Central Park အနီး၊ East 77th Street ပေါ်ရှိ တိုက်တန်းလေးတတန်းမှ အဆောက်အအုံ တခု ထဲတွင်ပင် အဝေး တနေရာ ရှိ မြန်မာ တို့၏ ပဋိပက္ခ အက်ကြောင်းကြီးက အတိုင်းသား ထင်ဟပ်ပေါ်လွင်နေသည်။
သဲကျောက်ဖြင့် ဆောက်လုပ်ထားသော အထပ် ငါးထပ် ရှိ ထို အဆောက်အအုံ၏ အပေါ်ဆုံးနှစ်ထပ်ကို မြန်မာစစ်အုပ်စုထံ တာဝန်ခံရသော အရာရှိများက အသုံးပြုနေကြသည်။ အောက်ဆုံးသုံးထပ်မှာမူ ထိုအုပ်စု ကို တရားဝင်မှုမရှိဟု ပယ်ချထားသော သံတမန်တဦး အာဏာစက် ဖြန့်ကြက်ထားရာ နယ်ပယ် ဖြစ်နေသည်။
ထို သံတမန်ကြီးသည် နယူးယောက်တွင် ကိုဗစ် ရောဂါဆိုးကြီး စတင် မွှေနှောက်နေချိန် ၂၀၂၀ တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာခဲ့သည်။ လအနည်းငယ် အကြာတွင်ပင် ၎င်း ကိုယ်စားပြု ပြည်သူ့ အစိုးရ သည် စစ်တပ်၏ ဖြုတ်ချ အာဏာသိမ်း ခြင်း ခံခဲ့ရသည်။
"သူပုန် တပ်ကို ငါ သစ္စာ မခံ ပြီ" ဆိုကာ သူ၏ ရာထူး တွင် နေမြဲ အတိုင်း နေကာ ပြည်သူ့ အစိုးရ က ယုံကြည်စွာ ပေးအပ်ခဲ့သည့် တာဝန် ကို ဦးလည် မသုံ ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဤသို့ဖြင် နိုင်ငံတွင်း ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်းများစွာ မရပ်မနား ရုန်းကန်တိုက်ပွဲဝင်လာခဲ့ရသည့် မြန်မာတို့၏ ဖြစ်စဉ်ကို ကမ္ဘာက မြင်နိုင် ကြားနိုင်မည့် ပြတင်းပေါက်တချပ် သဖွယ် ဖွင့်လှစ်ပေးလာနိုင်ခဲ့သည်။
တချိန်က ၎င်း၏ လက်အောက်ငယ်သား များ ဖြစ်ခဲ့သည့် စစ်တပ် ထောက်ခံသူ အရာရှိများ သော့ခလောက် လာလဲ သွားမည်ကို စိုးရိမ်စိတ် ဖြင့် ရုံးတွင် အစောင့် အရှောက် မရှိဘဲ အပြင်သို့ ထွက်လေ့ မရှိ။ ယခုအခါ ထိုတာဝန်ကို ဆရာဝန်တဦး၊ Uber မောင်းသူ နှစ်ဦးက တာဝန်ယူ ပေးနေသည်။
၂၀၂၁ အာဏာသိမ်းပြီး မကြာမီအချိန်အတွင်း ဝါရှင်တန်ရှိ မြန်မာသံရုံး ယာယီတာဝန်ခံသည် ကိုယ်ထိလက်ရောက် ဝင်ရောက်သိမ်းပိုက်ကာ ကိုယ်စားလှယ်အဖွဲ့ရုံးကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းမှ လူဒါဇင်ပေါင်းများစွာက ရုံးကို ကာကွယ်ရန် ရောက်ရှိလာကြသဖြင့် နောက်ဆုံးတွင် လက်လျော့သွားခဲ့ကြရသည်။
အပေါ်ထပ် မှ ဆင်းလာသော မင်းအောင်လှိုင် သစ္စာခံများက သူနှင့် လှေကား တွင် ဆုံသည့် အခါတိုင်း မျက်နှာကို လွှဲဖယ်သွားကြသည် ဟု ဆိုသည်။
၎င်းတို့အဖို့က သံအမတ်ကြီး လှုပ်ရှားသမျှ နှင့် အဝင်အထွက်ကို နေ့စဉ်လို မျက်ခြေ မပြတ် စောင့်ကြည့်ရင်းသာ အချိန်ကုန်လွန်ခဲ့ကြရ ရှာသည်။ ၎င်းတို့ လက်မှိုင်ချ နေကြရသော်လည်း နေပြည်တော်ရှိ အရှင်သခင်များကမူ သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ဖယ်ရှားနိုင်ရေး ကို ယခုနှစ် အတွင်း အသည်းအသန် လှုပ်ရှား အားထုတ် လာကြသည်။
