ထရမ့် အဖွဲ့ ကြောင့် မင်း‌ အောင်လှိုင် ပေးသည့် ရမ် သေတ္တာ တလုံးပိုက်၍ အဒမ် ကက်စတီလို ပြန်ထွက်လာနိုင်ခဲ့ပုံ

by Hla Soewai - Oct 05 2026

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ မြန်မာ သို့ စေလွှတ်ခဲ့မှု နောက်ကွယ် တွင် ဒုသမ္မတ ဂျေဒီ ဗန့်စ် က မည်သို့ မည်ပုံ ဦးဆောင် ဦးရွက် ပြုခဲ့ပုံကို Wall Street journal မှ အောက်တိုဘာ ၁ ရက်နေ့တွင် အထူး သီးသန့် ဆောင်းပါး ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

ရန်ကုန်ရှိ ရဲစခန်းတခု၏ ရုံးခန်းအတွင်း ပိတ်လှောင်ခံထားရစဉ် အဒမ် ကာစတီလို က ကံကြမ္မာ က သူ့ဖက်တွင် ရှိသေး‌ ကြောင်း သဘောပေါက်လိုက်သည်။ မကြာသေးမီက သိမ်းဆည်းသွားခဲ့သည့် သူ့၏ အိုင်ဖုန်း နှင့် အက်ပဲလ်နာရီ မှာ အိပ်ပျော်နေကြသည့် ရဲများ၏ အနားတွင် ချိတ်ဆက်လျက်ပင် ရှိနေဆဲ ဆိုသည်ကို တွေ့လိုက်ရသည်။

 

ကက်စတီလို သည် မရိမ်း တပ်မှ အရာရှိဟောင်း တဦး ဖြစ်ပြီး ထရမ့်ဝါဒ ဖြစ်သော MAGA ကို အရိုးထဲ အသားထဲက ယုံကြည်သူတဦးလည်း ဖြစ်သည်။ အသက်အားဖြင့် ၄၀ ရှိပြီ ဖြစ်ပြီး အမေရိကန်-မြန်မာ ကုန်သည်ကြီးများ ၏ အဖွဲ့၏ ဥက္ကဌ လည်း ဖြစ်ပြီး ပြဿနာ တခု ကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

ဇွန်လ ၁၂ ရက် နံနက် ၄ နာရီ ၅၁ မိနစ်တွင် ကက်စတီလိုသည် ဝါရှင်တန်ရှိ မိတ်ဆွေ တဦးထံသို့ လက်ပတ်နာရီမျက်နှာပြင်ငယ်လေးမှတဆင့် ယခုလို မက်ဆေ့ခ်ျ ပို့လိုက်သည် —

"မြန်မာလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်၊ ဘာပုဒ်မမှလည်း မတပ်ဘူး၊ ဖမ်းဝရမ်းလည်း မထုတ်ဘူး၊ ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးဘူး။"

 

ပြီးခဲ့သည့်လက သမ္မတ ထရမ့်၏ ခွင့်ပြုချက်ရရှိထားပြီး ဒုသမ္မတ ဂျေဒီ ဗန့်စ် စေလွှတ်လိုက်သော အမေရိကန် သံတမန်အဖွဲ့ လေယာဉ်တစင်း စင်းလုံးငှားကာ မြန်မာသို့ ရောက်ရှိလာခဲ့မှု နှင့် အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကက်စတီလို ကို သုံးလအကြာတွင် ပြန်လွတ်လာခဲ့သည်။

 

အမေရိကန်အစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဤမစ်ရှင်တွင် ဓားစာခံများအတွက် အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ အဒမ် ဘိုလာ ၏ ရုံးအဖွဲ့လည်း ပါဝင်ပတ်သက်ခဲ့သည်။

 

၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး နိုင်ငံကို ပြည်တွင်းစစ်မီးကြီး တောက် လောင်စေခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဝါရှင်တန်ဒီစီနှင့် မြန်မာစစ်အုပ်စု တို့အကြား အမြင့်ဆုံးအဆင့် ထိတွေ့ဆက်ဆံမှု ဖြစ်လာခဲ့သည်။

 

