ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(103)

by Hla Soewai - Sep 28 2026

ပုံမှန်ဆိုရင် ဘွန်သည် စနိုက်ပါသမားတယောက်လို စကားကို တိတိကျကျ၊ ထိထိမိမိ ပြောတတ်သူ ဖြစ်သည်။ ဒီတခါတော့ စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်လိုက်သလို ပြောလာသည့် သူ့စကားတွေကြောင့် ကျွန်တော် ခဏတာ ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့ရသည်။

 

ခဏနေတော့ ကျွန်တော်က ပြောလိုက်သည်။

“မင်းက သူတို့ လုပ်ခဲ့တာ‌ တွေ၊ သူတို့ ရင်ဆိုင်ခဲ့ရတာတွေကို တန်ဖိုးမထားသလို ဖြစ်မနေဘူးလား။ သူတို့က ငါတို့ရဲ့ ရန်သူတွေမှန်း သိပါတယ်။ ဒါပေမဲ့ စစ်သား တွေရဲ့ နှလုံးသား၊ သူတို့ ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ငါနားလည်တယ်။ သူတို့ဟာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်ခုန်နေကြတာ။ မင်းက သူတို့ကို ပြောတာ ကြမ်းလွန်းတယ်"

 

ကျွန်တော့် စကား‌ ကြောင့် သူက ထပ်ရယ်ပြန်သည်။ ဒီတခါတော့ ရယ်သံထဲမှာ သဘောကျ သည့် အရိပ်အယောင် မတွေ့ရ။

 

“ငါက ကိုယ့်ကိုယ်ကိုတောင် ခပ်ကြမ်းကြမ်းပဲ ပြောတတ်တယ်ကွ။ ငါ့ကို လူတယောက်လို့လည်း မခေါ်နဲ့။ စစ်သားတယောက်လို့လည်း မခေါ်နဲ့။ နောက်မှာ ကျန်ရစ်ခဲ့တဲ့ကောင်တွေကိုပဲ လူတွေလို့ခေါ်စမ်းပါ။ စစ်သားတွေလို့ ခေါ်စမ်းပါ။ ငါ့တပ်ခွဲထဲက လူတွေကို ပြောတာ။ လူတွေပဲကွာ။အားလုံးသေကုန်ပြီ၊ ဒါမှမဟုတ် ထောင်ထဲရောက်ကုန်ပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ သူတို့ဟာ သူတို့ကိုယ်သူတို့ ယောက်ျား ကောင်း တွေဆိုတာ သိကြတယ်။ သူတို့ကို အန္တရာယ်များတဲ့ကောင်တွေ ဆိုပြီး သေနတ်ကိုင်ထားတဲ့ လူတွေ ကတောင် သူတို့ကို ထောင်ထဲမှာ သော့ခတ်ထားကြတာ။

 

ဒီမှာတော့ ငါတို့ကို ဘယ်သူကမှ မကြောက်ကြဘူး။ ငါတို့ကို ကြောက်မယ့် သူဆိုလို့ ငါတို့မိန်းမတွေနဲ့ ကလေးတွေပဲ ရှိတယ်။ နောက်ပြီး ငါတို့ကိုယ်တိုင်ပေါ့။

 

ဒီကောင်တွေကို ငါသိတယ်။ သူတို့ကို ငါကပဲ အရက်ရောင်း ပေးနေတာ။ သူတို့ပြောတဲ့အကြောင်းတွေကို လည်း ငါကြားနေရတယ်။ အလုပ်ကနေ အိမ်ပြန်ရောက်လာရင် မိန်းမတွေနဲ့ ကလေးတွေကို အော်ဟစ် ဆဲဆိုကြ။ တခါတလေ ရိုက် တောင် ရိုက်သေး တယ်။ ဒါကလည်း သူတို့ကိုယ် သူတို့ ယောက်ျားတွေဖြစ်ကြောင်း ပြချင်လို့ပေါ့။ ဒါပေမဲ့ တကယ်တော့ သူတို့ဟာ ယောက်ျားအစစ်တွေ မဟုတ်ဘူး။