ကုလ သည် ၎င်း ကိုယ်စားပြု ပြည်သူ့အစိုးရ ကိုသာ တရားဝင် အစိုးရ အဖြစ် စာရင်းသွင်းထားဆဲဖြစ်သည်။
သို့သော် အတုအယောင် ရွေးကောက်ပွဲ ဖြင့် သမ္မတ အဖြစ် ခံယူလာသူ မင်းအောင်လှိုင်ကတော့ ရှီကျင့်ပင်၊ နာရန်ဒါ မိုဒီ၊ ဗလာဒီမာ ပူတင် တို့ နှင့် ကော်ဇော်နီ အပေါ် အတူ တွဲလျှောက်ခွင့် ရပြီ ဆိုကာ သွေးနားထင် ရောက်လာနေချိန်လည်း ဖြစ်သည်။
ဇူလိုင်လ အတွင်း တွင် အာဏာသိမ်း အစိုးရက ကုလ အတွင်း ရေး မှုး ချုပ် အန်တိုနီ ဂူတာရက်စ် ထံ စာရေးသား ပေးပို့လာခဲ့ပြီး ဦးကျော်မိုးထွန်းသည် ဒေါ်လာ ၂.၆ သန်းကို အလွဲသုံးစား ပြုခဲ့ကြောင်း ဖေါ်ပြထားပြီး၊ “ဝရမ်းပြေး”၊ “သူခိုး”၊ “သစ္စာဖောက်” ဟူ၍လည်း မိုးမွှန် အောင် ခေါ် ဝေါ် ဆဲဆိုထားခဲ့သည်။ အင်တာပိုလ်ကိုလည်း ဆက်သွယ် တိုင်တန်းထားပြီဟု ဆိုသည်။
၎င်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ ဘဏ်စာရင်းကိုလည်း အကြိမ်ကြိမ် ရပ်ဆိုင်းပိတ်ပင်ရန် ကြိုးပမ်းခဲ့ကြောင်း ဦးကျော်မိုး ထွန်းက ပြောပြသည်။
၎င်းတို့ အာဏာသိမ်းခဲ့သည့် ၂၀၂၁ အတွင်းမှာပင် စစ်အုပ်စု မှ အသက်ကို ရန်ရှာရန်အထိ ကြိုးပမ်းလာ၍ ကုလ လုံခြုံရေး အဖွဲ့ မှ တလ တာ စောင့်ရှောက်ပေးခဲ့ရပြီး တပတ်တခါ ဈေးဝယ်ထွက် ချိန်တွင်ပင် ကျည်ကာ ဗန်ကား ဖြင့် သွားခဲ့ရသည်ဟု ဆိုသည်။
သူ၏ မိသားစု အတွက်လည်း ထိခိုက်စရာ ဖြစ်လာခဲ့ရသည်။
နယူးယောက်ပြည်နယ် အထက်ပိုင်းတွင် ရှိသော သံအမတ်၏ တရားဝင်နေအိမ်သည် ခဲဓာတ်ပါဝင်သော နံရံသုတ် ဆေး များကြောင့် အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးဖက်မှ တာဝန် ရှိသူတဦးက မိသားစုအနေဖြင့် ထိုအိမ်မှ ပြောင်းရွှေ့သင့်ကြောင်း အကြံပြုခဲ့သည်။
ထိုသို့ ထွက်သွားပါက စစ်အုပ်စု က အိမ်ကို လက်လွှဲရယူသွားမည် ဖြစ်၍ မရွှေ့နိုင်ဟု တင်းခံနေခဲ့သည်။ ထိုအရာရှိက “အဲလို ဆိုရင် တော့ ခင်ဗျားက ကိုယ့် ကလေးကို ကိုယ် စတေးပစ်သလို ဖြစ်နေပြီ” ဟု ပြောခဲ့သည်။
မိသားစုကတော့ ထိုအိမ်မှာပင် ဆက်လက်နေထိုင်ခဲ့ကြပြီး၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းမှ စေတနာ့ဝန်ထမ်းများက နံရံများကို ဆေးအသစ်ပြန်သုတ်ပေးခဲ့ကြသည်။
ယခု အသက် ၇ နှစ်ရှိပြီဖြစ်သော ထိုကလေးငယ်သည် ခဲဓာတ်ညစ်ညမ်းမှုကြောင့် စကားပြောဖွံ့ဖြိုးမှု နောက်ကျနေဆဲဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။ ၎င်းတွင် ဆယ်ကျော်သက်အရွယ် သမီးတဦးလည်း ရှိသည်။