ကာစတီလိုသည် အစိုးရ၏ "မတရားဖမ်းဆီးခံရသူ" ဟူသော တရားဝင်သတ်မှတ်ချက်နှင့် အကျုံးမဝင်ခဲ့သော်လည်း ဘိုလာ၏ ရုံးနှင့် အိမ်ဖြူတော်တို့အနေဖြင့် ယင်းကဲ့သို့ တရားဝင်သတ်မှတ်ချက် ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ ပါဝင် ပတ်သက်လာခဲ့ကြသည်။

 

အိမ်ဖြူတော်က ယင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

 

အမေရိကန် အကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာတာဝန်ရှိသူများနှင့် ပုံမှန် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဤအမှုတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတွင်းသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

 

ကာစတီလို ဖမ်းဆီးခံရခြင်း ကြောင့်ပင် သံတမန်ရေးရာ လှုပ်ရှားမှုများကို စတင်ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

"ဒီကိစ္စဟာ နိုင်ငံတကာ အကျပ်အတည်းကြီး တခုအထိ ကြီးမားလာလိမ့်မယ်ဆိုတာကို ဖမ်းတဲ့ ရဲတွေတောင် တကယ်တမ်း မသိလိုက်ကြဘူးလို့ ကျွန်တော်ထင်တယ်" ဟု လွတ်မြောက်လာပြီး ရက်ပိုင်းအကြာ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် The Wall Street Journal သတင်းစာနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ကာစတီလိုက ပြောကြားခဲ့သည်။

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ထရမ့် ရွေးကောက်တင်မြှောက်ခံရ ချိန် တွင် ကာစတီလိုသည် မြန်မာနိုင်ငံတွင်လုံခြုံရေးကုမ္ပဏီ တခု ပိုင်ဆိုင်ထားပြီ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham Myanmar) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ယင်းအဖွဲ့အစည်းသည် Amazon Web Services နှင့် Mastercard အပါအဝင် ထိုနိုင်ငံတွင် ဆက်လက် ရပ်တည်လုပ်ကိုင်နေဆဲဖြစ်သော အမေရိကန် ကုမ္ပဏီကြီးအချို့ကို ကိုယ်စားပြုထားသည်။

 

ရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာတွင် ကာစတီလိုသည် ဝါရှင်တန်မြို့ အခြေစိုက် Mercury Public Affairs လော်ဘီကုမ္ပဏီနှင့် ဒေါ်လာ ၃၀၀,၀၀၀ တန်ဖိုးရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်တွင် ဆက်ဆံရေးများ တည်ဆောက်ရန်နှင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အကြံဉာဏ်များ ရယူရန်အတွက် AmCham Myanmar ၏ အကူအညီ အတွက် ဖြစ်သည်ဟု ဂျာနယ်မှ စာချုပ်မိတ္တူကို မြင်တွေ့ခဲ့ရသည်။

 

ထရမ့် ပြန်အရွေးခံခဲ့ရခြင်းသည် မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်၍ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စတင်ရန် အခွင့်အလမ်းကောင်းတခုအဖြစ် ၎င်းက ရှုမြင်ခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

 

Mercury ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာတဦးဖြစ်သူ ပီတာ ကူဆစ် သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ရုံးခွဲတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှိသူဖြစ်သည်။ ထို့ပြင် အဆိုပါ ကုမ္ပဏီသည် ထရမ့်ဖက်က အာဏာ လွှဲပြောင်းယူမည့် အဖွဲ့များနှင့်လည်း အထူးနီးစပ်သော ဆက်ဆံရေးရှိကြောင်း ကာစတီလိုက ထောက်ပြပြောဆိုခဲ့သည်။

 

ထိုအဖွဲ့တွင် ထရမ့်၏ အိမ်ဖြူတော် အကြီးအကဲ ဖြစ်လာမည့် ဆူဇီ ဝိုင်းလ်စ် လည်း ပါဝင်သည်။ ဝိုင်းလ်စ်သည် ယခင်က Mercury ကုမ္ပဏီတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

 

“အဲဒီကုမ္ပဏီမှာ MAGA အယူအဆကို အခိုင်အမာ ထောက်ခံသူတွေ အများကြီး ရှိနေခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ဝိုင်းလ်စ်၏ ပြောရေးဆိုခွင့်ရှိသူကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

