ပါတီ၏ အဖွဲ့အစည်းပိုင်း ခိုင်မာတည်မြဲလာမှုနှင့် အာဏာချိန်ခွင်လျှာ
ယဉ်ကျေးမှုတော်လှန်ရေး၊ တီယန်မင်ရင်ပြင် အရေးအခင်းကို အင်အားသုံးနှိမ်နင်းမှု သို့မဟုတ် ရှီကျင့်ဖျင်၏ မရပ်မနား ဆက်လက်လုပ်ဆောင်ခဲ့သော ပါတီအတွင်း သုတ်သင်ရှင်းလင်းမှုတို့ကဲ့သို့ ကမ္ဘာကြီးအား တုန်လှုပ်စေမည့် နိုင်ငံရေးဖြစ်ရပ်မျိုး ထိုကာလအတွင်း မဖြစ်ပွားခဲ့ပေ။
ကျန်းဇီမင်းနှင့် ဟူကျင့်ထောင်တို့သည် ပြိုင်ဘက် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တဦးစီကို ထောင်ချခဲ့ကြသော်လည်း အလွန်ရှားပါးသော ဖြစ်ရပ်များ သာ ဖြစ်သည်။
ထိုကာလတလျှောက် တရုတ်နိုင်ငံ အုပ်ချုပ်သူများသည် စည်းမျဉ်းများနှင့် ရေးသားပြဋ္ဌာန်း ထားခြင်း မရှိသော်လည်း အစဉ်အလာအရ လိုက်နာခဲ့ကြသည့် စံနှုန်းများအတိုင်း ၎င်းတို့၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပုံရသည်။
ထိုစည်းမျဉ်းများနှင့် စံနှုန်းများအနက် အရေးအကြီးဆုံးနှင့် အထိရောက်ဆုံး ဖြစ်ပုံရသည့် အချက်များမှာ—
အရာရှိများကို ရွေးချယ်ခန့်အပ်ခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်းတို့တွင် ၎င်းတို့၏ အသက်အရွယ်၊ ပညာရေးအရည်အချင်းနှင့် အုပ်ချုပ်ရေးမှတ်တမ်းတို့ကို အခြေခံခြင်း။ အကျင့်ပျက်ခြစားမှုတွင် ပါဝင်သည်ဟု သံသယရှိသော ပါတီဝင်များကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း။တို့ ဖြစ်ကြသည်။
သေချာသည်မှာ အထက်ပိုင်း အုပ်ချုပ်သူများ၏ လုပ်ဆောင်မှု များကို စည်းမျဉ်းစည်းကမ်းနှင့် ပိုမိုကိုက်ညီစေရန် ပြုလုပ်သည့် အယူအဆသည် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်တွင် ဗဟိုကော်မတီက အတည်ပြုခဲ့သော “ပါတီတွင်း နိုင်ငံရေးဘဝဆိုင်ရာ လမ်းညွှန်ချက်များ” က ထို အချက်ကို သက်သေပြနေသည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပါတီတွင်း အုပ်ချုပ်မှုဆိုင်ရာ တိကျသေချာသော စည်းမျဉ်းအချို့ကိုသာ ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းမှ အလယ်ပိုင်းအထိ ကျန်းဇီမင်း၏ အဓိက ဦးစားပေးလုပ်ငန်းတရပ်မှာ ဒေသန္တရပါတီကော်မတီများ၏ ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဓိကလုပ်ထုံးလုပ်နည်းများကို ထိန်းချုပ်သည့် တိကျသော စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ကြေညာရန် ဖြစ်သည်။
ပါတီ၏ အရေးအပါဆုံး စည်းမျဉ်းအချို့ဖြစ်ကြသည့် ပါတီနှင့် အစိုးရ၏ ဦးဆောင်ပါတီ ကေဒါများအား ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ စမ်းသပ်စည်းမျဉ်းများ (၁၉၉၅) နှင့် တရုတ်ကွန်မြူနစ်ပါတီ စည်းကမ်းနှင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများ (၁၉၉၇) တို့ကို ကျန်းဇီမင်း၏ ခေါင်းဆောင်မှုအောက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပေသည်။ (ပါတီတွင်းနိုင်ငံရေးကို စည်းမျဉ်းများနှင့်အညီ တိုး၍ အကောင်အထည်လာမည့် လုပ်ငန်းစဉ်များအား ဟူကျင် တောင်သည် ကျန်းဇီမင်း ချမှတ်ခဲ့သော ကြားဖြတ်စည်းမျဉ်းများကို အသစ်ပြန်လည်မွမ်းမံပြီး စည်းမျဉ်းအသစ်များကိုပါ ထည့်သွင်း ဖော်ဆောင်လာခဲ့သည်)
