ပြည်တွင်းရှိ ကြက်ဥ ဥနှုန်းသည် လူဦးရေ နှင့် မမျှ ဖြစ်နေ၍ ဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်ကြောင်း မည်သည့် စီးပွား ရေး ပညာရှင် တဦးတ လေ မျှ တွေးမိပုံမရ သော သီအိုရီ ကို မင်း အောင်လှိုင်မှ လူသိရှင်ကြား ချပြသွားခဲ့ပြီ ဖြစ်သည်။
နေပြည် တော် တွင် ပြုလုပ်သည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု” အစည်းအဝေး၌ မင်းအောင်လှိုင်က ထို့အတွက် ကြက်ဥဈေးနှုန်း ကြီးမြင့်နေခြင်းမှာ “ဘာမှမဆန်းဘူး” ဟု ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့သည်။ ၎င်းက ကြက်ဥစားသည့် အရေအတွက်နှင့် လူဦးရေ မမျှတခြင်း၊ ဝက်သားစားသုံးမှုနှုန်းနှင့် ထုတ်လုပ်မှု မမျှခြင်းတို့ကို ၎င်းအခေါ် "ပါဝါဝိုင်" power point များ ဖြင့်ပင် တင်ပြသွားခဲ့သည်။
၎င်း မစဉ်းစားမိသည်လား၊ သို့ မဟုတ် လူထု၏ အသိဉာဏ် ကို စော်ကားနေသည်လား တော့ မပြောတတ်။
နိုင်ငံခြားငွေအသုံးစရိတ်ကို ထိန်းချုပ်ရန်အတွက် ပြည်ပကတင်သွင်းရသည့် မွေးမြူရေးအစာကုန်ကြမ်းများ (ဥပမာ- ပဲပုပ်ဖတ်) နှင့် တိရစ္ဆာန်ဆေးဝါး/ကာကွယ်ဆေး တင်သွင်းမှုများကို တင်းကျပ်စွာ ပိတ်ပင်ကန့်သတ် နေသည်များ ကြောင့် ပြည်တွင်းရှိ ဥစားကြက်မွေးမြူသူများသည် အာဟာရမပြည့်ဝသည့် ပြည်တွင်းဖြစ် အစာတုများကို အစားထိုးကျွေးခဲ့ရသဖြင့် ကြက်များ မှိုစွဲခြင်း၊ ဝမ်းပျက်ခြင်းများနှင့် ကြက်သေဆုံးမှုနှုန်း မြင့်မားလာခဲ့သည်။
ကာကွယ်ဆေး ရှားပါးမှုကြောင့် ဥစားကြက်ခြံများတွင် ရောဂါဘယထူပြောပြီး ကြက်ဥထွက်နှုန်း လုံးဝထိုးကျသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ဈေးတက်ရခြင်းမှာ လူဦးရေ တိုးလာ၍မဟုတ်ဘဲ စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် ထုတ်လုပ်မှုကွင်းဆက် ပျက်စီးသွားရခြင်း ဖြစ်သည် ကို တော့ ဆက်စပ် တွေးတောနိုင်စွမ်း မရှိ ဖြစ်နေရှာသည်။
နောက်တကြောင်းက ကြက်ဥတလုံး ထုတ်လုပ်ရန် ကုန်ကျစရိတ်သည် ယခင်ကထက် များစွာမြင့်တက်လာခဲ့သည်။ စက်သုံးဆီဈေး ကြီးမြင့်မှုကြောင့် ကြက်ခြံမှ ဈေးကွက်သို့ သယ်ယူပို့ဆောင်ခ များ မြင့်တက်သွားရသည်။ လျှပ်စစ်မီး ပုံမှန်မရရှိသဖြင့် ကြက်ခြံများကို မီးစက်များဖြင့် လည်ပတ်ရခြင်းကြောင့် စရိတ်စကများ ပိုမိုကုန်ကျလာသည်။
အာဏာမသိမ်းမီက ကြက်ဥတစ်လုံးလျှင် ကျပ် ၁၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၇၀၀ မှ ၁,၀၀၀ အထိ (၇ ဆမှ ၁၀ ဆခန့်) မြင့်တက်သွားခြင်းမှာ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု ကျရှုံးခြင်း ၏ တိုက်ရိုက်ရလဒ်ဖြစ်သည် ကို စဉ်းစားတတ်သူတိုင်း တွေးမိမည် သာ မဟုတ်ပါလား။