စာချုပ်အရ ၂၀၂၅ ခုနှစ် မေလအထိ ကနဦးဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ သတ်မှတ်ထားပြီး၊ ထို့နောက် တလလျှင် ဒေါ်လာ ၃၃,၃၃၃ နှုန်းဖြင့် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။ Wall Street Journal က ရရှိထားသည့် ငွေပေးချေမှုမှတ်တမ်းများအရ ဒေါ်လာ ၃၀၀,၀၀၀ အထိ ပေးပြီး ဖြစ်သည်ဟု သိရသည်။

 

သို့သော် Mercury ကုမ္ပဏီ၏ ဝန်ဆောင်မှုများအတွက် ပေးချေငွေများကို AmCham က ပေးချေခဲ့ခြင်း တော့ မဟုတ်ပေ

 

 AmCham ၏ အသင်းဝင်ဖြစ်နေသော မြန်မာအခြေစိုက် လက်အောက်ခံကုမ္ပဏီ Misfit Technologies ကုမ္ပဏီ၏ အမေရိကန်နိုင်ငံရှိ ဘဏ်စာရင်းများမှတဆင့် Mercury အား ငွေပေးချေခဲ့ခြင်း ဖြစ်သည်။

 

Mercury ကုမ္ပဏီ၏ ထုတ်ဖော်ကြေညာချက်တွင် မြန်မာအစိုးရက ချမှတ်ထားသည့် နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုများကြောင့် AmCham Myanmar ၏ ဘဏ်စာရင်းများမှတဆင့် ငွေပေးချေရန် မဖြစ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

သို့သော် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကာစတီလို နေရာ၌ ဥက္ကဋ္ဌအဖြစ် ဆက်ခံတာဝန်ယူခဲ့သူ ခင်မောင်ဝင်းကမူ အဆိုပါစာချုပ်ကို အသင်း၏ ဒါရိုက်တာအဖွဲ့က မည်သည့်အခါမျှ ခွင့်လည်း မပြု အတည်လည်း မပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ကာစတီလို နှင့် အသင်း၏ အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား ဒန်နီကျော် တို့သည် အဆိုပါစာချုပ်အကြောင်းကို AmCham Myanmar ၏ အမှုဆောင် အသစ်အား အသိမပေးဘဲ ဖုံးကွယ်ထားခဲ့ကြောင်းလည်း ခင်မောင်ဝင်းက ပြောကြားခဲ့သည်။

 

ကာစတီလို ကမူ အဆိုပါစာချုပ်အကြောင်းကို အသင်း၏ ဒါရိုက်တာအဖွဲ့က သိရှိထားခဲ့ပြီး၊ စာချုပ်ကိုလည်း ထောက်ခံခဲ့၍ စာချုပ်အတွက် တရားဝင်ခွင့်ပြုချက် သီးခြားပေးရန်လည်း မလိုအပ်ခဲ့ကြောင်း ဆိုသည်။

 

ဒန်နီကျော်ကလည်း မေးခွန်းများအပေါ် စာဖြင့် ပြန်လည်ဖြေကြားရာတွင် အဆိုပါစာချုပ်ကို ဖုံးကွယ်ထားခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

ဇန်နဝါရီလတွင် AmCham Myanmar ၏ ဥပဒေရေးရာ အဖွဲ့မှ Misfit က Mercury ထံသို့ ငွေ ပေးချေ ခဲ့မှုသည် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုနှင့် နိုင်ငံခြားငွေကြေး/အရင်းအနှီး ထိန်းချုပ်မှုများကို ရှောင်လွှဲမှုတို့အပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် AmCham Myanmar သည် ရင်ဆိုင်ရနိုင်ကြောင်း သုဲးသပ်ခဲ့သည်။ အဆိုပါ ဥပဒေရေးရာသုံးသပ်ချက်ကို Wall Street Journal က ရရှိထားသည်။

 

မတ်လတွင် ဒါရိုက်တာအဖွဲ့က အမှုဆောင်ဒါရိုက်တာရာထူးမှ ဒန်နီကျော်ကို ဖြုတ်ပစ်ခဲ့ပြီး ၊ Misfit ၏ အသင်းဝင်အဖြစ် ဆက်လက်ထားရှိခြင်းနှင့် ကာစတီလို ပိုင် လုံခြုံရေးကုမ္ပဏီ၏ အသင်းဝင်အဖြစ် ဆက်လက်ထားရှိခြင်းတို့ကိုလည်း သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့သည်။

