အာတိတ်ဒေသသည် ယခုအခါ အမေရိကန် နှင့် မဟာမိတ်များ အတွက် အရင်ကထက် ပိုပြီး လုံခြုံသည့် နေရာ ဖြစ်လာခဲ့သည်။ ထို့အတွက် ဂုဏ်ပြုရမည် ပုဂ္ဂိုလ်သည်က မိမိကိုယ်ကို ငြိမ်းချမ်းရေးသမားဟု ပြောဆိုနေသည့် သမ္မတ ဒေါ်နယ်ထရမ့်ပင် ဖြစ်သည်။
ထရမ့်သည် နေတိုး၏ မြောက်ဘက်ခြမ်းရှိ ကာကွယ်ရန် ခက်ခဲလှ သော ကျွန်းကြီးဖြစ်သည့် ဂရင်းလန်းအပေါ် ကျရောက်လာနိုင် သော ရန်လို ကျူးကျော်လာမည့် အန္တရာယ်ကို ဖယ်ရှားပေးနိုင်ခဲ့၍ ဖြစ်သည်။
စက်တင်ဘာ ၁၈ ရက်နေ့က ထရမ့်အစိုးရ၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့ ထုတ်ပြန် ကြေညာခဲ့သည့် ကာကွယ်ရေးသဘောတူညီချက် အသစ်သည် အရင်သဘောတူစာချုပ်များထက် အနည်းငယ် တိုးတက်လာ ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ယခု သဘောတူညီချက်အရ အမေရိကန်သည် ကျွန်းပေါ်တွင် စစ်အင်အား ကို စိတ်ရှိလက်ရှိ တိုးချဲ့ လာနိုင်ပြီး တရုတ်၊ ရုရှားနှင့် တခြား ရန်ဘက်များမှ ဂရင်းလန်းမြေပေါ်ကို ကျူးကျော်ဝင်ရောက်လာမည့် အရေးကို ပို၍ ကာကွယ် ထိန်းချုပ်လာနိုင်တော့မည် ဖြစ်သည်။
ထိုသဘောတူစာချုပ်ကို အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လက်မှတ်ရေးထိုးခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ထို ကြိုးပမ်းမှုအတွက် ထရမ့်အနေဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆုကို တော့ မျှော်လင့်မနေသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဂရင်းလန်း ကျွန်းကို ဝယ်ယူခွင့်မရပါက သိမ်းပိုက်မည်ဟု ၎င်းကိုယ်တိုင် ခြိမ်းခြောက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။
အရာရာကို သံသယမျက်လုံးဖြင့် ကြည့်နေကြရသော ယနေ့လို ခေတ်ကာလတွင်၊ စစ်ရေးနှင့်ပတ်သက်သော ခြိမ်းခြောက်ပြောဆိုမှုများသည် လေထဲတွင် လွင့်ပျောက်သွားသည့် ကြွားဝါသံ သာသာမျှ အတွက် နှင့် တော့ ဆုတံဆိပ် ပေးအပ်ရလောက်အောင် ထိုက်တန်သော အကြောင်းပြချက်တော့ မဟုတ်ပေ။
ထရမ့် ကိုယ်တိုင်ချမှတ်ခဲ့ဖူးသော စံသတ်မှတ်ချက်များအရဆိုလျှင် ယခုသဘောတူညီချက်သည် လိုအပ်ချက်မပြည့်မီသေးပေ။
ဇန်နဝါရီလက ဒါဗို့စ်တွင် ကမ္ဘာ့ခေါင်းဆောင်များကို တုန်လှုပ်သွားစေခဲ့သည့် မိန့်ခွန်းအပါအဝင် ဂရင်းလန်းတွင် အမေရိကန်တို့ ဆယ်စုနှစ်ပေါင်းများစွာကြာ အောင် တည်ရှိခဲ့မှုအပေါ် အိမ်ခြံမြေလုပ်ငန်းရှင်တဦး၏ တွေးခေါ်မှုမျိုးဖြင့် ချဉ်းကပ် ပြောဆိုခဲ့သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပြောကြားသော မိန့်ခွန်းတွင် ထရမ့်သည် ဒုတိယကမ္ဘာစစ်အပြီး ဂရင်းလန်းကို ဒိန်းမတ်ထံ ပြန်လည်ပေးအပ်ခဲ့သော ထိုစဉ်က အမေရိကန် သမ္မတ ဟယ်ရီ ထရူးမင်းကို လှောင်ပြောင်ခဲ့သည်။ တကယ်တမ်းတွင် ထရူးမင်း သည် နာဇီဂျာမနီလက်ထဲသို့ ဂရင်းလန်း ကျရောက်မသွားစေရန် ရည်ရွယ်၍ အမေရိကန်တို့ ဝင်ရောက် သိမ်းပိုက်ခဲ့မှုကို အဆုံးသတ်ခဲ့ခြင်းသာ ဖြစ်သည်။
