တိုင်းမ် မဂ္ဂဇင်း မှ တနာရီ ခန့် အင်တာဗျူး လုပ်ဖို့ ချာလီ ကမ်ဘဲလ်က စောင့်ဆိုင်းနေစဉ်တွင် ပထမ ဆုံး ရောက်လာသည်က မင်းအောင်လှိုင် တော့ မဟုတ်၊ ကြည့်မှန်ကြီး တချပ် ဖြစ်နေသည်။
ထို့နောက် ဓါတ်ပုံ ရိုက်ရမည့် အနေအထားကို တောင်းဆို လာသည်၊ စစ်ဦးထုပ် နှင့် အမြဲလို ဖုန်းကွယ် ထားရဟန် ရှိသော ပါးလွှာနေသော ဆံပင် အနားသပ်ကို ဖျောက်ဖျက်နိုင်ရန် ဘယ်ဖက်ကနေ အလင်း ထိုးပေးရန် ဖြစ်သည်။
အရပ်သားအဖြစ်သို့ မရမက ကူးပြောင်းလာရပြီး လူချစ်လူခင်ပေါများစေရန် အားခဲပြီး ဟန်လုပ်ရသည့် အဖြစ်ကို တွေ့နေရသည်။ ဂေါက်သီးရိုက်ရသည်ကို နှစ်သက်ကြောင်း ဝန်ခံထားပြီး (သူ၏ ဟန်းဒီကပ်မှာ ၁၈ ဖြစ်သည်) သို့သော်လည်း မကြာသေးမီက ခါးနာဝေဒနာကြောင့် ဂေါက်ကွင်းသို့ပင် မသွားနိုင် ဖြစ်နေရသည်ဟု ဆိုသည်။
သို့သော် အမြင်တင့်တယ်စေရန် မရမက ကြိုးပမ်းလာ သော ဖေါ်ရွှေ ပျူငှာသည့် ဟန်သည် လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှု သို့မဟုတ် ပိတ်ဆို့အရေးယူခံထားရသည့် ဆွေမျိုးသားချင်းများအကြောင်း လှည့်လာသောအခါတွင်မူ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ မိမိ၏ နေရပ်ကိုပင် အရှိကို အရှိအတိုင်း မပြောနိုင်ဘဲ ပဟေဠိ လုပ် ပြောသွားခဲ့ပြန်သည်။
နိုင်ငံတကာအသိုက်အဝန်း၏ မျက်နှာသာရရန် အသည်းအသန် ကြိုးပမ်းနေသူတဦးအဖို့ ယခုကဲ့သို့ အမှန်တရားကို လှည့်ပတ်ဖုံးကွယ်ခြင်းသည် ဆန်းကြယ်လှသော ဗျူဟာတခုပင် ဖြစ်သည်။
နိုင်ငံ ပေါင်း ကိုး နိုင်ငံ ကို ခြေဆန့်ခဲ့ပြီး ဖြစ်သော်လည်း အားလုံးက မလွှဲမရှောင်သာဘဲ လိုအပ်ချက်အရ ထိတွေ့ဆက်ဆံ နေရသည့် အဖြစ်က ပေါ်လွင် ထင်ရှားလာသည်။ ၎င်း သမ္မတ လုပ်နေသည့် နိုင်ငံတွင် ပြည်တွင်းစစ် ကြောင့် လူ အသေအပျောက် တသိန်း ကျော်လာနေပြီး၊ ၃.၆ သန်း သော လူအများ အိုးအိမ် စွန့်ခွာ ထွက် ပြေး နေကြရသည်။ကမ္ဘာပေါ်တွင် စိတ်ကြွမူးယစ် ဆေးပြားနှင့် ဘိန်း အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်နေရုံသာမက၊ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကမ္ဘာတဝှန်း ရှိ လူများ၏ ဘဏ်အကောင့်များထဲမှ လုယူနေသော “အွန်လိုင်းငွေလိမ်လည်မှု ကပ်ရောဂါကြီး” ၏ ဗဟိုချက်မကြီးလည်း ဖြစ်နေသောကြောင့်တည်း။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ၎င်းအား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့မှု များကို ငြင်းဆိုခဲ့ပြန်သည်။