ဤစည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ထုံးများပါ ပြဋ္ဌာန်းချက်များသည် ပါတီအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့သည်။ အရာရှိများကို ရွေးချယ်ခန့်အပ်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့တွင် အသက်အရွယ်၊ ပညာအရည်အချင်းနှင့် အုပ်ချုပ်ရေးစွမ်းဆောင်ရည်မှတ်တမ်း (အထူးသဖြင့် စီးပွားရေးစီမံခန့်ခွဲမှုပိုင်း) ကဲ့သို့သော တိုင်းတာ၍ရသည့် အရည်အချင်းများကို ထည့်သွင်းစဉ်းစားလာခြင်းကြောင့် ပါတီ၏ ဒေသန္တရယန္တရားအတွင်းသို့ လူငယ်တို့၏ တက်ကြွမှုနှင့် နည်းပညာကျွမ်းကျင်သူတို့၏ စွမ်းဆောင်ရည်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ကဏ္ဍစုံနှင့် နယ်ပယ်အသီးသီးရှိ အုပ်ချုပ်ရေးအတွေ့အကြုံများကို တန်ဖိုးထားအလေးပေးခြင်းကြောင့်လည်း ပါတီအနေဖြင့် ဘက်စုံ ထူးချွန် သော အရာရှိများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ပြီး ရာထူးတိုးမြှင့်ပေးနိုင်ခဲ့သည်။ ထို့ပြင် ဝါဒရေးရာအပေါ် အလေးထားမှုကို တပြိုင်နက်တည်း လျှော့ချလိုက်ခြင်းကြောင့် သဘောထားကွဲလွဲမှုများသည် ပြင်းထန်သော ဝါဒရေးရာ အငြင်းပွားမှုများအထိ ကူးစက်မသွားတော့ဘဲ မူဝါဒနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အတိုင်းအတာအတွင်း၌သာ ကန့်သတ်ထိန်းချုပ်ထားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ "အရည်အချင်းအခြေပြုစနစ်" (meritocracy) နှင့် အုပ်ချုပ်ရေးဆိုင်ရာ အောင်မြင်မှုများဆိုင်ရာ စည်းမျဉ်းများကို ထက်မြက်သော ဒေသန္တရအရာရှိများက လိမ်လည်လှည့်ဖြားနိုင်ခဲ့ကြသည်။ လေးနှစ်တာ တက္ကသိုလ် ဘွဲ့ တခုခု မရှိကြသည့် အရာရှိများသည် တင်းကျပ်မှုနည်းပါးသော ကောလိပ် သို့မဟုတ် အဝေးသင် သင်တန်း များမှတဆင့် ရရှိခဲ့သော ဒီဂရီများဖြင့် ၎င်းတို့၏ အရည်အချင်းလက်မှတ်များကို တန်ဆာဆင် မြှင့်တင်ခဲ့ကြသည်။
ဥပမာအားဖြင့် ရှီကျင့်ဖျင်သည် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဖူကျန့်ပြည်နယ် အုပ်ချုပ် ရေး မှုး အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နာမည်ကောင်း ဖြင့် ကျော်ကြားလှသော တီ ဆင်ဟွာ တက္ကသိုလ် ၏ အဝေးသင်ပညာရေးအစီအစဉ်မှတဆင့် ပါရဂူဘွဲ့ကို ရယူခဲ့သည်။ မိမိတို့၏ လုပ်ဆောင်မှု မှတ်တမ်းကို တင့်တယ်စေရန် စီးပွားရေးအချက်အလက်များကို အတုအယောင်လုပ်ဆောင်သည့် အလေ့အထမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။