 

ယောက်ျားအစစ်ဆိုတာ ကိုယ့်မိန်းမနဲ့ ကိုယ့်ကလေးတွေကို ကာကွယ်ပေးတတ်ရမယ်။ ကိုယ့်မိန်းမ၊ ကိုယ့်ကလေးတွေ၊ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ရဲဘော်တွေအတွက် အသက်ပေးဖို့ ဝန်မလေးရဘူး။

 

သူတို့အားလုံး ကိုယ့်ရှေ့မှာ သေဆုံးသွားတာကို ထိုင်ကြည့်နေရတဲ့ဘဝမျိုးကို ငါ မရွေးချယ်ဘူး။

 

ဒါပေမဲ့ ငါအခု လုပ် နေခဲ့တာက အဲဒါမျိုး ဖြစ်နေတယ်"

 

“မင်း တပ်ဆုတ်လာခဲ့ရ တာပဲလေ။ ဒီလောက်ပါပဲ” လို့ ကျွန်တော်ပြောပြီး သူ့ပခုံးပေါ် လက်တင်လိုက်သည်။

 

ဘွန် က ကျွန်တော့်လက်ကို ပခုံးပေါ်ကနေ ခါချလိုက်သည်။

သူ့ရင်ထဲက နာကျင်မှုတွေကို ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောနေတာမျိုးကို ကျွန်တော် တခါမှ မမြင်ခဲ့ဘူး ပေ။ သူ့ကို နှစ်သိမ့်ပေးချင်ပေမယ့် သူက လက်မခံတာကြောင့် ကျွန်တော့်ရင်ထဲ ပို ၍ပင် နာကျင်မိသည်။

 

“မင်း မိသားစုကို ကယ်ရမှာပဲလေ။ အဲဒါကြောင့် မင်းဟာ ယောက်ျား မပီသတော့တာလည်း မဟုတ်၊ စစ်သား မပီသတော့တာလည်း မဟုတ်၊ တန်ဖိုးလျော့သွားတာ မဟုတ်ဘူး။ မင်းက စစ်သားပဲ။ ဒါကြောင့် စစ်သားလို ပဲ တွေးစမ်းပါ။

 

အခုလို သေဖို့နီးပါး သေချာနေတဲ့ စစ်ဆင်ရေးကို လိုက်သွားပြီး ပြန်မလာနိုင်တာနဲ့၊ တကယ် အောင်မြင်နိုင်မယ့် အခွင့်အရေးရှိတဲ့ နောက်တသုတ်နဲ့ ကျမှ လိုက်သွားတာ—ဘယ်ဟာက ပိုကောင်းမလဲ?”

 

သူက တံတွေးထွေးလိုက်ပြီး ပါးစပ်မှာ ခဲထားတဲ့ စီးကရက်ကို စစ်ဖိနပ်နှင့် နင်းချေလိုက်ပြီး မြေကြီး နှင့် ဖုံးအုပ်ပစ်လိုက်သည်။

 

“ဒီလူအများစု ပြောနေတာလည်း အဲဒါပဲ။ ပြောနေတဲ့လူတွေက အရှုံးသမားတွေ။ အရှုံးသမား တွေ ဆိုတာ ဆင်ခြေ အမြဲရှိတယ်။ အဝတ်အစားတွေ သေသေသပ်သပ်ဝတ်ပြီး စစ်သားလို ဟန်ဆောင်ကြတယ်။ စကားပြောတော့လည်း ရဲရဲ တောက် စစ်သားကြီးတွေလို ပြောကြတယ်။ စစ်သားလို သရုပ်ဆောင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း အိမ်ပြန်ပြီး တိုက်မယ့်လူ ဘယ်နှစ်ယောက်များ ရှိလို့လဲ?