တိုင်းမ် မဂ္ဂဇင်း မှ မြေပြင် အခြေအနေအရ ဆိုက မင်းအောင်လှိုင်သည် နိုင်ငံ၏ ဧရိယာ တဝက် ၏ သမ္မတ ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။
တိုင်းမ်မဂ္ဂဇင်းသည် မင်းအောင်လှိုင် နှင့်သာမက အမျိုးသားညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ နှင့် ပါ တွေ့ဆုံ မေးမြန်းခဲ့သည်။
"ကျွန် တော်တို့ရဲ့ ဗျူဟာက နယ်မြေချဲ့ထွင်စိုးမိုးရေး၊ လိုအပ်သော လူမှုဝန်ထမ်းလုပ်ငန်းများနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရေးတို့ ဖြစ်သည်ဟု ဒူဝါလရှီးလက ပြောကြားသည်။ 'ထို့အပြင် စစ်အုပ်စု၏ တိုက်ခိုက် နေသည့် ရန်မှ ပြည်သူလူထုကိုလည်း ကာကွယ်ပေးထားပါသည်' ဟု ၎င်းက ဆိုသည်။
အမေရိကန် တို့အတွက် စစ်အုပ်စု နှင့် ဆက်ဆံဖို့ တရုတ်၏ ကြီးထွားလာသည့် ဩဇာအာဏာကို တန်ပြန်ရန်မှာ အဓိကတွန်းအားတရပ်ဖြစ်လာသည်၊ ဘီဂျင်း၏ သံတမန်ရေးရာ ချဉ်းကပ်မှုမှာ ဘက်ပေါင်းစုံသို့ ရမ်းသန်းလုပ်ဆောင် နေခြင်း ဖြစ် ပြီး အကျိုးစီးပွားချင်း အလဲအလှယ်လုပ်သည့် ဒေသတွင်းစနစ်သစ်ဖြင့် အစားထိုးရန် ဖြစ်သည်။
တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်ကို 'မိတ်ဆွေဟောင်း' တဦးအဖြစ် သတ်မှတ်ထားသော်လည်း မင်းအောင်လှိုင်ကို ကျောထောက်နောက်ခံပေးထားသည့်အပြင် တော်လှန်ရေးအင်အားစုများကိုလည်း လက်နက်ထောက်ပံ့ပေးခဲ့သည်။ ဝေဖန်သူများကမူ ဤကဲ့သို့သော လှေနံဓားထစ်မရှိသည့် သံတမန်ရေးရာ ဝေဝါးရှုပ်ထွေးအောင် လုပ်ဆောင်မှု သည် အန္တရာယ် ရှိလာနေသည်ကို မီးမောင်းထိုးပြနေသည်ဟု ဆိုကြသည်။
ဗိုလ်ချုပ် နေဝင်းမှ အာဏသိမ်း သည့် အချိန်တွင် မင်းအောင်လှိုင်သည် ငါးနှစ်သား အရွယ်သာ ရှိသေးသည်။ သူသည် ငယ်စဉ်က ကျောင်းတက်ရန် စိတ်အားထက်သန်ခဲ့သူ မဟုတ်ကြောင်း၊ 'ဒါပေမဲ့ ကျွန်တော့်အမေက ကျွန်တော် ကျောင်းမတက် တက် အောင် လုပ်ခဲ့တယ်' ဟု ပြောသည်။ ဤအချက်ကပင် သူ့အား စာပေကို မြတ်နိုးတန်ဖိုးထားစိတ် ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုပြန်သည်။
နေဝင်း၏ စစ်အုပ်ချုပ်ရေး ယန္တရားကြီးအတွင်း၌ လူလား မြောက်လာခဲ့သူ ဖြစ်၍ စစ်တပ်သည်သာ နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့၏ အုပ်ထိန်းသူအဖြစ် မှတ်ယူထားသည်။ စစ်တပ်သည် နိုင်ငံတော်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်မှုထမ်းများနှင့် မိသားစုဝင်များမှာလည်း ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဤ အချက်ကပင် စစ်တပ်သည် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်ရှိနေမည့် ဒီမိုကရေစီပုံစံ မျိုး ကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်သည်။