"အဲဒီတုန်းက ကျုပ် တို့ ဘယ်လောက်တောင် မိုက်မဲခဲ့ကြသလဲ" ဟု ထရမ့်က ခပ်မာမာ ပြောဆိုရင်း ဒိန်းမတ်အား ကျေးဇူးမသိတတ်ဟု စွပ်စွဲခဲ့သည်။ ထိုစဉ်က သူသည် ဂရင်းလန်းကို ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ နှင့် တကွ လုံးလျားလျား ပိုင်ဆိုင်ရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ စစ်ပွဲတပွဲ ဖြစ်လာလျှင် "သဘောတူညီချက် ဒါမှမဟုတ် အငှားချ စာချုပ်တခု လောက်နဲ့ ဘယ်သူက ကာကွယ်ချင်မှာလဲ" ဟု လည်း မေးခွန်းထုတ်ခဲ့သည်။
ထရမ့်သာ မဟုတ် ယခင် သမ္မတများလည်း ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်ဟု ပြောမှသာ မျှတရာ ရောက်ပေမည်။
၁၉၄၆ ခုနှစ်တွင် ထရူးမန်း အစိုးရအဖွဲ့၏ အရာရှိများနှင့်စစ်တပ် အကြီးအကဲများက ဂရင်းလန်းသည် မဟာဗျူဟာအရ အလွန်အရေးပါသည်ဟု ယူဆခဲ့ကြပြီး ဒိန်းမတ်ထံမှ ဒေါ်လာ သန်း ၁၀၀ - ယနေ့ငွေကြေးဖြင့် ဒေါ်လာ ၁.၇၁ ဘီလီယံနှင့်ညီမျှသည့် ပမာဏ ဖြင့်- ဝယ်ယူရန်၊ သို့မဟုတ် အလာစကာ၏ အစိတ်အပိုင်းများနှင့် လဲလှယ်ရန် အလေးအနက် စဉ်းစားခဲ့ကြသည်။
ဒိန်းမတ်က ငြင်းဆန်ပြီးနောက်တွင် စစ်အေးကာလ အတွင်းအမေရိကန်သည် ဒိန်းမတ်နှင့် တိုင်ပင်ပြီး ဂရင်းလန်းတွင် အခြေစိုက်စခန်းများကို သဘောရှိ ထိန်းသိမ်းခွင့်ပြုသည့် စာချုပ်မျိုး ဖြင့်သာ အဆင်ပြေအောင် ညှိနှိုင်းခဲ့ရသည်။ ထရူးမင်းနှင့် ၎င်း၏ နောက် သမ္မတများက အရင်ခေတ် အင်အားကြီးနိုင်ငံများ၏ ကိုလိုနီနယ်မြေလုယူမှု ပုံစံမျိုးကို ရှောင်ရှားခြင်းဖြင့် အမေရိကန် အတွက် ပို၍ အကျိုး ကျေးဇူး ရှိလာမည်ဟု မြင်ခဲ့ကြသည်။
ယခုအခါ တွင် တော့ အနောက်ကမ္ဘာခြမ်းမှသည် အရှေ့အလယ်ပိုင်းအထိ နယ်မြေများကို သိမ်းယူမည် ဆိုကာ စိတ်ပါလက်ပါ ပြောဆိုနေသည့် သမ္မတတဦးက အမေရိကန် ကို အုပ်ချုပ် နေပြီ ဖြစ်သည်။
အခြားအစိုးရများ ကံကောင်း နေရသည်က ယခုအချိန်အထိ ထရမ့်သည် ဝေးလံခေါင်သီသည့် နယ်မြေများတွင် အမေရိကန်အလံကို စိုက်ထူပစ်မည် ဆိုသည် ကို စိတ်ကူးယဉ်ပုံရိပ်များ နှင့်သာ ကျေနပ်နေ သော ကြောင့် ဖြစ်သည်။ ၎င်း၏ စိတ်ကူးယဉ် နေမှု များအား အိမ်ဖြူတော်၏ ဆိုရှယ်မီဒီယာ လက်ပါးစေများက AI နှင့် ဖန်တီးပြီး ထုတ်လွှင့် ပေးနေကြရသည်။
