သို့သော် စစ်ပွဲက ချက်ချင်းကြီး ရောက်မလာသေးပေ။ သာယာဝတီမင်းသည် တဖက်တွင် ၁၈၃၈-၄၀ ခုနှစ်အတွင်းက အောက်မြန်မာပြည်ရှိ မွန်လူမျိုးတို့ အလုံးအရင်းဖြင့် သူပုန်ထမှုကို နှိမ်နင်းခဲ့ရဖူးသဖြင့် ၎င်းတို့ကို လုံးဝ အားကိုး၍မရနိုင်ကြောင်း ကောင်းစွာ သိရှိထားသည်။ ထို့အပြင် မိမိ၏ စစ်အင်အားသည် ဗြိတိသျှတို့နှင့် စာလျှင် မည်မျှအထိ နိမ့်ကျအားနည်းနေသည်ကိုလည်း သူသိသည်။ တိုင်းပြည်၏ ဆုံးရှုံးသွားသော နယ်မြေဒေသများကို ပြန်လည်မရယူနိုင်ခဲ့ခြင်းကြောင့် သူ၏အစ်ကို ဘကြီးတော်မင်းကဲ့သို့ပင် ပြင်းထန်သော စိတ်ကျရောဂါကို ခံစားခဲ့ရပြီး၊ မိမိကိုယ်ကို သတ်သေရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီးနောက် ၁၈၄၆ ခုနှစ်တွင် ရူးသွပ်ကာ ကွယ်လွန်သွားခဲ့သည်။
ဤသို့ဖြင့် သာယာဝတီ မင်း သည်လည်း မိမိ၏ အစ်ကိုကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကံကြမ္မာ အလှည့်အပြောင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတို့၏ သားကောင် ဖြစ်သွားခဲ့ရပေသည်။
သားအကြီးဆုံးဖြစ်သော ပုဂံမင်းသားသည် ထီးနန်းကို ဆက်ခံခဲ့သည်။ ပုဂံမင်းဟု လူသိများသည်၊ သမိုင်းပညာရှင်များက လုံးဝအကျင့်ပျက်ပြားပြီး စက်ဆုပ်ဖွယ်ကောင်းသော ဘုရင်တပါးအဖြစ် အပြစ်တင်ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။
သူ၏ နန်းသက်ကို မကြာခဏ ကျင့်သုံးလေ့ရှိသည့် နန်းတွင်းထုံးစံအတိုင်း ပြိုင်ဘက်များ၊ ၎င်းတို့၏ ဇနီးများနှင့် ကလေးငယ်များကို လူမြင်ကွင်းတွင် လည်ပင်းညှစ်၍၎င်း၊ တူဖြင့်ရိုက်၍ ၎င်း လူမဆန်စွာ သတ်ဖြတ်ခြင်း အစရှိသည့် သွေးထွက် သံယို မှု များ နှင့် စတင်ခဲ့သည်။
သို့သော်လည်း သူ၏ နန်းစံသက် ပထမနှစ်အနည်းငယ်အတွင်း၌ အုပ်ချုပ်ရေးကို ကောင်းမွန်စွာ ပြန်လည်ဖော်ဆောင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ မြစ်များတလျှောက် လုယက်သတ်ဖြတ်မှုများကို နှိမ်နင်းခဲ့ပြီး၊ ငြိမ်းချမ်းရေးအသွင်သဏ္ဌာန်ကို ပြန်လည် ဖေါ်ဆောင်လာကာ ပုန်ကန်မှုအချို့ကိုလည်း နှိမ်နင်းနိုင်ခဲ့သည်။
တချိန်တည်းမှာပင် ဗြိတိသျှတို့၏ ကိုယ်စားလှယ်ရုံးစိုက်ရာ ကာလကတ္တားမြို့၏ လက်အောက်ခံနိုင်ငံငယ်တခု အဖြစ် ရောက်ရှိနေရမှုကို ကယ်တင်ရန် ဗြိတိန်ဘုရင်မ ဗစ်တိုးရီးယား ထံသို့ တိုက်ရိုက်သံတမန်ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ထိုကြိုးပမ်းမှု မအောင်မြင်ခဲ့သောအခါတွင်မူ သူသည် စိတ်ပျက်လက်ပျက်နှင့် လူ့လောကကို