လာဘ်ပေးလာဘ်ယူခြင်းကဲ့သို့သော တရားမဝင်သော နည်းလမ်းများဖြင့် အထက်လူကြီးများနှင့် အဆက်အသွယ် လုပ်ပျိုး ထောင် နိုင်ပါက မိမိ၏ ရာထူးတက်လမ်း အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။
ထိုကဲ့သို့သော အရည်အချင်းအခြေပြုစနစ်သည် နိုင်ငံအဆင့် အရာရှိများထက် ဒေသန္တရအရာရှိများကို ရာထူးတိုးမြှင့်ရာတွင် ပိုမိုတင်းကျပ်စွာ ကျင့်သုံးခဲ့ဟန်ရှိပြီး ပါတီ-နိုင်ငံတော်အတွင်း အရေးအပါဆုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေးရာထူးများကို ထမ်းဆောင်လေ့ရှိသည့် ဗဟိုကော်မတီဝင်များကို ရွေးချယ်ရာတွင် ပံ့ပိုးကူညီသူများ ဆိုလိုသည်မှာ ပါတီ အကြီးအကဲများနှင့် ရင်းနှီးမှုသည် ဆုံးဖြတ်ချက်ချရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထိုသို့ ချို့ယွင်းချက်များရှိသော်လည်း အထက် ခေါင်း ဆောင်အဆင့် နိုင်ငံရေးနှင့်ပတ်သက်သော တရားဝင်စည်းမျဉ်းများနှင့် အတွင်းစည်းမျဉ်းများသည် ပါတီ အတွက် ပိုမိုအရည်အချင်းရှိသောသူများကို စုဆောင်းရန်နှင့် ထိုသူ များကိုလည်း ပါတီ ရှိမှ အကျိုးစီးပွား ရှိနိုင်မည် ဆိုသည့် ခံယူချက် ဖြင့်ပါတီအပေါ် သစ္စာရှိစေရန် ကူညီပေးခဲ့သည်။ အနည်းဆုံးအားဖြင့် ဤစည်းမျဉ်းများနှင့် စံနှုန်းများသည် ပါတီ-နိုင်ငံအတွင်း တက်လမ်းရှိနိုင်မည့် အသက်မွေးဝမ်းကျောင်း တခု ဖြစ်လာရန် ပံ့ပိုးပေးနိုင်ခဲ့သည်။
ရာထူးသက်တမ်းကန့်သတ်ချက်များ (ပုံမှန်အားဖြင့် တူညီသောရာထူးတွင် နှစ်ကြိမ်) နှင့် အသက် ကန့်သတ်ချက်များ (ဒုတိယဝန်ကြီး သို့မဟုတ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးအဆင့်ရှိအရာရှိများအတွက် မဖြစ်မနေအငြိမ်းစားယူရမည့်အသက်မှာ ၆၀ နှစ်ဖြစ်ပြီး၊ ဝန်ကြီးများနှင့် ပြည်နယ် ခေါင်းဆောင် များသည် ၆၅ နှစ်တွင် အငြိမ်းစားယူရမည်) ကို တင်းကျပ်စွာအကောင်အထည်ဖော်ခဲ့ခြင်းကြောင့် အထက်တန်း အဆင့် တွင် လူငယ်မျိုးဆက်များကို အလျင်အမြန် နေရာပေးနိုင်ခဲ့သည်။
ဤသို့ဖြင့် မော်ဝါဒီ ခေတ် ကြုံ တွေ့ရ သော ပြဿနာကို ရှောင်ရှားနိုင်ခဲ့သည်။ ထိုခေတ်တွင် အသက်နှင့် ရာထူးသက်တမ်းကန့်သတ်ချက်များ မရှိခြင်းကြောင့် တော်လှန်ရေး ကာလ ဗိုလ်ချုပ်ကြီးများသည် ရာထူးတွင် အကန့်အသတ်မရှိ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး လူငယ်အရာရှိများ၏ တက်လမ်းကို ပိတ်ဆို့ခဲ့သည်။ စိတ်ပျက်နေကြသော ပါတီနောက်လိုက်များသည် ယဉ်ကျေးမှုတော်လှန်ရေးအစတွင် တော်လှန် ရေး သမား ဟောင်းကြီးများကို ဖြုတ်ချရာတွင် အရေးပါသောအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။
မဖြစ်မနေ အငြိမ်းစားယူ ခိုင်းခဲ့သည့် အရာရှိအများအပြားကို စိတ်ပျက်လက်ပျက် နှင့် အထီးကျန် မသွားရ အောင်၊ ထိုအရာရှိများကို ဒေသအဆင့် ပြည်သူ့ကွန်ဂရက်များ သို့မဟုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်များ (အကြံပေးအဖွဲ့တစ်ရပ်) တွင် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် ဒုတိယတာဝန်ရှိသူများအဖြစ် ခန့်အပ်ပေးခဲ့သည်။