တက္ကသိုလ် ပညာ တပိုင်းတစ နှင့် မေမြို့ ဗိုလ်သင်တန်း ကျောင်းကို တက်ရောက်ခဲ့သည်။
သူ၏ အတန်းဖော်များကမူ ပျမ်းမျှအဆင့်ရှိပြီး လူချစ် လူခင် မှု တွင်လည်း ပျမ်းမျှအောက်သာရှိသော စစ်တက္ကသိုလ်ဗိုလ်လောင်းတဦးအဖြစ် အမှတ်ရခဲ့ကြသည်။ သူသည် အေးဆေးတည်ငြိမ်ပြီး စည်းကမ်းရိုသေကာ နိုင်ငံရေးအရ အလွန်သတိကြီးစွာ လှုပ်ရှားတတ်သည့် အရာရှိတဦးဖြစ်ပြီး၊ အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိမှု၊ ရုံးလုပ်ငန်းဆိုင်ရာ ဇွဲနပဲရှိမှုနှင့် စစ်ဘက်ဆိုင်ရာ အထက်တန်းလွှာများကို ဂရုတစိုက် ကိုင်တွယ်ထိန်းကျောင်းခြင်းတို့မှတစ်ဆင့် ဩဇာအာဏာကို တဖြည်းဖြည်းချင်း တည်ဆောက်ယူခဲ့သူ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် NLD ပါတီက နောက်ထပ်တကြိမ် တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရရှိခဲ့ချိန်၌ ၎င်း၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ရန်ညိုး ထားခဲ့မှုသည် ပေါက်ကွဲထွက်လာခဲ့သည်။ ကာတာစင်တာ ၏ စောင့်ကြည့်လေ့လာမှုများအရ မဲရုံစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းတွင် မဲပေးသည့်လုပ်ငန်းစဉ်မှာ 'အလွန်ကောင်းမွန်သည်' သို့မဟုတ် 'ကျိုးကြောင်းဆီလျော်မှုရှိသည်' ဟု အကဲဖြတ်ခဲ့သော်လည်း၊ မင်းအောင်လှိုင်ကမူ ၎င်းရွေးကောက်ပွဲကို 'ဒီမိုကရေစီ သမိုင်းတစ်လျှောက် အရှက်ရစရာအကောင်းဆုံး ရွေးကောက်ပွဲတွေထဲက တခု' ဟု သမုတ်ကာ မဲမသမာမှုများ အကြီးအကျယ် ရှိခဲ့သည်ဟု စွပ်စွဲလာခဲ့သည်။
အာဏာသိမ်း ခဲ့မှု သည်လည်း စစ်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို ဆက်၍ ထိန်းချုပ် ထားနိုင်မှု လက်လွတ် ဆုံးရှုံးရတော့မည့်အပေါ် တုံ့ပြန်လာခဲ့ခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြုပြင်ပြောင်းလဲမှုများသည် ၎င်းတို့၏ ကျယ်ပြန့်လှသော စီးပွားရေးအကျိုးစီးပွားများနှင့် အခွင့်ထူးခံ ဝင်ငွေလမ်းကြောင်းများကို ခြိမ်းခြောက်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နောက်ထပ် ၎င်းအား တွန်းအား ပေးလာခဲ့သည်များက မင်းအောင်လှိုင်သည် မလွှဲမရှောင်သာ အငြိမ်းစားယူရမည့် အနေအထားနှင့် ရင်ဆိုင်နေရခြင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲမကျင်းပမီ ငါးရက်အလိုတွင် ထရမ့်သည် ၎င်းကိုယ်တိုင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့မှု ကို မဲမသမာမှု စွပ်စွဲလာခြင်း၊ ထိုင်းနိုင်ငံမှ ဗိုလ်ချုပ်များသည်လည်း လွန်ခဲ့သော ခုနစ်နှစ်က အာဏာသိမ်းခဲ့ဖူးရာ ၎င်းကို ဆန္ဒပြမှုများနှင့် ပြည်တွင်းမငြိမ်မသက်မှု ကာလ အပိုင်းအခြား တခုသာ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် မကျေမနပ် နှင့် သည်းခံလာသည်ကို တွေ့လာရခြင်း ဆိုသည့် အကြောင်းများပင် ဖြစ်သည်။
သို့သော် ထိုင်း ကဲ့သို့ ဖြစ်မလာခဲ့၊ လူငယ်များ လက်နက်စွဲကိုင် တော်လှန်လာမှု နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ၁၀၂၇ စစ်ဆင်ရေး ဖြင့် စစ်တပ်သည် ပြိုလဲလု မတတ် ဖြစ်သွားခဲ့ရသည်။
မင်းအောင်လှိုင်အတွက် နောက်ဆုံး ကယ်တင်ရှင်မှာ ဘီဂျင်းပင် ဖြစ်လာခဲ့သည်။ သို့သော် ၎င်းကို လက်မခံနိုင် ဖြစ်နေသေး၍ မျက်နှာမပျက်စေရန်အတွက် မင်းအောင်လှိုင်သည် မော်စကိုသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။ "ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း ရုရှားနိုင်ငံက ကျွန်တော်တို့ကို အမြဲတမ်း တသမတ်တည်း ထောက်ခံအားပေးခဲ့ပါတယ်" ဟု သူက ဆိုသည်။
စစ်အုပ်စု နှင့် ပတ်သက်နေသော ငွေလိမ်ဂိုဏ်းများက တရုတ်နိုင်ငံသား သန်းပေါင်းများစွာကို ရဲရဲတင်းတင်း လိမ်လည်လုယက်နေသည့် အဖြစ် နှင့် ရင််ဆိုင်လာရ ချိန်တွင် တော့ ဆင်းရဲမွဲတေသော နိုင်ငံတနိုင်ငံ၏ အာဏာရှင် ပေါက်စ တဦးမှ အရှက်တကွဲ လုပ်လာခြင်းကို အာရှ၏ စူပါပါဝါနိုင်ငံက အဘယ်သို့များ သည်းငြည်း ခံနိုင် ပေမည်နည်း၊ ထို့အတွက်ကြောင့်လည်း ဘီဂျင်းသည် နယ်စပ် ဒေသရှိ လက်နက်ကိုင်များကို စတင်လက်နက်တပ်ဆင်ပေးလာခဲ့သည်။
တုန်လှုပ်ချောက်ချားလာသော မင်းအောင်လှိုင်သည် တရုတ်နိုင်ငံနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လာခဲ့ရပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ၏ အဓိကခေါင်းဆောင်ကြီးများအပြင် အောက်ခြေလိမ်လည်သူ သောင်းနှင့်ချီကိုပါ လွှဲပြောင်းပေးအပ်ခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ဘီဂျင်းသည် သတိကြီးစွာထားသော မဟာမိတ်ဆက်ဆံရေး မူ ဖြင့်အပစ်ရပ်စဲရေးအခြေအနေသို့ ခင်းကျင်း လာခဲ့ပြီး၊ မင်းအောင်လှိုင်အား ဘီဂျင်းသို့ ဖိတ်ခေါ်ကြိုဆိုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေး၍ အပစ်အခတ်ရပ်စဲစေခြင်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် ရာဇဝတ်မှုကွန်ရက်များကို ပြန်လည်ထိန်းချုပ်ရန်ဟူသော တင်းကျပ်သည့် အခြေအနေအပေါ်တွင်သာ အခြေခံထား ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
