Time ကို ပင် ကျေးဇူးတင်သင့်လှ၊ ဂရုဏာ ဆိုသည်က မည်သည့် အဓိပ္ပါယ်နည်း

by Hla Soewai - Oct 05 2026

အကယ်၍သာ တိုင်းမ် မဂ္ဂဇင်းသည် ၎င်း ၏ အင်တာဗျုးကို အစ မှ အဆုံး အထိသာ ပုံနှိပ် ဖေါ်ပြပေးလိုက်မည် ဆိုလျင် ၎င်း၏ အတွေးအခေါ် မည်မျှအထိ လွဲမှား၍ သုံးစား မရ ဖြစ်နေသည်ကို နိုင်ငံတကာက သိရှိသွားကြ၍ ယခုထက် ပို၍ပင် အရှက်တကွဲ ဖြစ်ရပေတော့မည်။

 

မင်းအောင်လှိုင် အဖို့က ၎င်း၏ ဘဝ တသက်တာ တွင် တိုင်းမ် မဂ္ဂဇင်းကို တခါမျှပင် လှန်လှော ကြည့်ဖူးပုံ မရပေ။ အကယ်၍သာ တချက်‌လောက် လှန်လှောကြည့်ခဲ့ဖူးမည် ဆိုက ၎င်း လိုချင်သည့် ပုံစံ အတိုင်း တလုံးမကျန် ပြန်လည် ဖေါ်ပြ မည် မဟုတ် ဆိုသည်က သိနှင့်ပြီး ဖြစ်ပေလိမ့်မည်။

 

တကယ်တော့ ချာလီ ကမ်းဘဲလ်သည် သတင်းထောက် သက်သက် သာမဟုတ်၊ Time မဂ္ဂဇင်း၏ စင်္ကာကူ ဗျူရို အကြီးအကဲ လည်း ဖြစ်ပေသည်။ 

 

မစ္စတာ ကမ်းဘဲလ်မှ "Future of Myanmar" ခေါင်းစဉ် ဖြင့် အင်တာဗျူး လုပ်ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း မင်းအောင်လှိုင် ပြောသွားသမျှ တွင် မြန်မာ၏ အနာဂတ် နှင့် ပတ်သက်၍ တခု တလေမျှပင် ပါရှိမလာသည့်အပြင် ကိုယ့်ကို ကိုယ် ဂရုဏာရှင်ကြီး အဖြစ် ပုံဖေါ် ကိုယ်ရေ သွေးမှုများ၊ လိုလားချက်များသာ ပြောဆိုသွား၍ မူလ ရည်ရွယ်ထားသော ခေါင်းစဉ် အစား ၎င်း ပြောသမျှ နှင့် အကိုက်ညီဆုံး ဖြစ်သည့် "မြန်မာစစ်အာဏာရှင်သည် အနောက်အုပ်စုနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုနေသည်" ဟု သာ ခေါင်းစဉ် ပေးလိုက်ရခြင်း ဖြစ်ပေမည်။

 

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူအများစုက မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် "သက်ညှာသည်" ဆိုသော စကားလုံးနှင့် "မြန်မာ့ဒီမိုကရေစီ" အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် လူမှုကွန်ရက်များတွင် ပြင်းပြင်းထန်ထန် ဝေဖန်လှောင်ပြောင်ခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည် အပေါ် အင်မတန် မှ သက်ညှာထားရပါသည် ဆိုသည်ကို မြန်မာနှင့် ပတ်သက်၍ စာအုပ် ပေါင်း များစွာ ရေးသားခဲ့သူ၊ ဗုဒ္စဘာသာဝင်လည်း ဖြစ်သည့် အလန် ကလီးမင့်က ဒီဗီဘီ တွင် ယခုလို ရေးသားခဲ့သည်။

 

"ဒီစကားလုံးတွေထဲမှာ ရင်နင့်စရာကောင်းလောက်အောင် ပြောင်းပြန်လှန်ပစ်ထားတဲ့ အဓိပ္ပာယ်တွေ ကိန်းအောင်းနေပါတယ်။ မိမိတို့ရဲ့ စစ်တပ်က မြန်မာ့မဲဆန္ဒရှင်ပြည်သူတွေ တခဲနက် ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို ဖမ်းဆီးထောင်ချထားပြီး၊ အခုအခါမှာတော့ အဲဒီခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားခြင်းဟာ မိမိရဲ့ သီးခံချုပ်တည်းမှုကို ပြသရာရောက်တယ်လို့ အဲဒီစစ်ဗိုလ်ချုပ်က ဖော်ပြပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။” 

