၂၀၂၀ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် သတ်မှတ်ချက်၏ ၉၈% ရရှိဟု နိုင်ငံတော် အတိုင်ပင်ခံ ပြော

by Hla Soewai - Oct 29 2020

မြန်မာသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန် တိုက်ပွဲဝင်နေစဉ် တွင် တဖက်မှလည်း ၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ရင်းနှီးမြုပ်နှံမှု ပမာဏ အနေနဲ့ ဒေါ်လာ ၅.၇ ဘီလီယံ အထိ ရရှိသွားခဲ့သဖြင့် လျာထားချက်ထက် ဒေါ်လာ သန်း ၁၁၀ သာ လျော့နည်းသွားခဲ့တယ်လို့ တနင်္လာနေ့က နိုင်ငံသို့ ပြောကြားသော ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

 

ဤသည်ကလည်း အစိုးရ၏ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ၏ အသီးအပွင့်များ စတင် ခံစားလာနေရခြင်း ပင် ဖြစ်ပါတယ်။

 

အခြား အိမ်နီးချင်း နိုင်ငံများထက် စာလျှင် အခြေအနေကောင်းတယ်လို့ ဆို၍ ရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

 

လက်ရှိ ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတပုံသည် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး အတွက် ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံရေး နှင့် ကုမ္ပဏီ လုပ်ငန်း များ ကြီးကြပ်ရေး ဌာန ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောတယ်လို့ မြန်မာတိုင်းမ် က ဆိုပါတယ်။

 

အဓိက ရင်းနှီးမြှုပ်နှံလာတဲ့ နိုင်ငံများကတော့ စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ နယ်သာလန် နှင့် ဂျပန်တို့မှ ဖြစ်ပါတယ်။

 

မြန်မာ၏ ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်သည် စက်တင်ဘာလ တွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လို့ စာရင်းဇယား တွေ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

 

အခြားနိုင်ငံများ၏ GDP သည် အနှုတ်လက္ခဏာ ပြနေသော်လည်း မြန်မာသည် ၁.၈% အထိ တင်ကျန်နေဆဲ ဖြစ်ပြီး ၂၀၂၁ တွင် ၆% အထိ ပြန်လည် မြင့်တက်လာဖွယ် ရှိသည်ဟု အာရှဘဏ် အစီရင်ခံစာကို ကိုးကားပြီး ဧရာဝတီ သတင်းမှာ ဖေါ်ပြထားတာလည်း ဖတ်လိုက်ရပါတယ်။

 

မြန်မာသည် ငွေကြေးတည်ငြိမ်မှု ရှိရေး နှင့် စီးပွားရေး ဇုံများ၊ စက်မှု ဇုံများ၊ ထပ်မံ တိုးချဲ့ သွားဖို့ ရည်မှန်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

လောလောဆယ်မှာပင် နောက်ထပ် ဒေါ်လာ ၃.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတာ တွေ ရှိနေဆဲ ဖြစ်ပြီး အထူးသဖြင့် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး အပိုင်းတွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်း ငါးခု ကို ကန်ထရိုက် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

အနောက်နိုင်ငံအများအပြားက ပြန်ပြည်မြဲ (renewable energy) မှာပါနေတဲ့ ဆိုလာ စီမံကိန်း တွေမှာ စိတ်ဝင်စားနေကြပေမယ့် ခရီးသွားလာမှု ကန့်သတ်ချက်ကြောင့် မလာနိုင်ဖူးလို့ ငြီးတွားနေတဲ့ အတွက် စွမ်းအင်ဝန်ကြီးဌာနက တင်ဒါ တင်သွင်းရမယ့် နောက်ဆုံးရက်ကို တလ တိုးမြှင့်ပေးခဲ့ရပါတယ်။

 

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း အင်တာနက် ပိတ်ပင်ထားမှု နဲ့ စီမံကိန်းများကြောင့် မြေသိမ်းယာသိမ်း ကိစ္စတွေ ပေါ်နိုင်တယ် ဆိုပြီး ဆက်လက်ပြောဆိုနေဆဲ ဖြစ်ပါတယ်။

 

မြန်မာမှ ၂၀၂၁ တွင် တနိုင်ငံလုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်တပ်ဆင်အား ၏ ၁၄% ကို ပြန်ပြည့်မြဲ စွမ်းအင်မှ ထုတ်နှုတ်ယူသွား နိုင်ရန် ရည်မှန်းဆောင်ရွက်နေပါတယ်။

 

အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ ဘဏ္ဍာရေး နဲ့ နည်းပညာ အကူအညီပေးရေး အလားအလာ များ ဆွေးနွေးဖို့ အဖွဲ့တဖွဲ့ မနေ့ကပဲ ရောက်ရှိလာပြီး နိုင်ငံတော် အတိုင်ပင်ခံ နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း စီးပွားရေး ပြန်လည် ဦးမော့အောင် ဆောင်ရွက်နေမှုများတွင် ပံ့ပိုးပေးရန် လိုအပ်နေသည့် ကိစ္စများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။