကျွန်တော်က ပေါ့ပေါ့တန်တန် သဘောနဲ့ စနောက်နေတာ မဟုတ်ပါဘူး။ ရှေ့ဆက်သွားချင်တယ်၊ ငွေတိုက်စာချုပ်လက်မှတ်တွေ ရောင်းချင်တယ်။ ဒါကြောင့် ကျွန်တော် ပြောပြပါမယ်၊ ပဲရစ် မှာတုန်းက အင်တာနက်ရဲ့ ပထမဆုံး ဥက္ကဋ္ဌဆိုတာကို ကျွန်တော် ကိုယ်တိုင် ဖြစ်သွားခဲ့ရပါတယ်။"
ဒေးဗ်၏ ပြင်သစ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာကြီးပြားသည်ဟု ယုံကြည်သူများတော့ မဟုတ်ကြ။ ထိုအချိန်က အင်တာနက်ဆိုသည်မှာ အသစ်စက်စက် နည်းပညာ တရပ် ဖြစ် နေသည်။ ထို့အတွက်လည်း သူတို့ စိုးရိမ်ကြသည်၊ မေးခွန်းတွေ အများကြီး မေး နေကြတာ ဖြစ်သည်။
သို့ သော်လည်း ယခုလို တွေ့ဆုံခဲ့မှုမှ လူများအကြား တွေ့ရတတ်သည့် စရိုက်တခုကို ပြနေသည်။ ဤသည်က တခုခုကို တနည်းနည်းနဲ့ မြင်နေကျဖြစ်ရင် တခြားနည်းနဲ့ မြင်ဖို့ ခက်တတ်သည် ဆို သော သဘောသဘာဝ ပင် ဖြစ်သည်။ ကမ္ဘာကြီးကို ဗဟိုချုပ်ကိုင်မှုမှန်ဘီလူးနှင့် မြင်နေကျဆိုက ထိုသို့ မရှိသော အဖွဲ့အစည်းများသည် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။ ပြင်သစ်ရင်းနှီးမြှုပ်နှံသူတွေအတွက် အင်တာနက်နည်းပညာအသစ်ကို နားလည်ဖို့ ခက်ခဲ နေဆဲ ဖြစ်သည်။
အကြောင်းက အင်တာနက် နည်းပညာ၏ အစိတ်အပိုင်း တခုတလေမှ ၎င်းတို့ ကမ္ဘာကြီးကို မြင်ခဲ့သည့် ပုံစံနှင့် မကိုက်ညီ၍ ဖြစ်သည်။ ပြင်သစ်များသည် ယခင် နှစ်နှစ်ရာကျော်က စပိန်များကဲ့သို့ အရာရာကို တနည်းနှင့်သာ မြင်နေကျဖြစ်သည်။ အဖွဲ့အစည်းတိုင်း ဖွဲ့စည်းပုံရှိရမည်၊ စည်းမျဉ်းရှိရမည်၊ အဆင့်အတန်းရှိရမည်၊ ပြီးလျှင် သမ္မတတယောက်ရှိရမည်။
သမိုင်းကြောင်းက အမ်ဂျီအမ် ၏ အကျပ်အတည်းအတွက် ရှင်းပြနိုင် သကဲ့သို့ပင် သဘာဝတရားကလည်း ပြင်သစ်ရင်းနှီးမြှုပ်နှံသူတွေ၏ ဝေခွဲမရ ဖြစ် နေသည့် အကြပ်အတည်းကို ရှင်းပြပေးနေသည်။ အကျဉ်းချုပ်ပြောရမည် ဆိုလျင် တော့ ပြင်သစ်များသည် ကြယ်ငါး တကောင်ကို ပင့်ကူ တကောင်နှင့် မှားယွင်းသွားခဲ့ကြခြင်းပင် ဖြစ်သည်။
အများစုက ပင့်ကူဆိုသည်မှာ ကိုယ်ခန္ဓာအလယ်ပိုင်းမှ ခြေထောက်ရှစ်ချောင်း ထွက်ပေါ်နေသော သတ္တဝါတမျိုးဖြစ်ကြောင်း သိကြပါသည်။ မှန်ဘီလူးဖြင့် ကြည့်မည်ဆိုလျှင် ပင့်ကူတွင် သေးငယ်သော ဦးခေါင်းနှင့် မျက်လုံးရှစ်လုံးလည်း ရှိသည်ကို တွေ့ရ ပေလိမ့်မည်။
ပြင်သစ်ရင်းနှီးမြှုပ်နှံသူများက “ဒီပင့်ကူ တွေကို ဘယ်သူက ဦးဆောင်နေတာလဲ” ဟု မေးခဲ့ကြမည်ဆိုလျှင် အဖြေမှာ ရှင်းလင်းပါသည်— ဦးခေါင်းက ဦးဆောင်နေခြင်းပင် ဖြစ်သည်။
ပင့်ကူ၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်လျှင် ပင့်ကူသည် သေသွားပါလိမ့်မည်။ ခြေထောက်တချောင်း၊ နှစ်ချောင်း ဆုံးရှုံးသွားလျှင်တော့ အသက်ရှင်နိုင်ကောင်း အသက်ရှင်နိုင်ပါသည်။ မျက်လုံးနှစ်လုံးလောက် ဆုံးရှုံးသွားသည်ကိုလည်း ခံနိုင်ကောင်း ခံနိုင်ပါလိမ့်မည်။ သို့သော် ဦးခေါင်းမရှိဘဲတော့ အသက်ရှင်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
ထို့ကြောင့် ပြင်သစ်ရင်းနှီးမြှုပ်နှံသူများသည် အင်တာနက်အကြောင်းကို ပထမဆုံးကြားသိကြသောအခါ “ဒီအဖွဲ့အစည်းကို ဘယ်သူက ချုပ်ကိုင်ထားတာလဲ—ဦးခေါင်းက ဘယ်မှာလဲ” ဟု မေးကြခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ ဤသည်မှာ ဗဟိုချုပ်ကိုင်မှုရှိသော အဖွဲ့အစည်းတစ်ခု အကြောင်း စဉ်းစားရာတွင် မေးသင့်သည့် အရေးကြီးဆုံးမေးခွန်းများထဲမှ တခုဖြစ်ပါသည်။
သို့သော်လည်း အင်တာနက်နှင့် ပတ်သက်လာသည့် အခါတွင် တော့ ပြင်သစ်ရင်းနှီးမြှုပ်နှံသူများသည် ပင့်ကူတကောင်နှင့် ဆက်ဆံနေရသည်မျိုး မဟုတ် တော့။ သူတို့ အမှန်တကယ် ရင်ဆိုင်နေရတာက starfish ခေါ်သည့် ရေလက်ဝါး ငါးမျိုး ပင် ဖြစ်သည်။ သာမန် ကြည့်လိုက်မည် ဆိုက ရေလက်ဝါးသည် အသွင်အပြင်အားဖြင့် ပင့်ကူနှင့် ဆင်တူသည်။
ပင့်ကူလိုပင် ရေ လက်ဝါး သည် လည်း ကိုယ်ထည် ကနေ ဖြာထွက်နေသည့် ခြေထောက်အမြောက်အမြား ရှိနေသလို ထင်ရသည်။ သို့သော် လည်း ဆင်တူယိုးမှားဖြစ်မှုသည် ဤမျှ လောက်သာ ဖြစ်သည်၊ ရေလက်ဝါး ဆိုသည်က တွမ် နီဗင်စ် သဘောကျသည့် သတ္တဝါမျိုး မျိုးဖြစ်ပြီး — ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သည့်သဘောသဘာဝ ရှိသည်။
ပင့်ကူ ကဲ့သို့ သတ္တဝါများတွင် ခန္ဓာကိုယ်အစိတ်အပိုင်း (ခေါင်း၊ ကိုယ်၊ ခြေထောက် စသည်ဖြင့်) တိကျသေချာစွာ ကွဲပြားနေသော်လည်း ရေလက်ဝါး Starfish တွင်မူ ဦးခေါင်းဟူ၍ သီးသန့်မရှိဘဲ ကိုယ်ထည် ကလည်း တကိုယ်လုံးကို အမိန့်ပေးကွပ်ကဲနေခြင်း မရှိပေ။
အဓိက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် လက်တံတခုချင်းစီတိုင်းတွင် အသီးသီး ပါရှိနေကြသည်။ ရေလက်ဝါးကို နှစ်ခြမ်းပိုင်းလိုက်ပါက သေဆုံးသွားခြင်းမရှိဘဲ မကြာမီမှာပင် ရေလက်ဝါး အသစ်နှစ်ကောင် ထွက်လာသည်။
ရေလက်ဝါး များတွင် အံ့သြစရာကောင်းသည့် သဘာဝက ဖန်တီး ပေးထားသည့် အရည် အသွေးတခု ရှိ နေသည်။ ယင်းသည် သူ၏ လက်တဖက်ကို ဖြတ်ပစ်လိုက်မည် ဆိုက နောက်ထပ် လက်အသစ်တခုကို ပြန်လည် ထွက်ပေါ် လာနိုင်ခြင်းပင် ဖြစ်သည်။ 'လင်ကီရာ' (Linckia) ဆိုသည့် ခြေလက်ရှည် ရေလက်ဝါး မျိုးစိတ်များ ဆိုက ပို၍ပင် အံ့သြစရာကောင်းလှ ပေသည်။