 

ဗိုလ်ချုပ်က စေတနာ့ဝန်ထမ်း လိုက်မယ့်သူတွေကို မေးတယ်။ သုံးယောက်ပဲ ထွက်လာတယ်။

 

ကျန်တဲ့သူတွေကတော့ သူတို့ရဲ့ မိန်းမတွေနဲ့ ကလေးတွေနောက်မှာ ပုန်းနေကြတယ်။ အဲဒီမိန်းမနဲ့ ကလေးတွေနောက်မှာ ပုန်းနေရတာကို ကိုယ့်ကိုယ်ကိုယ် မလုံ ဖြစ်လာ တော့ မိန်းမနဲ့ ကလေးတွေကို ပြန်ရိုက်နှက်ကြပြန်ရော။

 

သူရဲဘောကြောင်တဲ့ လူ တွေကို ဒုတိယ အကြိမ်အခွင့်အရေး ထပ်ပေးလိုက်ရင်လည်း နောက်တခါ ထပ်ပြေးမှာပဲ။ အားလုံးက လေကြီးနေကြတာချည်းပဲ။

 

အခု လူ အများစုလည်း အဲဒီလိုပဲ။ သူတို့ပြောနေတာတွေက ဟန်ဆောင်ပြီး ‌လေလုံး ထွားနေကြတာပဲ။ တကယ်တမ်းတော့ သူတို့ ပြန်တိုက်ဖို့ မသွားရဲကြဘူး။”

 

မင်းက လောကကြီးကို အကောင်းမမြင်တတ်တဲ့ ကောင်ပဲ” လို့ ကျွန်တော် အော်ပစ်လိုက်သည်။ “ဒါဆို မင်းက ဘာအတွက် သေပေးနေတာလဲ။”

 

“ငါက ဘာအတွက် သေပေးရမှာလဲ” လို့ သူက ပြန်အော်သည်။ “ငါသေပေးနေရတာက ငါအခုနေနေတဲ့ ကမ္ဘာကြီးဟာ သေပေးရလောက်အောင် တန်ဖိုးမရှိလို့ကွ။ အကယ်၍ တခုခုက သေပေးရလောက်အောင် တန်ဖိုးရှိတယ်ဆိုရင် မင်းမှာ အသက်ရှင်ဖို့ အကြောင်းပြချက် ရှိသွားပြီပေါ့။”

 

ဒီတခါတော့ ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့။ သူ ပြောသည်က အမှန်တရားပင် ဖြစ်သည်။ အခု သွားမည့် အဖွဲ့လေးအတွက်လည်း ထို့အတူတူပင်။ သူတို့ကိုသူရဲကောင်းလို့ပဲ ဆိုဆို၊ လူမိုက်တွေလို့ပဲ သတ်မှတ်သတ်မှတ်၊ ။ သူတို့ ဘာကောင်တွေပဲဖြစ်ဖြစ်၊ သေဖို့အတွက် မဟုတ်ရင်တောင် အခုတော့ အသက်ရှင်နေထိုင်ဖို့ အကြောင်းပြချက်တခုခု သူတို့မှာ ရှိသွားခဲ့ပြီ။ သူတို့သည် ရည်မှန်းချက်ဟူ၍ မရှိဘဲ ငြည်းငွေ့စရာ ကောင်းလှသည့် အရပ်သားဘဝ၏ နာရေးဝတ်စုံကို စိတ်အားထက်သန်စွာ ချွတ်ပစ်ခဲ့ကြပြီးပြီ။

 