 

ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သော အဖွဲ့အစည်းက ဒီမိုကရေစီဟု ဆိုလာသည်။ ဖမ်းဆီးထားသူက တနေ့နေ့တွင် ထောင် တံခါးဖွင့်ပေးနိုင်မည့် ၎င်း၏ ဂရုဏာ တရားအပေါ်အသိအမှတ်ပြု ချီးကျူးရန် တောင်းဆိုနေခြင်းပင် ဖြစ်သည်ဟု မင်းအောင်လှိုင်၏ ကပြောင်းကပြန်ယုတ္တိဗေဒနှင့် ဟန်ဆောင်မှုများကို ပြင်းပြင်းထန်ထန် သရော် ရှုတ်ချ ထားခဲ့သည်။

 

ဆက်လက် ရေးသားထားသည်မှာ မင်းအောင်လှိုင်ကို သမိုင်းကြောင်း၏ အပြင်ဘက်တွင် ရှိနေသော “ဘီလူးတကောင်” အဖြစ်သာ မသတ်မှတ်လို။ ထိုသို့ သတ်မှတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဉာဏ်ပညာပိုင်းအရမူ မလုံလောက်ဟု ဆိုသည်။

 

အာဏာရှင်စနစ်များသည် အခြားဂြိုဟ်တခု မှ ဆင်းသက်လာကြသည် မဟုတ်ဘဲ သမိုင်းကြောင်းများ၊ အဖွဲ့အစည်းများ၊ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသော ကြောက်ရွံ့မှုများ၊ စုပေါင်းခံစားခဲ့ရသော ဒဏ်ရာများ၊ အယူဝါဒများနှင့် လူသားများထဲမှ ပေါ်ပေါက်လာကြသည်။

 

ထို အာဏာကပင် မိမိပြုလုပ်သည့် အမှား၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုများကိုပင် “လိုအပ်လို့လုပ်ရတာ၊ အမျိုးသားအကျိုးအတွက်လုပ်ရတာ” စသဖြင့် မိမိကိုယ်တိုင် အကြောင်းပြချက်ပေးပြီး တရားမျှတသလို ဖြစ်အောင် ဖန်တီးလာခဲ့မှု သည် စိတ်ဝင်စားစရာ ဖြစ်လာရသည်။

 

ဗိုလ်နေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှစ၍ မျိုးဆက်ပေါင်းများစွာသော စစ်သားများသည် နိုင်ငံတော်အတွင်း ပါဝင်သူအဖွဲ့အစည်းတခုမျှသာ မဟုတ်ဘဲ၊ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော အုပ်ထိန်းကာကွယ်သူအဖြစ် ပညာသင်ကြား၊ လေ့ကျင့်ပျိုးထောင်ခံခဲ့ကြရသည်။

 

ထိုသို့သော အခြေအနေများအောက်တွင် အာဏာလွှမ်းမိုးချုပ်ကိုင်မှုသည် တဖြည်းဖြည်းနှင့် “တာဝန်” ဟု ဖြစ်လာသည်။ ၎င်းတို့၏ အကြမ်းဖက်မှုသည် “လုံခြုံရေး” ဖြစ်လာသည်။ ၎င်းတို့ နှင့် သဘောထားကွဲလွဲမှုသည် “အကြမ်းဖက်ဝါဒ” ဖြစ်လာသည်။ ၎င်းတို့ အပေါ် ရိုကျိုး နာခံမှုသည် “မျိုးချစ်စိတ်” ဖြစ်လာသည်။

 

နောက်ဆုံးတွင် မိမိ၏အာဏာကို ကာကွယ်နေသော အဖွဲ့အစည်းသည် မိမိကိုယ်မိမိ ကာကွယ်ခြင်းနှင့် နိုင်ငံကို ကာကွယ်ခြင်းတို့အကြား ခွဲခြားသိမြင်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရသည်။

 

ထိုသို့သော အခြေအနေများ ကြားတွင် ၎င်း၏ သက်ညှာပေးထားသည် ဆိုသော စကားအား ဆန်းစစ်ကြည်ဖို့ လိုအပ်လာခြင်း ပင် ဖြစ်သည်။

 