ကုလသမဂ္ဂ ရှိ ၎င်း၏ ရုံးခန်း တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ချိတ်ဆွဲထားပြီး ပြည်သူများ ထံမှ ရရှိထားသော လက်ဆောင်များနှင့် အားပေးစာများအပြင် အခမ်းအနားအမျိုးမျိုးမှ ရရှိထားသော အမည်တပ်ကတ်များကိုလည်း သိမ်းဆည်းထားသည်။ ဤသည်ကလည်း “မိမိသည် မြန်မာ ပြည်သူများ၏ ကိုယ်စားလှယ် အစစ်အမှန် ဖြစ်သည်” ဆိုသည်ကို သတိရ နေစေရန် အတွက် ဖြစ်သည်။
ယခုအချိန်တွင် သူရင်ဆိုင်နေရသော အကြီးမားဆုံး အခက်အခဲများထဲမှ တခုမှာ ငွေ ရေး ကြေးရေး ပြဿနာ ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့၏ ဘဏ်စာရင်းထဲရှိ ငွေကြေးများမှာ တဖြည်းဖြည်း ကုန်ခမ်းလာနေသည်။
ဦးကျော်မိုးထွန်းက အသုံးစရိတ်များကို တလလျှင် ဒေါ်လာ ၂၀ အထိ လျှော့ချထားကြောင်း ပြောသည်။ ဥပမာအားဖြင့် ဥယာဉ်မှုး ကို အနား ပေး လိုက်ရပြီး ယခုအခါ သူ၏နေအိမ်မြက်ခင်းကို ကိုယ်တိုင် မြက်ရိတ်နေသည်။
ထို့အပြင် မိမိကိုယ်တိုင် လစာယူခြင်းကိုလည်း ရပ်တန့်ထားပြီး အစ်ကိုဖြစ်သူထံမှ ထောက်ပံ့ငွေကိုသာ အားကိုးနေရသည်။
“ပြောရရင်တော့ ကျွန်တော် ဘိုင်ပြတ်နေပြီ ပေါ့ဗျာ” ဟု သူက ရယ်ရယ် မော မော ပြောလိုက်သည်။
ယာဉ်မောင်းအတွက် အချိန်ပိုကြေးပေးရမည့် အရေးကို ရှောင်ရှားနိုင်ရန်အတွက် ယခုအခါ သူသည် ကိုယ်စားလှယ်အဖွဲ့ပိုင် အနက်ရောင် Cadillac ကားကို မကြာခဏ ကိုယ်တိုင်မောင်းသွားလာနေသည်။
မကြာသေးမီက နေ့လယ်ပိုင်းတရက်တွင် သူသည် ကုလသမဂ္ဂဌာနချုပ်၌ အစည်းအဝေးတခုကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် ပြင်ဆင်ရမည် ဖြစ်၍ ကားရပ်ထားရာနေရာမှ ကားကို ထုတ်မောင်းလာပြီးနောက် ခဏရပ်လိုက်သည်။
“ခဏလေးနော်” ဟု ပြောကာ ကားပေါ်မှဆင်းပြီး သူပြန်လာချိန်တွင် ကားရပ်ရန်နေရာ တွင် အခြားကား ဝင်မရပ်စေရန် အဖြူရောင် ဘိုလတ်တိုင်အမှတ်အသားတခုကို ကားရပ်နေရာအလယ်တွင် ချထားခဲ့သည်။
သုံးနာရီပင် မပြည့်မီ သူပြန်ရောက်လာသောအခါ တစုံတယောက်က ထိုအမှတ်အသားကို ဖယ်ရှားသွားပြီး ကားကို ဝင်ရပ် ထားသည်။
ကားပတ်ကင် ကို မထိန်းချုပ် နိုင်သော်လည်း ကိုယ်စားလှယ်အဖွဲ့ရုံး ကိုမူ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။
(၂၀၂၆ စက်တင်ဘာ ၂၀ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာပါ "Holding the Fort in Manhattan to Defy Coup Leaders in Myanmar" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)