 လည်ပင်းမှာ ဝါ၊ ဖြူ၊ နီ ပုဝါများကို စမတ်ကျကျ ပတ်ထားပြီး အပ်စပ်အောင် ချုပ်ထားသည့် ကျားစင်းရာပါ တောတွင်း စစ်ဝတ်စုံများ၏ ဆွဲဆောင်မှုကို သူတို့ သဘောကျနေကြသည်။ စူပါဟီးရိုးများ၏ ဝတ်စုံတွေလိုပဲ စစ်တပ် တတပ်၏ ခန့်ညားထည်ဝါမှု ကို ဖေါ်ကျူး‌ နေသည်။ သို့သော် စူပါဟီးရိုးတွေလိုပဲ၊ သူတို့ကိုယ်သူတို့ အကြာကြီး လျှို့ဝှက်မထားချင်ကြ။ ကိုယ်ရှိနေမှန်း ဘယ်သူမှမသိရင် ဘယ်လိုလုပ် စူပါဟီးရိုး ဖြစ်နိုင်မှာလဲ။သူတို့အကြောင်း ကောလာဟလတွေက ပျံ့နှံ့နေနှင့်ပြီ။ ယခုလို တောတောင်သဲကန္တာရထဲ လူမစုခင် ၊ ဆန်နီက သူ့၏ ကျရှုံးမှုကို ဝန်ခံခဲ့၍ ကျွန်တော် အနိုင်ရသွားခဲ့သည့် ညကတည်းက၊ ကျွန်တော့်ကို လျှို့ဝှက်ဆန်းကြယ်လှသည့် ဒီ လူတွေအကြောင်း မေးခဲ့ပြီး ဖြစ်သည်။ 

 

ကျွန်တော်တို့ စကားဝိုင်းက ရှေ့ဆက်မတိုးတော့ဘဲ ရပ်သွားခဲ့သည်၊ ဘေးက ကြောင်နက်ကြီးက ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုအပေါ် ကြိတ်ဝမ်းသာနေသလိုမျိုးပင်။ ဗော့ဒ်ကာအရှိန်နဲ့ တိတ်ဆိတ်နေသည့် ကြားထဲတွင် ဆန်နီက လျှို့ဝှက်ကျူးကျော် တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့် လျှို့ဝှက်စစ်တပ်တတပ် အကြောင်း သတင်းများကို စကားစလာသည်။ 

 

ကျွန်တော်က အဲလိုမျိုး ဘာမှမကြားမိပါဘူးလို့ ပြန်ပြောတော့ သူက “လူအကြီး လုပ်မနေပါနဲ့ဗျာ၊ ခင်ဗျားက ဗိုလ်ချုပ်ရဲ့ လူပဲဥစ္စာ” လို့ ပြောသည်။

 

"ကျွန်တော်သာ တကယ်ပဲ ဗိုလ်ချုပ်ရဲ့ လူယုံဆိုရင်၊ ကွန်မြူနစ်တစ်ယောက်ဖြစ်တဲ့ ခင်ဗျားကို ဒီလို လျှို့ဝှက်ချက်တွေ ပိုလို့တောင် ပြောမပြသင့် သေးတယ်" ဟု ရွဲ့ပြီး ပြန် ပြောလိုက်သည်။

 

"ကျွန်တော် ကို ကွန်မြူနစ်လို့ ဘယ်သူပြောလဲ" 

 

ကျွန်တော်က အံ့အားသင့်သွားသည့် ပုံ ဟန်ဆောင်လိုက်ရင်း "ခင်ဗျားက ကွန်မြူနစ် တယောက် မဟုတ်ဘူးလား"

 

"အကယ်၍ ကျွန်တော်သာ ကွန်မြူနစ်အစစ်ဆိုရင်တောင် ခင်ဗျား ကို ဝန်ခံရမလား"

 

ဤသည်က လျှို့ဝှက်တော်လှန်ရေးသမားတယောက်၏ အခက်အခဲပင် ဖြစ်သည်။ စူပါဟီးရိုးတွေလို လိင်ပိုင်းဆိုင်ရာအရ နည်းနည်းတော့ မသင်္ကာစရာကောင်းတဲ့ ဝတ်စုံတွေဝတ်ပြီး ကိုယ့်ကိုယ်ကို ထင်ရှားအောင် မပြချင်တာကြောင့် ကျွန်တော်တို့အဖို့ ကိုယ်ပျောက် အင်္ကျီတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားကြရသည်။ အခုဒီမှာလည်း ဆိုင်းဂုံ မှာ တုန်းက ကဲ့သို့ပင်။

 