လင်ကီရာ မျိုးနွယ်ဝင် ရေလက်ဝါးသည် ကိုယ်ခန္ဓာအစိတ်အပိုင်း သေးသေးလေးတခု (လက်တဆစ်စာလေး) ကနေစပြီး ကိုယ်ပွားတခုအနေနှင့် အသစ်ပြန်ဖြစ်လာနိုင်စွမ်း ရှိသည်။ လင်ကီရာ ရေလက်ဝါး ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဖြတ်တောက်လိုက်မယ်ဆိုလျင်ပင် ဖြတ်ထုတ်ခံလိုက်ရသော အပိုင်းအစ တခုချင်းစီသည် ရေလက်ဝါး အသစ် တကောင် အဖြစ် ပြန်လည် ရှင်သန်လာကြသည်။
ထိုကဲ့သို့ မှော်ဆန်ဆန် ပြန်လည်ရှင်သန်ပွားများနိုင်ခြင်းသည် ၎င်းတို့တွင် ရေယ်ကြယ်ဆိုသည်က ကွန်ပျူတာဆာဗာကြီးကဲ့သို့ ဗဟိုချက် ဖြစ်သည့် ဉီးနှောက် တခုတည်းကနေ အမိန့်ပေး ထိန်းချုပ်ခြင်းမျိုး မဟုတ်ဘဲ၊ သီးခြားလွတ်လပ်နေသော အစိတ်အပိုင်းလေးများအကြား အပြန်အလှန် ဆက်သွယ်ညှိနှိုင်းနိုင်သည့် ဆဲလ်များနှင့် ဖွဲ့စည်းထားသည့် ကွန်ရက်တခု neural network ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။
စိတ်ဝင်စားစရာ ကောင်း နေရသည်က ရေလက်ဝါး တကောင် လှုပ်ရှားဖို့အတွက် သူ့၏ လက်တဖက်က လှုပ်ရှားဖို့ လိုအပ်သည် ကို အခြားလက်တွေကို ယုံကြည်အောင် လုပ်ပြရသည်။ လိုအပ်သည့် လက်က စတင်လှုပ်ရှားလိုက်ပြီးနောက်တွင်တော့ ဘယ်သူမှ အပြည့်အဝ မသိရှိနိုင်သေးသည့် ဖြစ်စဉ်အရ ကျန်တဲ့လက်များကလည်း ပူးပေါင်းပြီး အတူတူ လှုပ်ရှားလာကြသည်။
ဦးနှောက်မှ ထို ဆုံးဖြတ်ချက်ကို "လက်ခံသည်" သို့မဟုတ် ၊ "ငြင်းပယ်သည်" ဟု အတည်ပြုပေးမည်ကို စောင့်နေစရာ မလို ခြင်းသည် တကယ်တမ်း ဆိုရက "လက်ခံသည်"၊ "ငြင်းပယ်သည်လို့ ဟု သတ်မှတ် ကြေညာပေးမည့် ဦးနှောက်ဆိုတာမျိုး ရှိမ နေ၍ ဖြစ်သည်။ ရေလက်ဝါး တွင် ဦးနှောက်ဟူ၍ မရှိ ပေ။ ဗဟိုအစိုးရ သို့မဟုတ် ဗဟိုကွပ်ကဲရေးဌာနဆိုသည်လည်း မရှိ။
ထိုကဲ့သို့ သတ္တဝါမျိုး ဘယ်လို လှုပ်ရှား လည်ပတ်နေသလဲဆိုသည့် အပေါ် ဇီဝဗေဒပညာရှင် များသည် အခုထက်ထိ ဆက်လက် တွေးတောဆင်ခြင်နေဆဲ ဖြစ်သည်။ သို့ ပေသိ ထိုဖြစ်စဉ်သည် တွမ် နေဗင်စ် ၏ ကမ္ဘာ့အမြင်နှင့် တော့ လုံးဝကို ကိုက်ညီနေသည်။
ရေလက်ဝါးသည် နန်တန် လူမျိုးများနှင့် လွန်စွာမှ တူညီစွာ လည်ပတ်နေသည်။ အကယ်၍ ပင့်ကူများသည် တိရစ္ဆာန်လောက၏ အက်ဇတက် (Aztec) လူမျိုးများ ဖြစ်သည် ဆိုရင်၊ ရေလက်ဝါး များသည်ဟာ အာပါချီ မျာဖြစ်မည်မှာ သေချာလှပေသည်။