"မိမိတို့ ဘက်က နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ ပြဿနာတွေကို အတိုင်းအတာတခုအထိ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အချို့ကိစ္စတွေက ဆွေးနွေးနေဆဲ" ဟု မင်းအောင်လှိုင်က ပြောခဲ့သည်။
သို့သော်လည်း ပဋိပက္ခ က ဆက်လက်ဖြစ်ပွား နေဆဲပင် ဖြစ်သည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာလေလေ၊ မင်းအောင်လှိုင်က ပြည်သူများအပေါ် ဖိနှိပ်အကြပ်ကိုင်မှုများကို ပိုမိုတင်းကျပ်လာလေလေ ဖြစ်သည်။
မန္တလေးမြို့ရှိ ဖခင်တဦးက မင်းအောင်လှိုင် တွင်သာမက PDF များကို ပါ စိတ်ကုန်လာသည်ဟု ဆိုသည်။ ၎င်းက "PDF တွေက လူဆိုးဂိုဏ်းဝင်တွေပါပဲ၊ အခုဆိုရင် စစ်တပ်ရော၊ သူတို့ကိုပါ ငွေ ပေးနေရတယ်။ သူတို့ တိုက်ပွဲတွေကို ရပ်သင့်ပြီ။ ဒီမိုကရေစီက အကောင်းဆုံးပေမဲ့ တည်ငြိမ်အေးချမ်းမှုက စစ်ပွဲထက် ပိုကောင်းပါတယ်" ဟု ပြောလာခဲ့သည်။
အမြင်ချင်း ကွဲပြား နေကြသော်လည်း မြန်မာ ပြည်သူ များအား စည်းလုံးစေခဲ့သည့် တခုတည်းသောအချက်မှာ မင်းအောင်လှိုင်အပေါ် မုန်းတီးနေမှု ပင် ဖြစ်သည်။ ၎င်း၏ အမည်ကို ကြားလိုက်ရုံနှင့်ပင် နှာခေါင်းရှုံ့ခြင်း၊ ခေါင်းခါခြင်း သို့မဟုတ် ပါးစပ်ထဲက ကွမ်းတံတွေးနီနီ ရဲရဲများကို စက်ဆုပ်ရွံရှာစွာ ပြစ်ကနဲ ထွေးထုတ်လိုက်ခြင်းတို့ တွေ့လာရသည်။
ယခုထိလည်း တရုတ် သို့မဟုတ် ဗီယက်နမ်နိုင်ငံတို့ကဲ့သို့ အာဏာရှင်စနစ်ကျင့်သုံးသော အစိုးရများနှင့်မတူဘဲ မြန်မာစစ်တပ်သည် စီးပွားရေးအရ အားတက်စရာ တခုတ လေမျှ လုပ်ဆောင် နိုင်စွမ်း မရှိ ဖြစ်နေသည်။ မင်းအောင်လှိုင်သည် "အခြေခံ ကုန်ကြမ်းထုတ်လုပ်မှုမှသည် ကုန်ချောထုတ်လုပ်မှုသို့ ကူးပြောင်းရန်" အကြောင်းများကို စာဖတ် ပြီးသာ ပြောဆိုတတ်သူ ဖြစ်သည်။ ၎င်းအာဏာသိမ်းပြီးချိန်မှစ၍ GDP သည် ၁၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ ဆင်းရဲမွဲတေမှုမှာ နှစ်ဆနီးပါး မြင့်တက်လာကာ၊ ကျပ်ငွေတန်ဖိုးမှာ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကာ ငွေကြေးဖောင်းပွမှုမှာ ပျမ်းမျှ ၂၀ ရာခိုင်နှုန်း ရှိလာခဲ့သည်။ "ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်တာမျိုး လုံးဝမရှိပါဘူး၊ ဒါကပဲ သူတို့ကို တခြားသူတွေနဲ့ သိသိသာသာ ကွာခြားသွားစေတာပါ" ဟု ရှောင် တာနယ် က ဆိုသည်။ "အုပ်ချုပ်ရေးကို ထိန်းချုပ်ဖို့အတွက် ကိရိယာတခုအနေနဲ့ ကာကွယ်ထားဖို့ကလွဲလို့ စီးပွားရေးအတွက် ဘယ်လိုမျှော်မှန်းချက် ရည်မှန်းချက်မှ မရှိပါဘူး" ဟု ပြောခဲ့သည်။