ဆိုင်းဂုံတွင် ရှိစဉ်က တခြားလျှို့ဝှက်တော်လှန်ရေးသမားများ နှင့် တိတ်တဆိတ်တွေ့ဆုံသည့် အစည်းအဝေး တိုင်းကို လုံခြုံရာအိမ်များ၏ အောက်သိုးသိုး အနံ့များ၊ လေဝင် လေထွက် မရှိသည့် မြေအောက်ခန်းများထဲမှာ လုပ်ကြရသည်။ ကျွန်တော်လည်း မှောင်ခို ဈေးကွက်က ဝင်လာသည့် အမေရိကန်နိုင်ငံထုတ် လက်ပစ်ဗုံးတွေ ထည့်ထားသည့် သေတ္တာများ ပေါ်မှာ ထိုင်ရင်း ချွေးစို၍ ကပ်နေတဲ့ ချည်သား ခေါင်းစွပ်တခုကို ဆောင်းထားရသည်။ အဲဒီခေါင်းစွပ်က မျက်လုံး တွေမှ လွဲ၍ မျက်နှာတခုလုံး ဖုံးထားနိုင်၍ ဖြစ်သည်။

 

ဖယောင်းတိုင်မီး ဒါမှမဟုတ် ရေနံဆီ မီးအိမ် ၏အလင်းအောက်တွင် ကျွန်တော်တို့သည် တယောက်ကိုတယောက် အမည်ဝှက် တွေ၊ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်၊ အသံနှင့် ၊ မြင်‌‌ နေရသည့် အဖြူထည် မျက်လုံးများကိုသာ မှတ်မိနေကြသည်။

 

အခုတော့ မစ္စမိုရီသည် ဆန်နီ၏ လက်ကို မှီပြီး အေးအေးဆေးဆေး လဲလျောင်းနေတာကို ကြည့်ရင်း ကျွန်တော့်၏ အရာရာကို စုပ်ယူ ဖမ်းစားနိုင်သည့် မျက်လုံးများသည် အရင်လို အဖြူထည် မဟုတ်တော့ဘဲ ဝိုင်၊ ဗော့ဒ်ကာနှင့် ဆေးလိပ်ငွေ့များကြောင့် သွေးနီရောင်လွှမ်းနေပြီဆိုတာ အတတ်ပြောနိုင်ပေသည်။

 

ကျွန်တော်၏ အဆုတ်ကလည်း အခန်းထဲက ဟောင်းနွမ်းအိုက်စပ်နေသည့် လေထုနှင့် ဆေးလိပ်ငွေ့များပြည့်နှက် နေသည့် အခြေအနေနှင့် အဆင်ပြေပြေ ရောနှောညီမျှသွားကြပြီ။ ကော်ဖီစားပွဲပေါ်က ပြာခွက်ကတော့ ဆေးလိပ်တိုများ၊ ခါးသီးသည့် ပြာများ အပြည့်အသိပ် ထည့်ထား နေသည်ကို တိတ်တိတ်လေး ခံနေရရှာသည်။

 

ကျွန်တော်လည်း လက်ထဲမှာ ကျန်နေသေးသည့် ဆေးလိပ်ကို ဝိုင်ပုလင်းထဲ ပစ်ထည့်လိုက်သည်။ ဆေးလိပ်သည် ပုလင်းအောက်ခြေမှာ ကျန်နေ သေးသည့် အရည်ထဲ နစ်မြုပ်သွားရင်း “ရှဲ…” ဆိုသည့် မကျေနပ်သလို၊ အပြစ်တင်သလို အသံသေးသေးလေး ထွက်လာသည်။

 

“စစ်ပွဲက ပြီးသွားပြီလေ” ဟု မစ္စမိုရီက ပြောသည်။ “သူတို့ ဒါကို မသိကြဘူးလား?”