ရှေ့တန်းတာဝန်များမှ အနားယူသွားသော အရာရှိများသည်လည်း အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို ဆက်လက်ရရှိခဲ့ကြသည်။ ထိုအထဲတွင် ရက်ရောသော အငြိမ်းစားခံစားခွင့်များ၊ အစိုးရက ပေးအပ်ထားသည့် အိမ်ရာများနှင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူခွင့် တို့ ပါဝင်သည်။
ထို့အပြင် ၎င်းတို့အနေဖြင့် “အငြိမ်းစားကေဒါများ ဗျူရို” ဟုခေါ်သော အထူးအုပ်ချုပ်ရေးဌာန၏ အကူအညီနှင့် ဝန်ဆောင်မှုများကိုလည်း အားကိုးနိုင်ခဲ့ကြသည်။ ထိုဌာနကို မူလက ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဗဟိုအစိုးရအဆင့်၌ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၈၀ ကျော်ရှိနေပြီဖြစ်သော တော်လှန်ရေးမျိုးဆက်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ၎င်းစနစ်ကို ပါတီ–နိုင်ငံတော် အုပ်ချုပ်ရေးအဆင့်အားလုံးသို့ တိုးချဲ့ခဲ့သည်။ အသက် ၆၀ အစောပိုင်းအရွယ်ပင် ရှိသေးသော အရာရှိအရေအတွက် တဖြည်းဖြည်း များပြားလာခြင်းနှင့်အတူ ၎င်းတို့ကို ဆက်လက်ထောက်ပံ့ထားရန် အလွန်များပြားသော နိုင်ငံတော်အရင်းအမြစ်များကို အသုံးပြုရသော်လည်း၊ ပါတီအနေဖြင့် ထိုကုန်ကျစရိတ်များကို ကာမိအောင် ပေးချေရန် အခက်အခဲမရှိခဲ့ပေ။ အကြောင်းမှာ ထိုအချိန်က လျင်မြန်စွာ တိုးတက်နေသော စီးပွားရေးမှ ရရှိသည့် အခွန်ငွေများကြောင့် နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေကြေးပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။
မော်စီတုန်းနှင့် တိန့်ရှောင်ဖိန် လက်ထက် ကာလများနှင့်မတူဘဲ၊ ကျန်ဇီမင်း တိုက်ရိုက် တာဝန်ယူကွပ်ကဲခဲ့သည့် ကာလ (၁၉၉၃-၂၀၀၂) အတွင်း ခေါင်းဆောင်ပိုင်း နိုင်ငံရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမိုင်း တလျှောက်တွင် ဟူကျင်းထောင် ခေတ် (၂၀၀၃-၂၀၁၂) မှလွဲ၍ အခြားမည်သည့်ကာလတွင်မျှ မရှိဖူးခဲ့သည့် တည်ငြိမ်မှုနှင့် စုပေါင်းခေါင်းဆောင်မှုစနစ်တို့ဖြင့် ထင်ရှားခဲ့သည်။
မော်စီတုန်း ပါတီကို အုပ်ချုပ်စဉ်က ၎င်း၏ သတ်မှတ်ထားသော အရိုက်အရာဆက်ခံသူ နှစ်ဦး ဖြစ်သည့် လျူရှောင်ချီနှင့် လင်း ပြောင် တို့အပါအဝင် ရန်သူများ အား ဖယ်ရှားရန်အတွက် စဉ်ဆက်မပြတ် သန့်စင်ဖြုတ်ချမှုများ ပြုလုပ်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင်လည်း တိန့်ရှောင်ဖိန်သည် မိမိ၏ တပည့်ရင်းများဖြစ်ကြသော ဟူ ယောင်ပန်း နှင့် ကျောက်ကျိယန်တို့အပေါ် စိတ်ပျက်လာခဲ့ခြင်းကြောင့် ၎င်းတို့အား ရာထူးမှ အပြီးအပိုင် ဖယ်ရှားပစ်ခဲ့သည်အထိ ပြုလုပ် လာခဲ့သည်။