မလေးရှားသည် လူ ၅,၀၀၀ ပြန်လည် လက်ခံမည်ဟူ သော စစ်အုပ်စု နှင့် သဘောတူညီချက် အရ ၎င်းတို့၏ ဖမ်းဆီးထိန်းသိမ်းရေးစခန်းများမှ ပထမ အသုတ် အဖြစ် ရိုဟင်ဂျာ ၁,၄၇၆ ဦး ကို ပြန်ပို့ နေပြီ ဖြစ်သည်။
မလေးရှားအစိုးရက ယင်းသို့ ပြန်လည်ပို့ဆောင်ခြင်းမှာ ဆန္ဒအလျောက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် လုံခြုံရေးအခြေအနေဆိုးဝါးမှုများကြောင့် ပြန်လည်ဝင်ရောက်လာသူများ၏ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။
ယမန်နေ့ကပင် ကျောက်တော်ရှိ အိန္ဒိယ ဈေးကြီး ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည့် သတင်းသည် နယူးယောက် တိုင်းမ် အပါအဝင် ကမ္ဘာသတင်းစာမျက်နှာ များ ပေါ် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
AFP သတင်း၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်စခန်းအနီးရှိ အားကစားကွင်းသို့ ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူ၍ ဘတ်စ်ကား ဒါဇင်နှင့်ချီ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ထိုနေရာတွင် သတင်းထောက်များကို ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်တင်းကြပ်ထားခဲ့ပြီး၊ ခရီးသည်များအား စာရွက်စာတမ်းနှင့် အချက်အလက်များ စစ်ဆေးလုပ်ဆောင်မှုများ ပြုလုပ်ပြီးနောက် ရေတပ်စခန်းဆီသို့ ဆက်လက်ခေါ်ဆောင်ကာ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
မလေး ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ရေတပ်စစ်သင်္ဘော (၂) စီးနှင့် ဆေးဘက်ဆိုင်ရာ သင်္ဘော (၁) စီးတို့ကို ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာ တွင် မည်သည့် ဆိပ်ကမ်းတွင် ကပ်မည် ဆိုသည်ကို သတင်းအတိအကျ မသိရသော်လည်း စစ် တွေ ဆိပ်ကမ်းသို့ ရောက်လာမည် ဆိုက အာရက္ခ တပ်တော် အဖို့ သတိထားရတော့မည် ဖြစ်သည်၊ အကယ်၍ အဆိုပါ သင်္ဘောများကို ဒရုန်း ဖြင့် တိုက်ခိုက်ခံရသည် ဆိုကာ လုပ်ကြံ ဖန်တီးလာပါက နိုင်ငံတကာ တွင် ဟိုးလေး တကျော် ကျော် ဖြစ်ပေတော့မည်။ သို့မဟုတ်ကလည်း ရန်ကုန်တွင်ပင် ဒုက္ခသည် စခန်းကြီး ဖြစ်လာနိုင်သည်။
အနောက်အုပ်စုက "ပြုပြင် ပြောင်းလဲရေး သမား" ဟု ကင်ပွန်းတပ်ခံရသော မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က လူ ငါးထောင် ပြန်ပို့ခွင့် ရမည့် အရေး အတွက် အလဲအလှယ် အနေဖြင့် သမ္မတတု မင်းအောင်လှိုင်ကို ကွာလာလမ်ပူ သို့ ဖိတ်ကြားမည်ဟု ဆိုလာသည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်လာရသနည်းကို ဩစတေးလျ ရှိ Lowy Institute မှ ယခုလို သုံးသပ်ထားသည်။
လာမည့် ၂၀၂၈ ခုနှစ် အစောပိုင်းတွင် ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲများ မတိုင်မီ အန်နဝါသည်နိုင်ငံရေးအရ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရ၍ အကျပ်ရိုက်လာသော ကြောင့် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် ၎င်း၏ လက်ရှိရပ်တည်ချက်သည် မလေးရှားနိုင်ငံ၏ ဒုက္ခသည်ပြဿနာအတွက် ရေရှည်ဖြေရှင်းရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ၊ ပြည်သူလူထု၏ ပြင်းထန်သော မကျေနပ်ချက်များအပေါ် အခြေခံထားသည့် နိုင်ငံရေးဆန်သော လုပ်ရပ်မျိုး ဖြစ်နေပေသည်။