အယုံအကြည်ကင်းမဲ့လာခဲ့ပြီး ကြက်ပွဲများ၊ လက်ဝှေ့ပွဲများနှင့် အရက် သေစာ သောက်စားမူးယစ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံလာခဲ့တော့သည်။ ထိုသို့ဖြစ်လာသည်နှင့်အမျှ အစိုးရယန္တရားမှာ မလွှဲမသွေ ယိုယွင်းလာခဲ့ပြီး နယ်စားစော်ဘွားများမှစ၍ အနိမ့်ဆုံး ပြည်နယ်အရာရှိငယ်များအထိ အဂတိလိုက်စားမှုများမှာ နယ်ပယ်အနှံ့ ထိန်းမရ ကွပ်မရ ကြီးထွားလာခဲ့ပေတော့သည်။
ထိုသို့ ကြီးထွားလာနေသော မငြိမ်သက်မှုများနှင့် ဖရိုဖရဲဖြစ်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ဗြိတိသျှနှင့် မြန်မာတို့အကြား ဒုတိယမြောက်စစ်ပွဲကြီး ပေါ်ပေါက်လာတော့မည့် အလားအလာ များ ထွက်ပေါ် လာခဲ့သည်။ ရန္တပိုစာချုပ်သည် ဗြိတိသျှကုန်သည်များနှင့် ကုန်သွယ်လုပ်ငန်းများ၏ လုံခြုံရေးကို အာမခံချက် ပေးထားခဲ့သည်။ ရန်ကုန်ရှိ ကုန်သည်များနှင့် ကုန်သည်ပွဲစားများသည် မတရားသော အခွန်အခနှိပ်စက်မှုများနှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မဆို ဖိနှိပ်ညှဉ်းပန်းခံရခြင်း မရှိရပေ။
သို့သော် ဗြိတိသျှတို့က မြန်မာအရာရှိများသည်၊ အထူးသဖြင့် မကြာသေးမီနှစ်များအတွင်းက ၎င်းတို့အား အရှက်ခွဲရန်နှင့် မတရားသော အခွန်အတုပ်ဝန်ထုပ်ဝန်ပိုးများဖြင့် ညှဉ်းပန်းနှိပ်စက်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် တမင်သက်သက် လုပ်ဆောင်ခဲ့ကြသည်ဟု ရှူမြင်လာကြသည်။ တဖက်တွင် ထိခိုက်နစ်နာသွားသော မြန်မာတို့၏ အမျိုးသားမာနနှင့် အခြားတဖက်တွင် မာန်မာနထောင်လွှားလှသော ဗြိတိသျှတို့၏ မောက်မာမှုတို့သည် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို လုံးဝ မဖော်ဆောင်ပေးနိုင်ခဲ့ပေ။
အသက် ၃၅ နှစ်အရွယ် စကော့တလန် နယ်သား သူကောင်းမျိုး နွယ် တဦးဖြစ်ပြီး စိတ်မာ ခက်ထန်သည့် နယ်ချဲ့သမားတဦးလည်းဖြစ်သော လော့ဒ်ဒါလ်ဟိုစီ သည် ၁၈၄၈ ခုနှစ်တွင် အိန္ဒိယ၏ ဘုရင်ခံချုပ်အဖြစ် စတင်တာဝန်ယူခဲ့ချိန်မှစ၍ ပန်ချာပီပြည်ရှိ ဆစ်ခ်များကို တိုက်ခိုက် အနိုင်ယူ ခဲ့ပြီး နောက် တွင် ဗြိတိလျှတို့သည် အိန္ဒိယ၏ တဦးတည်းသော အရှင် သခင် ဖြစ်လာခဲ့သည်။
နယ်မြေတိုးချဲ့လိုစိတ် ပြင်းထန်သူတဦးဖြစ်ပြီး အိန္ဒိယ၏ နယ်နိမိတ်များကို အချိန်မရွေး တိုးချဲ့ရန် အသင့်ရှိနေသူ ဖြစ်သည်။ ၁၈၅၁ ခုနှစ်ရောက်သောအခါတွင် အခြားစစ်ပွဲများ ပြီးဆုံးသွားပြီ ဖြစ်၍ လိုအပ်ပါက မြန်မာနိုင်ငံအတွင်းသို့ တပ်များ တဖန်ပြန်လည် စေလွှတ်ရန် စီမံထားခဲ့သည် (သို့သော် သူကိုယ်တိုင်ကမူ ထိုသို့လုပ်ဆောင်ရန်ကို မလိုလားခဲ့ပေ)။