လက်ရှိ ဂရင်းလန်းနှင့် ပတ်သက်ပြီး သဘောတူညီချက်သည် ယခင်က ပိုင်ဆိုင် ဖို့ တောင်းဆိုချက်များကို တိတ်တဆိတ် ပြန် ရုပ်သိမ်းပြီး စာသားအနည်းငယ် ပြန်လည်မွမ်းမံထားတဲ့ အငှားစာချုပ်သဘောမျိုးသာ ဖြစ်သည်။
သို့သော် ထရမ့်က ထို သဘောတူညီချက်အသစ်အား အမေရိကန်အတွက် "အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခြင်း" လို့ ခေါ်ဆိုပြီး၊ ယခု အမေရိကန်သည် ဂရင်းလန်း၏ လုံခြုံရေးနှင့် "အခြားလိုအပ်ချက်အားလုံး" ကို ထာဝရ ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။ ဂရင်းလန်းတွင် "စစ်အင်အား အကြီးအကျယ် တည် ဆောက်မည့် အရေး" တွင်လည်း အမေရိကန်ဘက်က တပြားတချပ်မှ ကုန်ကျစရာမလိုဘူး ဟုလည်း ပြောသွားခဲ့သည်။
ထရမ့် ဘာကို ဆိုလိုချင်သည် လဲဆိုသည်က ရှင်းရှင်းလင်း မသိရသေး ပေ။ လူဦးရေ ၆ သန်းသာရှိသည့် ဒိန်းမတ်သည် အမေရိကန်၏ အာတိတ်စစ်စခန်းအတွက် ကုန်ကျစရိတ်အားလုံးကို မည်သို့မျှ ကျခံနိုင်မည် မဟုတ် ပေ။
မည်သို့ပင် ဆိုစေ အနည်းဆုံးတော့ သဘောတူညီမှုတခု ရရှိသွားခဲ့ပြီ ဖြစ်သည်။
ထရမ့်ကဲ့သို့ အိမ်ခြံမြေ လုပ်ငန်းရှင် များ ဖြစ်သော စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရတ် ကပ်ရှ်နာတို့သည် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်သည့် အငြင်းပွားမှု များသည် တကယ်တမ်းတွင် မြေယာနှင့် အရင်းအမြစ် ပိုင်ဆိုင်မှု အပေါ် အငြင်းပွား နေကြခြင်းသာ ဖြစ်ပြီး၊ နှစ်ဖက်စလုံးကို အမြတ်အစွန်းရနိုင်မည့် အခွင့်အလမ်းများ ပေးကမ်းခြင်းဖြင့် ဖြေရှင်းနိုင်သည် ဆိုသော မူကို လက်ကိုင်ထားသူများသာ ဖြစ်သည်။
အစောပိုင်းတွင် ထရမ့်အသိုင်းအဝိုင်းထဲမှ တချို့သည် ဂရင်းလန်း ရေခဲပြင်အောက်တွင် ရှိနေသည့် သတ္တုနှင့် ရေနံ များ တူးဖေါ် ရမည့် စရိတ်စကများ ကြီးမားနေမည် ဆိုသည့် သတိပေးချက်များကို လျစ်လျူရှုပြီး အာဘောင်အာရင်း သန်သန် ဖြင့် ပြောဆိုခဲ့ကြသူ များ ဖြစ်သည်။း
ယခု သဘောတူညီချက်သည် အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ မာကို ရူဘီယို နှင့် လက်ထောက် ဖြစ်သူ မိုက်ခ် နိဒ်ဟမ်းတို့ ဦး ဆောင်ပြီး လပေါင်းများစွာ တိတ်တဆိတ် သံတမန်နည်းနှင့် ဆွေးနွေး၍ ရခဲ့သည့် ရလဒ်ဖြစ်သည်။
မစ္စတာ ထရမ့်က ဆွေးနွေးပွဲများ အပေါ် တလျှောက်လုံး အသံတိတ် နေခဲ့ပြီး ၊ ပြော နေကျ ဘီလီယံနှင့် ချီ အမြတ်အစွန်းများ ရနိုင်သည် ဆိုပြီး ကြွားဝါပြောဆိုခြင်းမျိုးလည်း မလုပ်ခဲ့။ ထွက် ပေါ်လာသည့် ရလဒ်ကိုသာ အောင်ပွဲတခုအနေနှင့် လက်ခံဖို့ ထရမ့်ကို တောင်းပန် နေ သည့် သဘောမျိူးဖြင့်၊ ရူဘီယိုက "ဒီသဘောတူညီချက်ဟာ ဂရင်းလန်းမှာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထာဝရနဲ့ အပြီးအပြတ် ဖြေရှင်းပေးလိုက်တာပါ" လို့ ပြောခဲ့သည်။