အန်ဝါ၏ ရိုဟင်ဂျာများကို ပြန်လည်ပို့ဆောင်ရေး ဆုံးဖြတ်ချက်သည် ၎င်း၏ အာဏာရ Pakatan Harapan (PH) ညွန့်ပေါင်းအဖွဲ့အနေဖြင့် နေဂရီ စမ်ဘီလန်၊ ဂျိုဟိုး နှင့် ဆာဘား ပြည်နယ် ရွေးကောက်ပွဲသုံးခုစလုံးတွင် ဆက်တိုက် ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်လက်မဲ့ပြဿနာများနှင့် သတင်းမှားများ ပျံ့နှံ့နေသည့် နောက်ခံအခြေအနေများကြားတွင် အချို့သော လူ့အဖွဲ့အစည်း များက ရိုဟင်ဂျာများအား ၎င်းတို့၏ အလုပ်အကိုင်များကို "လုယူနေသူများ" နှင့် မလေးရှားလုပ်ငန်းများကို "သိမ်းပိုက်နေသူများ" အဖြစ် ရှုမြင်နေကြသည်။ သို့သော် အမှန်တကယ်တွင် ရိုဟင်ဂျာများသည် ဒေသခံများ မလုပ်လိုကြသော ကျပန်းအလုပ်များ ဖြစ်သည့် ဆောက်လုပ်ရေး အလုပ်များ၊၊ ဈေးများအတွင်း ကုန်တင်ကုန်ချ အလုပ်များ ၊ သို့မဟုတ် ခြံများနှင့် စိုက်ခင်းများတွင် သူရင်းငှား အလုပ်များတွင်သာ ဝင်ရောက်လုပ်ကိုင် နေကြရခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၂၁၅,၆၀၀ ဦး ရှိသည်။ ဤကိန်းဂဏန်းအထဲမှ ၁၉၃,၈၂၄ ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်ကြပြီး၊ ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်ဖြစ်သော ၁၂၆,၁၄၄ ဦးမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။
ပြီးခဲ့သည့်အပတ်က မလေးရှားနိုင်ငံတွင်းနှင့် ပြင်ပမှ အဖွဲ့အစည်း ၁၆၆ ခုနှင့် လူပုဂ္ဂိုလ် ၁၄၀ ကျော်တို့က "ရိုဟင်ဂျာများနှင့် အကြမ်းဖက်မှုများမှ ထွက်ပြေးလာကြသည့် အခြားမြန်မာနိုင်ငံသားများကို အစီအစဉ်ဆွဲထားသည့်အတိုင်း ပြန်လည်ပို့ဆောင်ခြင်းကို ချက်ချင်းရပ်တန့်ရန်" တောင်းဆိုခဲ့ကြပြီး၊ "လူမျိုးတုံးသတ်ဖြတ်သူများနှင့် ဖက်လဲတကင်း လုပ်ပြီး ၎င်းတို့၏ ဘေးမှ လွတ်မြောက်လာသူများကို ရာဇဝတ်သားများကဲ့သို့ ဆက်ဆံခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိရုံသာမက ကိုယ်ကျင့်တရားအရလည်း မှားယွင်းနေပါသည်" ဟု ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ဒုက္ခသည်များသည် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲတွင် တိုက်ခိုက်ရန်အတွက် အတင်းအကျပ် စစ်မှုထမ်းခိုင်းစေခံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေရှိနေ၍ သေဒဏ် ပေးခံရသည် နှင့် မခြားဟု စိုးရိမ်ပူပန် နေကြသည်။
၂၀၂၃ ခုနှစ်တွင် အန်နဝါသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့စဉ်က "မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို မိမိတို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိ ကြောင်း၊ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမဆန်မှုများအား မည်သည့် အကြောင်းပြချက်မှ ပေး၍ မရနိုင်" ဟု ပြောခဲ့ဖူးသည်။
ထိုစဥ်က အန်ဝါသည် "စစ်အာဏာပိုင်များ အား ၎င်းတို့၏ လမ်းကြောင်းကို ပြောင်းလဲစေရန်အတွက် လိုအပ်သော ဖိအားများကို ဆက်လက်ထိန်းသိမ်းထားရန်" နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ပံ့မှုကို တောင်းခံခဲ့သည်။
ယနေ့တွင်မူ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အန်နဝါထံမှ ထိုကဲ့သို့သော စကားမျိုးဖြင့် ပြန်လည်တောင်းဆိုရဖို့ ဖြစ်လာပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!