 

ကျွန်တော်က ကောင်းသောညပါလို့ နှုတ်ဆက်ပြီး ထရပ်ဖို့လုပ်ရင်း အဓိပ္ပာယ်နက်နဲသည့် စကားတခွန်း လောက် ပြောချင်နေမိသည်။ ကျွန်တော်မှာ ရှိသည့် အသိ ဉာဏ်ပညာကို မစ္စမိုရီ အထင်ကြီးသွားစေချင်ခဲ့သည်။ —အဲဒီဉာဏ်ပညာ အတွေး အခေါ် မျိုး သူမအနေနှင့် နောက်ထပ်ဘယ်တော့မှ ရရှိနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို လည်း သိသွားစေချင်၍ ဖြစ်သည်။

 

“စစ်ပွဲတွေက ဘယ်တော့မှ ပြီးသွားတယ်ဆိုတာ မရှိဘူး” ဟုကျွန်တော် ပြောလိုက်သည်။

 

“သူတို့ အိပ်ပျော်သွားကြတာပဲ ရှိတယ်။”

 

“ဒါဆို စစ်သားဟောင်းတွေအတွက်လည်း အဲဒီလိုပဲလား?” သူမက မေးသည်။ ကျွန်တော့်စကားကို သဘောကျသွားတဲ့ပုံတော့ မပေါ်။

 

“ဒါပေါ့၊ အဲဒီလိုပဲ” ဆန်နီက ပြောသည်။ “သူတို့ အိပ်မပျော်ဘူးဆိုရင် အိပ်မက်ကို ဘယ်လိုမက်ကြမလဲ?”

 

ကျွန်တော်လည်း တခုခု ပြန်ဖြေမလို့လုပ်ရင်း က ဒါဟာ အဖြေ မလိုတဲ့ မေးခွန်းမှန်း သဘောပေါက်လိုက်၍ ရပ်သွားသည်။

 

မစ္စမိုရီက နမ်းဖို့ သူမရဲ့ ပါးကို ကျွန်တော့်ဘက် လှည့်ပေးသည်။ ဆန်နီကတော့ လက်ဆွဲနှုတ်ဆက်ဖို့ သူ့လက်ကို လှမ်းပေးသည်။ ပြီးတော့ သူက ကျွန်တော့်ကို တံခါးဝအထိ လိုက်ပို့သည်။

 

ကျွန်တော်လည်း ညရဲ့ အေးမြသည့် အမှောင်ထုထဲကို တိုးဝင်ရင်းက အိမ်ပြန်လာခဲ့သည်။ အိပ်ရာထဲ ဝင်လှဲလိုက်တော့ ဘွန်က အပေါ်က သူ့အိပ်စင်ပေါ်မှာ အိပ်ပျော်နေလေပြီ။

 

ကျွန်တော် မျက်လုံးတွေကို ပိတ်လိုက်သည်။ အမှောင်ထဲမှာ ခဏကြာပြီးနောက် ကျွန်တော်သည် မွေ့ရာပေါ်ကနေ အနက်ရောင်မြစ်တစင်းကို ဖြတ်ပြီး ထူးခြားသည့် နိုင်ငံခြားတိုင်းပြည်တခုဆီ လွင့်မျောသွားသည်။ အဲဒီနိုင်ငံကို သွားဖို့တော့ နိုင်ငံကူးလက်မှတ် မလို။

 

ကျွန်တော် ရောက်သွားသည့် နေရာတွင် ထူးဆန်းနက်နဲသည့် အရာများ ပြည့်နှက် နေသည်။ နေထိုင်ကြသူများကိုလည်း အရိပ်အယောင် လို သာ တွေ့နေရသည်။ ကျွန်တော် မှတ်မိတာ တခုပဲ ရှိသည်။ ကျန်တာအားလုံးကို ကျွန်တော့်စိတ်ကနေ ထုတ်ပစ်လိုက်၍ ဖြစ်မည်။

 

မှတ်မိနေသည်က ဧရာမ ပေါက်ပင်ကြီးတပင် ဖြစ်သည်။ ထို ပေါက်ပင်ကြီးသည် ကျွန်တော့်၏ နောက်ဆုံး လဲလျှောင်း ခေါင်းချရာနေရာ ဖြစ်နေပြီး၊ အဆစ်အမြစ်တွေ နာကျင်တောင့်တင်းနေသည့် လူအိုတစ်ယောက်၏ အရေပြားလို ကြမ်းတမ်းနေသည့် သစ်ခေါက်ပေါ်မှာ ကျွန်တော် ပါးကို ကပ်လိုက်သည်။