မကြာသေးခင်ကအထိ ဒိန်းမတ်လူမျိုးများသည် ဥရောပတိုက်သား များ ထဲတွင် အမေရိကန်ကို အထောက်ခံဆုံးသူ များ ဖြစ်သည်။ မေလမှာ ကောက်ယူခဲ့သည့် စစ်တမ်းတခုအရ အမေရိကန်ကို မဟာမိတ်ဟု သတ်မှတ် ခေါ်ဆိုသူ ၇% သာ ကျန်တော့သည်။
ယခု နှစ်ထဲတွင် ဒိန်းမတ် အစိုးရသည် ပြင်သစ်၏ နျူကလီးယား ထီးရိပ် အောက် နေထိုင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ နေတိုးအဖွဲ့ဝင်ဖြစ်သည့် အခြားဥရောပနိုင်ငံ များ နှင့် အတူ စိတ်ဝင်စားကြောင်း အရိပ်အမြွက် ပြလာခဲ့ကြသည် ။ ယခင်က ဆိုလျှင် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်ဝါဒကို အပြင်းအထန် ထောက်ခံထားသည့် ဒိန်းမတ်သည် ပြင်သစ်ဦးဆောင်သည့် ယခုလိုအစီအစဉ်မျိုးကိုမည်သို့မျှ သဘောတူလက်ခံခဲ့မည် မဟုတ်သည်က အသေအချာပင် ဖြစ်သည်။
သို့သော်လည်း ဂရင်းလန်းအရေးကြောင့် ခြောက်ခြားခဲ့ရ သည့် အဖြစ်က ဥရောပအစိုးရများအား စိတ်အပြောင်းအလဲမြန်သည့် အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချမှ ဖြစ်မည် ဆိုသည့် ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေခဲ့သည်။
နေတိုးအဖွဲ့ဝင်များကလည်း အမေရိကန်လက်နက်များ ဝယ်ယူဖို့ကို နှစ်ခါပြန်စဉ်းစားလာကြ၍ ဥရောပ ရှိ လက်နက် ကုမ္ပဏီကြီးများက ထရမ့်အား ၎င်းတို့ အတွက် အရောင်းသမား ကောင်း အဖြစ် သတ်မှတ် နေကြပြီ ဖြစ်သည်။
ထရမ့် မရှိတော့ရုံနှင့် လည်း ဒဏ်ရာအားလုံး ကျက်သွားမည် မဟုတ်ပေ။
ထရမ့် ကို စိတ်အားထက်သန်စွာ ကာကွယ်ရင်း ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ဒိန်းမတ်ကို မဟာမိတ် ကောင်း တယောက် မဟုတ်ခဲ့ဟု ပြော ဆိုခဲ့သည့် အတွက် အာဖဂန်နစ္စတန်နှင့် အီရတ်တွင် အမေရိကန်နှင့် အတူ တိုက်ပွဲဝင်ရင်း တပ်ဖွဲ့ဝင်များ ဆုံးရှုံးခဲ့ရမှု များကို အ မှတ်ရ နေသည့် ဒိန်းမတ် တို့ အတွက် နာကျင်စရာကောင်းသည့် သင်ခန်းစာတခု ရရှိသွားခဲ့ရသည်။
ထရမ့်က ဂရင်းလန်းကို သူ၏ အမွေအနှစ်တစိတ်တပိုင်းအဖြစ် လိုချင်ခဲ့ပြီး၊ တကယ်လည်း ထိုသို့ ဖြစ်လာခဲ့သည်။ သို့သော် သူ စိတ်ကူးခဲ့သည့် ပုံစံမျိုးနှင့် တော့ မဟုတ်ပေ။
(၂၀၂၆ စက်တင်ဘာ ၁၉ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ Donald Trump drops demands to own Greenland, but the harm has been done ဆောင်းပါးကို ပြန်လည် တင်ပြသည်။)