ထုံးစံ အတိုင်းပင် ကြက်ဥဈေးနှုန်းကို ကျပ် ၅၅၀ ဝန်းကျင်ဖြင့် အတင်းအကျပ် ဈေးနှုန်းသတ်မှတ် ရောင်းချခိုင်းခဲ့သည်။ မွေးမြူရေးသမားများဘက်တွင် အစာဈေး၊ ဆေးဈေးနှင့် အထွေထွေစရိတ်များကြောင့် အရည်အတွက်ပြည့်မီအောင် မထုတ်လုပ်နိုင်တော့ဘဲ အရှုံးပေါ်လာသဖြင့် ထုတ်လုပ်မှုကို လျှော့ချခြင်း သို့မဟုတ် ခြံပိတ်ပစ်ခြင်းများ လုပ်ဆောင်လာကြသောကြောင့် ဈေးကွက်အတွင်း ကြက်ဥ လုံးဝရှားပါးကာ ဈေးမှာ ပို၍ ပင် ခုန်တက်သွားခဲ့ရပေသည်။
၎င်း ပြောပုံက နိုင်ငံ၏ လူဦးရေသည် အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ရုတ်တရက် အဆမတန် တိုးပွားလာသယောင် ဖြစ်နေသည်။ သို့သော်လည်း စစ်ပွဲများကြောင့် ပြည်တွင်းစစ်ဘေးဒုက္ခသည် (IDP) သန်းနှင့်ချီ တိုးပွားလာခြင်း၊ ပြည်ပသို့ ထွက်ခွာသူ များပြားလာခြင်းတို့ကြောင့် အမှန်တကယ်တွင် ဝယ်ယူစားသုံးနိုင်သည့် လူဦးရေပမာဏ မှာ ယခင်ကထက်ပင် ကျဆင်းသွားခဲ့ရ သည်။
ကြက်ဥဈေးနှုန်း ကြီးမြင့်ရခြင်းမှာ မင်းအောင်လှိုင် ပြောသကဲ့သို့ ပြည်သူများက ကြက်ဥ ပိုမိုစားသုံးလာပြီး လူဦးရေနှင့် မမျှ၍ မဟုတ်ဘဲ၊ ၎င်းကိုယ်တိုင် ချမှတ်ခဲ့သည့် မှားယွင်းသော သွင်းကုန်မူဝါဒ၊ လျှပ်စစ်မီးမပေးနိုင်မှု၊ စက်သုံးဆီဈေး မထိန်းနိုင်မှုနှင့် ငွေကြေးဖောင်းပွမှု တို့ကြောင့် ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရခက်ခဲပြီး ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်ကာ လည်ပတ်မှု ရပ်ဆိုင်းကုန်ခြင်းကြောင့်သာ ဖြစ်ပါသည်။
အိမ်သုံး လျပ်စစ် ပစ္စည်းများလည်း ဝယ်မရအောင် ပြတ်လပ် ကုန်ပြီး ဝယ်ရလျင်ပင် ဈေးနှုန်းက နှစ်ဆ သုံးဆ တက် နေပြီ ဖြစ်သည်။
မင်းအောင်လှိုင်က စစ်အောင်နိုင်ရေးသည်သာ အဓိက အဖြစ် လက်နက် လုံလုံလောက်လောက် ဝယ်ယူ နိုင်ရန် သွင်းကုန်များ ပိတ်ပင်ခြင်း၊ လူငယ်များကို စစ်ထဲ အဓမ္မ ဖမ်းဆီး ခေါ်ဆောင် နေခြင်း သည် လူထု အား မပြောပြ နိုင်လောက်အောင် ထိခိုက်နစ်နာ လာရပြီ ဖြစ်သည်။
၎င်း အဖို့က လမ်းပေါ် ထွက်လာမည့် လူထု ကို မှုစရာ မလို၊ တပ်တွင်း တွင် မည်သူမျှ လေသံပင် မဟရဲ အောင် လုပ်ထား နိုင်က အာဏာတည်မြဲ မည်ဟု ယုံကြည်နေသူ ဖြစ်သည်။ ထိုကြောင့်လည်း ယခုလို အနေအထားမျိုးတွင် မည်သူမျှ မလုပ်ရဲသည်များ ကို အတားအဆီး မရှိ လုပ်ရဲနေခြင်းပင် ဖြစ်သည်။
ဒီဘီဗီ တွင် ဆောင်းပါးရှင် သစ်လွင်က ယခုလို မေးခွန်းထုတ်ထားခဲ့သည်။
အကယ်၍သာ ၂၀၂၀ ပြည့်နှစ်တုန်းက ကျောင်းသားများကို “၂၀၂၆ ခုနှစ်မှာ မင်းတို့ဘယ်နေရာ ရောက်နေမလဲ” ဟု မေးခဲ့ပါက ...