အကျဉ်းသား ဖြစ် နေသူ အမျိုးသမီးကြီးသည် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူများက အပ်နှင်းလာသည့် အာဏာရရှိလာခဲ့သည့် နိုင်ငံရေးစနစ်ကို ဖျက်ဆီး ပစ်ခဲ့သူများက ‘ညှာတာပေးခဲ့တယ်’ ဟု ပြောလာသည့် အခါတွင် တော့ ၎င်းတို့၏ ‘ညှာတာမှု’ ဆိုသည်က တကယ်တမ်း ဘာကို ဆိုလိုသနည်း။

 

အကျဉ်းချထားသူက ၎င်း၏ အကျဉ်းသားသည် လွှတ်ပေး နိုင် လောက် အောင် ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့ခြင်း ရှိမရှိ ဆိုသည် အပေါ် မူတည်သည် ဟု ပြောလာသည့် အခါ ၊ “သက်ညှာမှု" ဆိုသည်က ဘယ်လို များ အဓိပ္ပာယ် ရှိတော့ ပေမည်နည်း။

 

ရွေးကောက်ပွဲရလဒ်ကို မနှစ်သက်ပါက လက်နက်အင်အားသုံးပြီး ဖျက်ဆီးပစ်သည့် အခါ တွင်တော့ ရွေးကောက်ပွဲကို ၎င်းတို့ မည်သို့ ယူဆ နေသည်က ပေါ်လွင်ထင်ရှားနေပေသည်။

 

အကျဉ်းချထားခြင်းကို “ကရုဏာ” ဟူ၍ပင် အမည်ပြောင်း ပြောဆိုလာသည် အခါ ၊ ထိုစကား၏ အဓိပ္ပာယ်ကို ၎င်းတို့ မည်သို့ ခံယူထားကြပေသနည်း။ 

 

အထက်တွင် ဖေါ်ပြခဲ့သလို အကျဉ်းချထားခြင်းကိုပင် ဂရုဏာတရား၊ နိုင်ငံရေးအရ ဖိနှိပ် အုပ်ချုပ်နေခြင်းကို လုံခြုံရေး၊ ၎င်းတို့ အပေါ် ကျိုးနွံ မှု အား မျိုးချစ်စိတ် ဟုပင် အဓိပ္ပါယ် ဖွင့်ဆိုလာသည်အထိ ဖြစ်လာရသည်။

 

ဤသည်ကို ကြည့်မည် ဆိုက အာဏာရှင်သည် အမှန်တရားကို မည်သို့ မည်ပုံ ပြန်လည် နေရာချထား သတ်မှတ်တတ်ကြသည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လူမှုယဉ်ကျေးမှုကို ပုံသွင်းပေးခဲ့သော ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် ဟိရိ နှင့် ဩတ္တပ္ပ ဟူသော အရည်အသွေးနှစ်ရပ် ရှိသည်။ ယင်းတို့မှာ မကောင်းမှုကို ပြုလုပ်ရန် ရှက်ရွံခြင်း၊ မကောင်းမှု ကို ပြုလုပ်လျင် ဖြစိလာမည့် အကျိုးဆက် ကြောက်ရွံစိုးရိမ် ခြင်းအပေါ် ဆိုသည့် ကိုယ်ကျင့်တရား ဆိုင်ရာ ခံယူချက် ပင် ဖြစ်သည်။

 

ဤအရာများသည် အနောက်တိုင်းမှ တင်သွင်းလာသော အယူအဆများ မဟုတ်။ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများလည်း မဟုတ်ပါ။ လူ့အခွင့်အရေးဟု ဟန်ဆောင်ထားသော ကိုလိုနီဝါဒလည်း မဟုတ်။

 

ယင်း သည် မြန်မာ တို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် အစဉ်အလာအမွေအနှစ် အတွင်း အမြဲလို အမြစ်တွယ်လာခဲ့သော တန်ဖိုးများပင် ဖြစ် ပေသည်ဟု ရေးသားထားခဲ့သည်။

 

မင်းအောင်လှိုင်၏ စကားများကို ပြည်သူများက လှောင်ပြောင် သရော်လာခြင်း၏ နောက်ကွယ်တွင် ၎င်းတို့ အုပ်စုကို ဖြုတ်ချမှ ဖြစ်မည်ဟု ခံယူထားကြသော ပြည်သူ အများစု ကို ဓါးမိုး၍ အုပ်ချုပ် နေကြရပြီ ဖြစ်သည် ဆိုသည့် က ပို၍ပင် ပေါ်လွင် ထင်ရှားလာရပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

Photo Credit - ဒီဗီဘီ