ရန်ကုန်တွင် ဗြိတိသျှ ကိုယ်စားလှယ် မရှိသည်မှာ ၁၀ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ကုန်သည်များက ယခုအခါ တရားမျှတမှုမရှိသော အခွန်အခများ၊ ဆိပ်ကမ်းခများနှင့် ငွေညှစ် သလို ပုံစံမျိုး ကောက်ခံနေမှုများကို ညည်းညူးပြောဆိုလာကြသည်။ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်မှာ ဗြိတိသျှ သင်္ဘော ကက်ပတိန် နှစ်ဦး လူသတ်မှုနှင့် အခြားပြစ်မှုအမျိုးမျိုးဖြင့် စွဲချက်တင်ခံရခြင်းပင် ဖြစ်ပြီး၊ တရားရုံးတင် စစ်ဆေးမှု တစုံတရာ မရှိခဲ့ဘဲ ထောင်ချခံရကာ ဒဏ်ငွေလည်း ကြီးကြီးမားမား ပေးဆောင်ခဲ့ရပေသည်။
ပြစ်ဒဏ် ချမှတ်ခြင်း ခံရသော ကက်ပတိန် နှစ်ဦးက ဒဏ်ကြေးငွေများ ပြန်လည်ရရှိရေးနှင့် မတရား ဖမ်းဆီးချုပ်နှောင်ခံရမှုအတွက် လျော်ကြေးငွေ ပေါင် ၁,၉၂၀ တောင်းခံပေးရန် အိန္ဒိယအစိုးရထံ တင်ပြတောင်းဆိုခဲ့ကြသည်။
လော့ဒ် ဒါလ်ဟိုစီ က မြန်မာတို့ထံမှ တောင်းခံမည့် လျော်ကြေးငွေကို ပေါင် ၉၂၀ သို့ လျှော့ချခဲ့သော်လည်း ဗြိတိန် နိုင်ငံသားများသည် 'မတရားမှု၊ ဖိနှိပ်မှုနှင့် ငွေညှစ် ခံရမှုတို့မှ' မိမိတို့ အစိုးရ၏ အကာအကွယ်ရယူပိုင်ခွင့် ရှိသည်ဟု ဆိုခဲ့သည်။
စိတ်မာခက်ထန်ပြီး တက်တက်ကြွကြွ ရှိလှသော ရေတပ်ဗိုလ်မှူးကြီး လမ်ဘတ်အား စစ်သင်္ဘောအုပ်စုတစုနှင့်အတူ ရန်ကုန်သို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်။ ဦးစွာပထမ ကက်ပတိန် နှစ်ဦးပြောကြားခဲ့သည်မှာ အမှန် ဖြစ်ကြောင်း အတည်ပြုရန်နှင့် ထို့နောက် ရန်ကုန်ရှိ မြန်မာဘုရင်ခံထံမှ လျော်ကြေးပေးဖို့ တောင်းဆိုရန် ဖြစ်သည်။
"အကယ်၍ ၎င်း၏ အကြောင်းပြန်ကြားချက်သည် အဆင်မပြေခဲ့လျှင်လည်း အိန္ဒိယအစိုးရထံမှ တိကျသည့် ညွှန်ကြားချက်များ မရရှိမချင်း ယခုအကြိမ်တွင် မည်သည့် ရန်လိုသည့်လုပ်ရပ်ကိုမျှ မပြုရန်ကို သေချာစွာ နားလည်သဘောပေါက်ထားရမည်" ဟု ဒါလ်ဟိုစီ က အတိအလင်း ညွှန်ကြားခဲ့သည်။
ထို့ကြောင့် ပေါင် ၉၀၀ ကဲ့သို့သော အရေးမပါလှသည့် ကိစ္စလေးတခုနှင့် သင်္ဘော ကက်ပတိန် နှစ်ဦး၏ အချင်းများမှုတို့မှ စစ်ပွဲဖြစ်လာနိုင်ချေရှိသည်ကို ဒါလ်ဟိုစီ သည် ကြိုတင် ခန့်မှန်း နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရန်ကုန်ဘုရင်ခံအနေဖြင့် ဗြိတိသျှတို့၏ တောင်းဆိုချက်များကို လိုက်နာရန် ငြင်းပယ်ခဲ့ပါက သူ့ အနေဖြင့် စစ်မကြေညာမီ မြန်မာဘုရင်ထံသို့ စာတစောင်ကို ဦးစွာ ပေးပို့ရမည် ဖြစ်သည်။