၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် လက်နက်ကိုင်ခုခံမှုများနှင့် ရင်ဆိုင်ရပြီး လူအင်အား ပြတ်လပ်မှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။ ဤပြဿနာကို ဖြေရှင်းရန် စစ်အုပ်စု သည် ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ပြန်လည် အသက်သွင်းခဲ့သည်။ သို့သော် ဤဥပဒေကို အကောင်အထည်ဖော်ရာတွင် တရားဝင် စစ်မှုထမ်းခေါ်ယူခြင်းထက် ခေတ်သစ် ကျွန်အရောင်းအဝယ် ပုံစံဖြင့် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး၊ ရောင်းချပြီး စစ်တပ်ထဲသို့ ထည့်သွင်းနေသည်ဟု Radio Free Asia (RFA) ၏ စုံစမ်းစစ်ဆေးမှုနှင့် စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက ယခုလို ဖော်ပြထားကြသည်။
စစ်မှုထမ်း ခေါ်ယူရေး၏ တကယ့်ပုံစံ
စစ်အုပ်စု သည် ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်တိုင်းတွင် လူဦးရေအချိုးအစားအလိုက် ခွဲတမ်း သတ်မှတ်လာခဲ့သည်။ ထိုခွဲတမ်းကို ဖြည့်ဆည်းရန် အဆင်းရဲဆုံး လူငယ်များကို အဓိက ပစ်မှတ်ထားလာကြသည်။ ချမ်းသာသော မိသားစုများက ၎င်းတို့၏ သားသမီးများကို ငွေပေး၍ ရွေးထုတ် ဝယ်ယူနိုင်သောကြောင့် ဆင်းရဲသားများသာ ဝန်ထုပ်ဝန်ပိုးကို ခံ နေကြရသည်။
လူတဦးကို ရောင်းချသည့် ဈေးနှုန်းမှာ အနည်းဆုံး ကျပ် သန်း ၁၀ (အမေရိကန်ဒေါ်လာ ၂,၅၀၀ ခန့်) မှ စတင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများအတွက် ကျပ် သန်း ၃၀ (ဒေါ်လာ ၇,၅၀၀) အထိ ရှိ နေသည်။ ဤငွေကြေး အကျိုးအမြတ်ကြောင့် အောက်ခြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ရဲနှင့် စစ်တပ်အရာရှိများ၊ အငြိမ်းစား စစ်သားများနှင့် ရာဇဝတ်ဂိုဏ်းများ ပူးပေါင်း၍ လူကုန်ကူးမှု ကွန်ရက်များ အကြီးအကျယ် ဖွဲ့စည်းလာခဲ့ကြသည်။
စစ်တပ်ကို ပြန်လည် ရောင်းချ နိုင်ဖို့ ဖမ်းဆီးပုံ ဖမ်းဆီးနည်းများမှာ အမျိူးမျိုး အဖုံဖုံ ကွဲပြားနေသည်။
အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခြင်း (ဥပမာ— ဆောက်လုပ်ရေး ပစ္စည်းသယ်အလုပ် နေ့စဉ် ကျပ် ၄၀,၀၀၀ ရမည်ဟု ဆွဲဆောင်ခြင်း)၊ လမ်းပေါ်တွင် ရုတ်တရက် ဖမ်းဆီးခြင်း၊ ပြစ်မှု ကျုးလွန်သည်ဟု သံသယရှိသူ သို့မဟုတ် ရာဇဝတ်သားဟု စွပ်စွဲ၍ ဖမ်းဆီးခြင်း တို့ ဖြစ်သည်။
လိုအပ်နေ သော မြို့နယ်၏ ခွဲတမ်းကို ဖြည့်ဆည်း ပေး နိုင်ရန် ဖမ်းဆီးရမိလာသည့် လူငယ်များကို ၎င်းတို့ မူလနေထိုင်သည့် မြို့နယ်/ရပ်ကွက်မှ ထို မြို့နယ်သို့ ခေါ်ဆောင်လာပြီး နိုင်ငံသားစိစစ်ရေးကတ် (ID ကတ်) အသစ် တခု ထုတ်ပေးသည်။ ထို ID ကတ်တွင် ၎င်း၏ နေရပ်လိပ်စာကို အဆိုပါ မြို့နယ် တွင် နေထိုင်သူဟု ပြောင်းလဲ ပေးခဲ့သည်။