ပြင်ပနိုင်ငံတခုခု တွင် တက္ကသိုလ်ပညာရေးကို အစကနေ ပြန်စကြရ လိမ့်မည်ဟု အဘယ်မည်သော သူက ကြိုတင်တွေးခဲ့ ကြ ပေ မည်နည်း။
ပညာ ရေး တပိုင်းတစ နှင့် မိသားစုဝမ်းရေးအတွက် ရွှေ့ပြောင်းလုပ်သားဘဝနဲ့ ကုန်းရုန်းလုပ်ကိုင်ရလိမ့်မည်ဟု ကော ဘယ်နှစ်ယောက်ကများ မျှော်လင့်ထားခဲ့ကြ ပေမည်နည်း။
မိမိတို့ရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ ဘဝ ထူ ထောင်အခြေချ နိုင်မည့် ဆုံးဖြတ်ချက်တိုင်းသည် စကားပင် လေးလုံး ကွဲအောင် ပီပီသသ မပြောနိုင်သည့် မင်းအောင်လှိုင် လို စစ် ခေါင်းဆောင် နှင့် ၎င်း၏ စစ်မှုမထမ်းမ နေရ သံလက်သီး အောက်မှာပဲ ရွေးချယ် ပုံဖော်ကြရလိမ့်မည်ဟု မည်သူကများ တွေးမိခဲ့ကြပေမည်နည်း ဟု မေးမြန်းထားသည်။
တရုတ်နှင့် ရုရှားသည် စစ်အုပ်စု ကို ကုလသမဂ္ဂတွင် ဗီတိုအာဏာဖြင့် ကာကွယ်ပေးခြင်း၊ စစ်လက်နက် ပစ္စည်း ရောင်းချခြင်းတို့ ပြုလုပ် နေကြသော်လည်း၊ နိုင်ငံရေး အရ အာမခံချက်လည်း မရှိ၊ ပြန်လည်း ရနိုင်စရာ မရှိသည့် "ငွေထုတ်ချေးခြင်း" ကိုမူ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးနှင့် မဟာဗျူဟာအကျိုးအမြတ်အတွက် လုံးဝ (လုံးဝ) ထည့်ပင် မစဉ်းစားကြပေ။ အကယ်၍သာ ထိုသို့ လုပ်ပေးမည်၊ ရင်းနှီးမြုပ်နှံလာကြမည်ဆိုက ၎င်း အတွက် အတော်အတန် အသက်ရှု ချောင်နိုင်ပေသည်။
မင်းအောင်လှိုင်သည် သွားလို့ရသည့် နိုင်ငံများ လှည့်ပြီး ရင်းနှီးမြုပ်နှံကြဖို့ အာ ပေါက် အောင် ပြောဆို စည်းရုံးခဲ့သော်လည်း ၎င်း အုပ်ချုပ်၍ ရ နေသည်က မန္တ လေး နှင့် ရန်ကုန် အကြားတွင်သာ ဖြစ်သည်ကို ကောင်းစွာ သိထားကြ၍ ခွေးတကောင် ကြောင်တမြီး မျှ ပင် ရောက်မလာခဲ့ပေ။
သို့သော် မင်းအောင်လှိုင်သည် အားမလျော့၊ ၎င်းအာဏာသိမ်းမှုနှင့် လွဲမှားသော မူဝါဒများကြောင့် ပျက်စီးယိုယွင်းသွားခဲ့ရသည့် စီးပွားရေးကို ပြန်လည် ဆယ်တင်ရန် အခြား နည်းလမ်းများကို ရှာ ဖွေခဲ့ရှာသည်ဟု ဧရာဝတီ က ထောက်ပြခဲ့သည်။ ဇွန်လအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နိုင်ငံတော် သာယာဝပြောရေးနှင့် ပြည်သူများ ရွှင်လန်းချမ်းမြေ့စေရေးတို့အတွက် ဗုဒ္ဓဂါယာတွင် ဆုတောင်း ပေးခဲ့ခြင်းပင် ဖြစ် ပေ တော့သည်။
၎င်း၏ အကြံအစည်၊ ပေါက်ပန်း ဈေး မူဝါဒများ နှင့် အမိန့်အာဏာများသည် မိုးပေါ်က တိမ်တောင်တိမ်လွှာများ ရုတ်တရက် ပုံစံပြောင်းသွားသကဲ့သို့ မည်သည့်အချိန်တွင် မည်သို့ပြောင်းလဲမည်ကို ပြည်သူများသာမက အနီးကပ်ရှိသူများပင် အလွယ်တကူ မမှန်းဆနိုင်ကြပေ။
ထို့အတွက် ပြည်သူများ အဖို့ ဆရာ မောင်သာရ စကားကဲ့သို့ "ကျဉ်တုတ် ခံဝံ့ မခံဝံ့" ဆိုသည့် စမ်းသပ်မှု များ နှင့် ရှေ့လျောက် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!