 

အိမ်မက်ထဲမှာ ပင် အိပ်ပျော်မလို ဖြစ် နေစဉ် ကျွန်တော့်နားရွက်နားက အခေါက်ကြမ်းကြမ်း၊ အဖုအထစ်ထစ် သစ်သားတုံးတခုဟု ထင်ရသည့် အရာကို စမ်းမိသည်။တကယ်တော့ သစ်သားတုံး မဟုတ်ဘဲ နားရွက်တရွက် ဖြစ်နေမှန်း တဖြည်းဖြည်း သိလာခဲ့သည်။

 

နားရွက်သည် ကွေးကောက်ပြီး တောင့်တင်းနေသည်။ အဲဒီနားရွက်ထဲတွင် ကြားနာခဲ့သမျှ သမိုင်းကြောင်း၏ နားဖာချေးများက စိမ်းစိုနေ သည့် ရေညှိများနဲ့ ရောပြီး နားအတွင်းလမ်းကြောင်းတွင် အထပ်ထပ် ပိတ်ဆို့နေသည်။

 

ပေါက်ပင်၏ တဝက်သည် ကျွန်တော့်အပေါ်မှာ မိုးထိုးမြင့်တက်နေပြီး ကျန်တဝက်ကတော့ မြေကြီးအောက်မှာ အမြစ်တွေနဲ့အတူ မမြင်ရဘဲ မြုပ်နေသည်။

 

ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တော့ နားရွက်က တရွက်တည်း မဟုတ်။

 

သစ်ပင်ရဲ့ ထူထပ်ကြီးမားတဲ့ ပင်စည်အခေါက်တစ်လျှောက်နားရွက်တွေ အများကြီးနှင့် ဖောင်းကား ထွက်နေသည်။ ရာနဲ့ချီတဲ့ နားရွက်တွေ။

 

အဲဒီနားရွက်များက ကျွန်တော် မကြားနိုင်သည့် အရာတွေကို နားထောင်နေကြသည်။ ပြီးတော့ ကျွန်တော် မကြားနိုင်ခဲ့တဲ့ အရာတွေကိုလည်း အရင်ကတည်းက နားထောင်ခဲ့ကြပြီးသား ဖြစ်နေကြသည်။

 

အဲဒီနားရွက်တွေကို မြင်ရတဲ့ မြင်ကွင်းက အလွန်ကြောက်စရာကောင်းလွန်းလို့ ကျွန်တော်ဟာ အနက်ရောင်မြစ်ထဲကို တရှိန်ထိုး ပြန်ဆင်းပြေးသွားမိသည်။

 

ကျွန်တော် အိပ်ရာကနေ နိုးလာတော့ တကိုယ်လုံး ချွေးတွေရွှဲပြီး အသက်ရှူမဝ၊ တဟောဟော ဖြစ်နေသည်။ ခေါင်း၏ ဘေးနှစ်ဖက်ကို လက်နဲ့ အားကုန်ဆုပ်ကိုင်ထားမိသည်။

 

စိုစွတ်နေတဲ့ အိပ်ရာခင်းကို ခြေထောက်နဲ့ ကန်ဖယ်လိုက်ပြီး ခေါင်းအုံးအောက်ကိုပါ စစ်ကြည့်ပြီးမှပဲ တုန်တုန်ယင်ယင်နဲ့ ပြန်လှဲနိုင်တော့သည်။

 

နှလုံးကတော့ ခက်ထန် ကြမ်းကြုတ်သည့် ဒရမ်တီးသမားတယောက်က ဒရမ်ကို အားကုန်တီးနေသလို အရှိန်ပြင်းပြင်းနှင့် ဆက်ခုန်နေတုန်းပင် ဖြစ်သည်။

 

ဒါပေမယ့် အနည်းဆုံးတော့—ကျွန်တော့်အိပ်ရာပေါ်မှာ ဖြတ်တောက်ထားတဲ့ နားရွက်တွေ ပြန့်ကျဲနေခြင်းတော့ မရှိခဲ့။ 

 

**************