ဤသို့ဖြင့် ဖမ်းဆီးခံရသူ လူငယ်သည် ၎င်း နေထိုင်ရာ မြို့နယ်၏ ခွဲတမ်း အတွက် မဟုတ်ဘဲ၊ အသစ်ရွှေ့လိုက်သည့် မြို့နယ် ခွဲတမ်း ကို ဖြည့်ဆည်း ပေးသည့် စစ်မှုထမ်း စာရင်းထဲ ထည့်သွင်းခံခဲ့ရသည်။
ထိုကဲ့သို့ လုပ်ငန်းစဉ်မျိုး သည် အစိုးရအရာရှိများ၏ ပူးပေါင်းပါဝင်မှု မရှိဘဲ မည်သို့မျှမဖြစ်နိုင်ပေ။
ရန်ကုန်မြို့ ဆင်ခြေဖုံးမှ ကိုကောင်း (အမည်လွှဲ) သည် ဆောက်လုပ်ရေးအလုပ်ရမည်ဟု မိတ်ဆွေက ခေါ်ဆောင်သွားရာမှ စတင်ပြီး ရောင်းစားခံရသည်။ ၎င်းအား လှည်းကူးမြို့နယ် ဇရပ်ကွင်း နေ လူတဦးထံ ရောင်းချခံခဲ့ရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်ပြီး ၁၈ ရက်အကြာမှသာ စစ်သင်တန်းကျောင်း ရောက် နေကြောင်း ဖုန်းဆက် အကြောင်းကြားနိုင်ခဲ့သည်။
ဇင်ဝင်းပိုင်သည် ၂၀၂၅ ခုနှစ် မတ်လတွင် တောင်ဒဂုံမြို့နယ်၌ အလုပ်မှ အိမ်ပြန်လာစဉ် ဘတ်စ်ကားစောင့်နေရင်း ဖမ်းဆီးခံရပြီး ကျပ် ၁၅ သန်း ဖြင့် ရောင်းချခံရသည်။ ၎င်းကို လှည်းကူး မြို့နယ် ခြေလျင်တပ်ရင်း ၂၁၃ သို့ ပို့ဆောင်ပြီး နောက်ပိုင်း ရှေ့တန်းသို့ ပို့ခဲ့သည်။ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်တွင် ကျောက်ဖြူ၌ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။
အောင်ကိုကို (အမည်လွှဲ) သည် ထန်းတပင်မြို့နယ်မှ ဂဟေဆော်အလုပ်သမားဖြစ်ပြီး အိမ်ပြန်လာစဉ် ဖမ်းဆီးခံရကာ ကျပ် ၁၂ သန်း ဖြင့် ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွက် ရောင်းစား ခံခဲ့ရသည်။
မိသားစုများက ဖမ်းဆီးခံ ရင်သွေး များကို ငွေပေးကာပြန်လည် ရွေးနုတ် ယူခဲ့ကြရသည်။ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်မှ မိသားစု သည် သားဖြစ်သူကို ပြန်လွှတ်ရန် ကျပ် သန်း ၂၀ ပေးခဲ့ရသည်။ သို့သော် အချို့ကိစ္စများတွင် ငွေပေးပြီးနောက်ပိုင်းတွင်ပင် မလွှတ်ဘဲ စစ်သင်တန်းသို့ ပို့ဆောင်ခံရသည်။
မန္တလေးတိုင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “စစ်တပ်နှင့် ဆက်နွယ်သူများက သံသယရှိသူများကို ဖမ်းဆီးပြီး ကြားပွဲစားများထံ ရောင်းခဲ့ကြသည်။ အဆိုပါပွဲစားများက ကျပ် ၄-၅ သန်း ဖြင့် ဝယ်ယူပြီး ကျပ် ၁၅ သန်းခန့်ဖြင့် ပြန်ရောင်းကြသည်” ဟု ဆိုသည်။ သူကိုယ်တိုင်ပင် သုံးလတစ်ကြိမ် ခွဲတမ်း ပြည့်မီရန် ပွဲစားများထံမှ လူငယ်များကို ဝယ်ယူခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MDSI) ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်မှ စတင်၍ စစ်မှုထမ်းအသစ် ၁၃၀,၀၀၀ ကျော် ခေါ်ယူပြီးဖြစ်သည်။ လစဉ် သင်တန်းကျောင်း ၂၈ ခုတွင် သင်တန်းသားအသစ်များ ပို့ဆောင်နေပြီး ၂၈ ကြိမ်မြောက် သင်တန်းအသုတ်အထိ ရောက်ရှိနေပြီဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က “မိသားစုများကို အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်နေသည်” ဟု ဖော်ပြပြီး ဤအတင်းအဓမ္မ ပျောက်ဆုံးစေမှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဖြစ်နိုင်ကြောင်း စုံစမ်းနေသည်။ စစ်တပ်ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ကိုကိုထွေးပင်လျှင် “ဤသည်မှာ လူကုန်ကူးမှု၏ ကြီးမားလှသော ကွန်ရက်ဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။
ဤစနစ်သည် စစ်မှုထမ်းဥပဒေ၏ အမည်ခံအောက်တွင် လူငယ်များကို ကုန်ပစ္စည်းကဲ့သို့ ရောင်းဝယ်နေခြင်းဖြစ်သည်။ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဗိုလ်ကြီး (အငြိမ်းစား) နောင်ရိုးက “ဤသည်မှာ ခေတ်သစ် ကျွန်စနစ်ဖြစ်သည်။ လူများကို ကုန်ပစ္စည်းကဲ့သို့ ရောင်းဝယ်ပြီး ငွေကြေးအကျိုးအမြတ်အတွက် အတင်းအဓမ္မ ဖမ်းဆီးနေသည်” ဟု ပြောကြားခဲ့သည်။
မိသားစုများကမူ “ကိုယ့်နိုင်ငံမှာ ကိုယ့်အသက်ကို ငွေပေးပြီး ပြန်ဝယ်ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ တရားမျှတမှုကို မျှော်လင့်စရာ မရှိတော့” ဟု ညည်းညူနေကြသည်။ ဤအဂတိလိုက်စားမှုနှင့် လိမ်လည်မှုများဖြင့် စစ်တပ်သည် လူအင်အားကို တိုးချဲ့နေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှု စွပ်စွဲချက်များက ကြီးထွားသည်ထက် ကြီးထွားလာ နေပြီ ဖြစ်သည် ဟု RFA သတင်းက စုံစမ်း ဖေါ်ထုတ်လာခဲ့သည်။
မန္တလေး ဒေသကြီး ရှိ မြို့နယ် ၇ မြိုနယ် တွင် စစ်မှုထမ်း အတွက် မဲနှိုက်ပွဲ ကြီး ပြုလုပ်ရာ မိဘများကိုယ်တိုင် နှိုက်ပေးရသည်၊ မိမိတို့ ရင်သွေး များ သေတွင်း ပို့ခံရမည့် အရေး ကို တွေး၍ မဲနှိုက်နေရသည့် ထိုမိဘ များ၏ ရင်တွင်း မည်သို့ ရှိ ပေမည်နည်း၊ လက်များ တုန်ရီ နေကြပေရောမည်၊ ထို ပွဲသို့ လူ ချမ်းသာ သားသမီးများ ၊ အဆက်အသွယ် ကောင်း ရှိသူ များ၊ ထွေအုပ် အိမ်ထောင်စု များ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားပြန်သည်။
မဲမပေါက်၍ လွတ်မည်တော့ မဟုတ်၊ မဲပြား တိ့င်း နံပတ် ပါပြီး ၁ မှ ၅၀ အထိ လူများ အရင်၊ ဥပမာ ၇၅ ကျသူများ နောက် တသုတ် အဖြစ် စာရင်းသွင်း ခံကြရပေသည်။
ဤကဲ့သို့သော စနစ် ကြောင့် စစ်တပ်အတွင်း ထွက်ပြေးသူ ပြေး ဖြစ်လာ၍ စိတ်ဓာတ်ပျက်ပြားလာမှု၊ စည်းကမ်းပျက်ပြားမှု အက်ကြောင်းကြီးများ နက်ရှိုင်းလာ နေပြီး ၎င်းတို့ အပေါ် ပြည်သူလူထု၏ မုန်းတီးရွံရှာမှုက ပိုမို နက်ရှိုင်းလာ နေပြီ ဖြစ်သည်။ ရေရှည်တွင် လူအင်အားသာ တိုးပွားစေသော်လည်း နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာ နေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!