ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲက စစ်အုပ်စု ထင်တိုင်းမပေါက် ဖြစ်လာနေသည်ကို ပြသလျက်ရှိ

by Hla Soewai - Sep 28 2026

စစ်အုပ်စု သည် ကြာသပတေးနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကို ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားပြီး ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ခန့်အပ်လိုက်သည်။ ဤပြောင်းလဲမှုကို ကချင်နှင့် ရခိုင်ပြည်နယ်များရှိ စစ်ဆင်ရေးများ မအောင်မြင်ခဲ့သည့်အတွက် ကိုကိုဦးကို “အထက်သို့ ကန်တင်ခံရခြင်း” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်ဟု ဧရာဝတီ သတင်း တွင် ရေးသားထားသည်။

 

ကိုကိုဦးသည် မကြာသေးမီက စစ်ဆင်ရေးအများအပြားကို ကြီးကြပ်ခဲ့ရသူ ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်သည့် အဓိကစစ်ဆင်ရေးတခုတွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် နေရာအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ယုံမက အကျအဆုံး များစွာဖြင့် တပ်လန်သွားခဲ့ရပြီး၊ ကချင်ပြည်နယ်တွင်လည်း ဗန်းမော်မြို့ကို ထောက်ပံ့ရန် ကြိုးပမ်းသည့် ဧရာဝတီမြစ်ပေါ်ရှိ ရေယာဉ်အုပ်စုနှစ်စုမှ ရေယာဉ် ၂၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားခဲ့ရသည်။

 

ရာထူးမှ ဖယ်ရှားပစ်လိုက်သည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ယခုနှစ် ဧပြီလမှသာ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စစ်အုပ်စု ၏ အပြောအရ စစ်ဖက်တွင် ပြန်လည်တာဝန်ထမ်းဆောင်မည်ဖြစ်သည်ဟု သိရသည်။ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက်ပြီး တပတ်အကြာမှာပင် ဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သော လွှတ်‌ တော် ၏ အတည်ပြုချက်ကို တင်ပြ ရယူခြင်း မရှိဘဲ ဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုကို တိုက်ရိုက်အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

 

စစ်ရေးလေ့လာသုံးသပ်သူများက ဗိုလ်ချုပ်ကြီးကိုကိုဦးသည် ပြည်ထဲရေးဝန်ကြီးအဖြစ် အစိုးရ၏ အဆင့်မြင့်ရာထူးကို တာဝန်ယူရ မည် ဖြစ်သော်လည်း စစ်တပ်အတွင်းရှိ သြဇာကြီးမား‌ လှသော ရာထူးကို ဆုံးရှုံးရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

 

ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးသည် စစ်တပ်တွင် တတိယ အဆင့်မြင့်ဆုံးရာထူးဖြစ်သောကြောင့် ကိုကိုဦးသည် စစ်တပ်အတွင်း ဘေးဖယ်ခံရသလို ဖြစ်သွားခဲ့ရသည်။ 

 

ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေသည် စစ်ဆေးရေးနှင့် စာရင်းစစ် ချုပ်နေရာရောက်သွားပြီ ဖြစ်သည်ဟု သိရသည်။

 

အာဏာသိမ်းပြီးနောက် ငါးနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်ထဲရေးဝန်ကြီးရာထူးကို မထင်လျင် မထင်သလို လူ ပြောင်းလဲခန့်အပ်ခဲ့ရာ ကိုကိုဦးသည် ခြောက်ဦး မြောက် ဖြစ်သည်။

 

လက်ရှိ မြေပြင် အခြေအနေများကလည်း စစ်အုပ်စု အဖို့ ထင်တိုင်း မပေါက် ဖြစ်လာနေသည်။

 

ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ၎င်းတို့၏ တပ်များနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အလွန်ပြင်းထန်နေသည်။ စစ်တွေ-ပုဏ္ဏားကျွန်း တွင် ဖြစ်ပွား နေသော တိုက်ပွဲများသည် စစ်တွေမြို့ ဆင်ခြေဖုံးအထိ နီးကပ်လာနေပြီး မြို့အတွင်းမှပင် လက်နက်ငယ် ပစ်ခတ်သံများကို ကြားနေရသည်။ AA ၏ ထိုးစစ်ဆင်မှုကြောင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ်ရှိ မင်းချောင်းတံတားအနီး အပါအဝင် စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၄ ခုကို AA က သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့အနီးရှိ စစ်အုပ်စု ၏ အရေးပါသော ရွှေမင်းဂံ ရေတပ်စခန်း အနီးတဝိုက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုဘက်မှ တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ ခုခံနေရသည်။ တိုက်ပွဲများ ကြောင့် ပုဏ္ဏားကျွန်းတောင်ပိုင်းရှိ ကျေးရွာသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် AA က နှိုးဆော်ထားသည်။

 

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက် လပေါင်းများစွာ ကြာမြင့်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်းနှင့် မော်တော်ယာဉ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

 

ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်တွင် ကာလရှည် ကြာစွာတိုက်ပွဲဝင်ခဲ့ရသည့် ဒဏ်ရာရလူနာ ၃၀၀ ကျော် အပါအဝင် ရာနှင့်ချီ သော စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကို စစ်သင်္ဘောများဖြင့် မန္တလေးမြို့ရှိ ဒေါက်ကျင်းဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းများသို့ ပြန်လည်ခေါ်ဆောင်လာကြောင်း မြေပြင်သတင်းများအရ သိရသည်။

 

စစ်အုပ်စု သည် ၎င်းတို့ လက်လွှတ် ဆုံးရှုံးထားရသော နယ်မြေများနှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းရှိ လူနေရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် အရပ်သား သေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ တိုးပွားလျက်ရှိသည်။ မြေပြင်စစ်မျက်နှာအသီးသီးတွင် အထိအခိုက် အကျအဆုံးများပြားနေခြင်းကြောင့် စစ်အုပ်စု အနေဖြင့် စစ်မှုထမ်းဥပဒေကို အသုံးပြု၍ တပ်သားသစ်စုဆောင်းရန် ပြင်းပြင်းထန်ထန် ဖိအားပေး လုပ်ဆောင်နေရဆဲ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

( ပုံတွင် မင်းချောင်းတံတားတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် တပ်မ (၁၀၁) တံဆိပ်ပါ စစ်ယူနီဖောင်းအချို့ ကို တွေ့နိုင်သည်။)