 

ရက်သတ္တပတ်အနည်းငယ်အတွင်း ကာစတီလို နှင့် Misfit Technologies ၏ အမှုဆောင်အရာရှိချုပ် မူနီမူလ် အစ္စလမ် တို့က ငှားရမ်းထားသော ရှေ့နေသည် AmCham Myanmar ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ အကြောင်းကြားစာပေးပို့ခဲ့သည်။ Wall Street Journal က ကြည့်ရှုခွင့်ရရှိခဲ့သည့် အဆိုပါစာမိတ္တူအရ ထိုသူနှစ်ဦးသည် အသရေဖျက်မှုဖြင့် Am'ham ကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရှေ့နေက သတိပေးထားသည်။

 

ခင်မောင်ဝင်းကမူ ထိုသို့သော ဥပဒေရေးရာ ခြိမ်းခြောက်မှုများကြောင့် AmCham Myanmar အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အကြောင်းကြားရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

“မလုပ်ချင် ပေမယ့်လည်း စီမံအုပ်ချုပ်မှုအပိုင်းမှာ ဖြစ်ခဲ့တဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

 

ဇွန်လ ၈ ရက်နေ့တွင် တော့ AmCham Myanmar ၏ အမှုဆောင်ဒါရိုက်တာ အဖွဲ့က မြန်မာ ရဲအဖွဲ့အား တိုင်ကြားစာ ပေးပို့ခဲ့သည်။

 

တိုင်ကြားစာထဲတွင် AmCham က ကာစတီလို၊ ဒန်နီ ကျော် နှင့် အစ္စလမ် တို့သည် အသင်း၏ အုပ်ချုပ်ရေးဒါရိုက်တာအဖွဲ့ထံမှ အသိပေးအကြောင်းကြားခြင်း သို့မဟုတ် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ Mercury နှင့် စာချုပ်ချုပ်ဆိုခဲ့ကြပြီး၊ ထိုစာချုပ်အတွက် ငွေပေးချေမှုကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြသည်ဟု စွပ်စွဲထားသည်။

 

သို့သော် သုံးဦးစလုံးက မိမိတို့ဘက်မှ မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။

 

ထိုအချိန်တွင် ကာစတီလို သည် ပြည်ပသို့ ရောက်ရှိနေပြီး ၎င်းရေးသားထုတ်ဝေထားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် အတွက် အရောင်း မိတ်ဆက်ပွဲ လုပ် နေသည်။

 

အဆိုပါစာအုပ်တွင် ၎င်း၏ နိုင်ငံရေးအမြင် ပြောင်းလဲလာပုံကို ရေးသားထားသည်။ အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ပြီးနောက် စိတ်ပျက်လာခဲ့သည့် လက်ဝဲဘက်ယိမ်းသော အမေရိကန် မရင်းတပ်ဖွဲ့အရာရှိတဦးဘဝမှ MAGA လှုပ်ရှားမှုကို ထောက်ခံသည့် ရီပတ်ဘလစ်ကန်တဦး ဖြစ်လာခဲ့ပုံကို ဖော်ပြထားသည်။

 

ထိုအချိန်တွင် ထိုစာအုပ်၏ အကြောင်းအရာအများစုမှာ AmCham Myanmar ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလကို အဓိကထား ရေးသားထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာစစ်အာဏာပိုင်များကို ဝေဖန်ထားသည့် အပိုင်းများလည်း ပါဝင်ပြီး၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့မှုများအကြောင်းကိုလည်း ဝေဖန်ရေးသားထားသည်။

 

စာအုပ်၏ ဇာတ်အရှိန်အမြင့်ဆုံး အပိုင်းမှာ၂၀၂၅ ခုနှစ် ဇူလိုင်လ၌ ဗန့်စ် ၏ ရုံးခန်းတွင် တွေ့ဆုံခွင့်ရရှိခဲ့သည့် အကြောင်း ဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှ ရှားပါးမြေဓာတ်သတ္တုများ ရရှိနိုင်ရန် အမေရိကန်ဘက်က သဘောတူညီချက်များ ချုပ်ဆိုဆောင်ရွက်သင့်ကြောင်း ဗန့်စ် ၏ အကြံပေးများကို တိုက်တွန်းပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံရေးရာထူးတခုအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ၎င်း၏ ရည်မှန်းချက်များအကြောင်းကိုလည်း စာအုပ်တွင် ရေးသားထားသည်။

 

ဇွန်လတွင် ကာစတီလို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ စီအိုင်ဒီ အရာရှိများက လေဆိပ်တွင် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဒန်နီ ကျော်ကိုလည်း နောက်တနေ့တွင် ဖမ်းဆီးခဲ့သည်။

 

ဇူလိုင်လတွင် ကာစတီလို က ၎င်းနှင့်ဒန်နီ ကျော် တို့နှစ်ဦးသည် Mercury နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်နှင့်ပတ်သက်၍ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု ဖြင့် တရားဝင် စွဲချက်တင်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

 

CID ဌာနချုပ်တွင် နှစ်ပတ်ကြာ ထိန်းသိမ်းထားပြီးနောက် ၎င်းတို့ နှစ်ဦးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ အင်းစိန်အကျဉ်းထောင်သည် ညစ်ပတ်ပြီး လူဦးရေ အလွန်အကျွံပြည့်ကျပ်နေသည့် အခြေအနေများ ကြောင့် လူသိများသည်။

 

သို့သော် ကာစတီလို က မိမိကြုံတွေ့ရသည့် အခြေအနေမှာ ထိုသို့မဟုတ်ကြောင်း ပြောသည်။

 

“ကျွန်တော်က ထောင်ထဲမှာ မင်းသား တပါး လို နေခဲ့ရတာပါ။ ကျွန်တော် လိုချင်တာမှန်သမျှ ရပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

 

၎င်းကို သီးသန့်အခန်းတခန်း ပေးထားခဲ့သည်ဟု ဆိုသည်။

 

ထို့အပြင် အွန်လိုင်းလိမ်လည်မှုများကြောင့် ထောင်ကျနေသည့် နိုင်ဂျီးရီးယားနိုင်ငံသားများက စီစဉ်ကျင်းပသည့် ဘုရားဝတ်ပြုဆုတောင်းပွဲများ ကိုလည်း တက်ရောက်ခဲ့သည်။ အစားအသောက်ထုပ်များလည်း လက်ခံရရှိခဲ့ပြီး၊ မိမိ၏ ဆံပင်နှင့် ဦးရေပြားအတွက် သင့်‌ တော်သည် ဟု ယုံကြည်ရသည့် အနီရောင် အလင်းထုတ် ဦးထုပ်ပုံစံ ခေါင်းဆောင်း ကိုလည်း အသုံးပြုခွင့် ရရှိခဲ့သည်။

 

ထို ခေါင်းဆောင်းကို အကျဉ်းထောင်အုပ်ချုပ်ရေးမှူး၏ ရုံးခန်းတွင် ထားရှိထားပြီး မနက်တိုင်းလိုလို ထိုရုံးခန်းသို့သွားကာ အသုံးပြုခဲ့ရသည်။

 

အပြင်ဘက်တွင် တော့ ကာစတီလို လွတ်မြောက်လာရေးအတွက် မိသားစုဝင်များ၊ မိတ်ဆွေများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

 

၎င်း၏ အစ်မဖြစ်သူ အမန်ဒါ ကာစတီလို က ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတခုဖြစ်သည့် Global Reach ကို အကူအညီတောင်းခံခဲ့သည်။ ထိုအဖွဲ့သည် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည် သို့မဟုတ် ပြန်ပေးဆွဲခံထားရသည်ဟု ယုံကြည်ရသော အမေရိကန်နိုင်ငံသားများကို ပြန်လည်ခေါ်ထုတ်နိုင်ရန် ကြိုးပမ်းပေးသည့် အဖွဲ့ဖြစ်သည်။

 

Global Reach သည် အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရှိ ၎င်းတို့၏ အဆက်အသွယ်များကို အသုံးချကာ ကာစတီလို လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီအတွင်းရှိ ၎င်း၏ မိတ်ဆွေ များကလည်း အလားတူ အဆက်အသွယ်များကို အသုံးချ၍ ကူညီဆောင်ရွက်ခဲ့ကြသည်။

 

ထို အချိန်တွင် မြန်မာဘက်က ကာစတီလို ကို ပြန်လွှတ်ပေးရန် ဆန္ဒရှိနေကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများထံ အရိပ်အယောင်များ ပြသ လာခဲ့သည်ဟု ဆိုသည်။

 

သို့သော် အမေရိကန်အစိုးရ ပိုင်းတွင်လည်း မြန်မာစစ်အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးရန် သင့်မသင့်နှင့် မည်သည့်ဌာနက ဦးဆောင်တာဝန်ယူဆောင်ရွက်မည်ဆိုသည့်အပေါ် မရေမရာ ဖြစ်လာနေသည်။

 

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဘိုလာ က ဒုသမ္မတထံ ဖုန်းဆက်ခဲ့ပြီး၊ ဒုသမ္မတက ထိုကိစ္စကို ထရမ့် ထံ တင်ပြခဲ့သည်။ ထရမ့် ၏ ထောက်ခံမှုရရှိပြီးနောက် ကာစတီလို လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် လမ်းပွင့်သွားခဲ့သည်။

 

အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ ကာစတီလို သည် ထရမ့် နှင့် MAGA ကို ထောက်ခံခဲ့ခြင်း ကြောင့် မဟုတ်ဟု ဆိုသည်။

 

စက်တင်ဘာ ၁၆ ရက်နေ့တွင် မြန်မာ ရဲများက ၎င်းကို မြန်မာသို့ ရောက်လာသည့် အမေရိကန်အဖွဲ့က ငှားရမ်းထားသည့် လေယာဉ်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး၊ ထိုအမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း ကာစတီလို က ပြောကြားသည်။

 

မြန်မာစစ် အုပ်စု ကမူ နိုင်ငံအားလုံးနှင့် “ချစ်ကြည်ရင်းနှီးသော သံတမန်ဆက်ဆံရေးများ” တိုးမြှင့်ရန် ရည်ရွယ်၍ ကာစတီလို ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် မင်းအောင်လှိုင်က ရမ်အရက်နှင့် ကော်ဖီများပါဝင်သော သေတ္တာတလုံးကိုလည်း ၎င်းအား လက်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။

 

“သမ္မတ ထရမ့် က ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ။ အခု ကျွန်တော် ဒီနေရာမှာ ရှိနေနိုင်တာဟာ သမ္မတ ထရမ့်ကြောင့်ပါ” ဟု ကာစတီလို က ပြောသည်။

 

၎င်း မြန်မာနိုင်ငံမှ ထွက်လာခဲ့ ပြီး ငါးရက်အကြာတွင် ဒန်နီ ကျော် အား တရားသူကြီးက ပြစ်ဒဏ် ကျခံပြီးသား ကာလကိုသာ ထောင်ဒဏ်အဖြစ် သတ်မှတ်ပြီး ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရသည်ဟု ဒန်နီ ကျော် က ပြောသည်။ ရက်အနည်းငယ်အတွင်း ၎င်းလည်း မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ခဲ့သည်။

 

Misfit ၏ အမှုဆောင်အရာရှိချုပ် အစ္စလမ်ကိုလည်း အင်္ဂါနေ့တွင် စပိန်ရဲတပ်ဖွဲ့က ဘာစီလိုနာ ၌ ဖမ်းဆီးခဲ့သည်။ ၎င်းကို AmCham ကိစ္စနှင့် ဆက်နွှယ်၍ မြန်မာမှ ဖမ်းဆီး ပေးရန် အင်တာပိုလ်ကို အကူအညီ ဝောာင်းခဲ့၍ ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။ အစ္စလမ် ကလည်း Wall Street Journal ထံ ပေးပို့သည့် အသံမက်ဆေ့ချ်တွင် မိမိအနေဖြင့် မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

၂၀၂၆:အောက်တိုဘာ ၁ ရက်နေ့ထုတ် Wall Street journal ၏ "How a Trump-Backed Team Got a Pro-MAGA Businessman Out of a Myanmar Prison" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)