မင်းအောင်လှိုင်က ယခင်က မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ရိုဟင်ဂျာပြန်လည်လက်ခံရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပြန်လည်လျှော့ချနိုင်မှ အကောင်အထည်ဖော် နိုင်မယ် ဆိုတဲ့သဘော ပြောလာသည်။ သူ့စကားအရ—အဲဒီလို တရားရေးဆိုင်ရာ ပြဿနာတွေ မပြေလည်ဘူးဆိုရင် ဖြေရှင်းဖို့ “မဖြစ်နိုင်တဲ့အခြေအနေ” ရောက်သွားမယ် ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား လွတ်ငြိမ်းချမ်းခွင့်ပေးရေး ဖြစ်နိုင်ခြေ ရှိမရှိ ကို "သူ့အပေါ်တွင်သာ မူတည်သည်" ဟု ဆိုခဲ့ပြီး၊ "ကျွန် တော် တို့ ဘက်မှ ပြန်လည် စဥ်းစားသုံးသပ်ရန် အကြောင်းရင်းများ ပေါ်ပေါက်လာပါက" အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား လမ်းလျှောက်စကား ပြောစက် ပိုင်ဆိုင်မှု အပါအဝင် စွဲချက်ပေါင်း မျိုးစုံ ဖြင့် ထောင် ၃၃ နှစ် ချထားခဲ့သော မင်းအောင်လှိုင်က “ကျွန်တော် သူ့အပေါ်မှာ အလွန်တရာကို သက်ညှာခွင့်လွှတ်ပေးခဲ့ပါတယ်” ဟု ရုပ် တည်ကြီးဖြင့် ပြောသွားခဲ့သည်။ “ဒီအခြေအနေအထိ ရောက်မလာအောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။” ဟု ဆိုသည်။
မင်းအောင်လှိုင်က အမေရိကန်အစိုးရအနေနဲ့ သူနဲ့ သူ့သားသမီးများ အပေါ် ချမှတ်ထားသည့် sanctions တွေကို ဓမ္မဓိဋ္ဌာန် ကျကျ ပြန်လည်သုံးသပ်ပေးဖို့လည်း တောင်းဆိုသွားခဲ့သည်။
တိုင်း မဂ္ဂဇင်းက တော့ သူ့ အဖြစ်ချင်ဆုံး ဆန္ဒကို ခေါင်းစဉ် ပေးထားရှာသည်၊ သို့သော် "အနောက် နှင့် ဆက်ဆံရေး တည်ဆောက်လိုသော အာဏာရှင်" ဟူ၍ ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဒီမိုကရေစီ စံနှုန်းများကို ဘေးဖယ်လျက် မဟာဗျူဟာမြောက် ဩဇာလွှမ်းမိုးမှုကိုသာ အလေးပေး ချိန်ဆနေကြချိန်တွင်...မြန်မာပြည်သူများသည် ရုန်းမထွက်နိုင်သော မီးတောက်မီးလျံ များ အကြားတွင် ဆက်လက် လောင်မြိုက်ခံနေကြရပါသည်။
အနိုင်မယူနိုင် ဖြစ် နေသော အာဏာရှင်တဦး၊ လုံးဝအရှုံးမပေးဘဲ တိုက်ပွဲဝင်နေသော တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ချိန်ခွင်လျှာကို တိမ်းစောင်းပေးရန် တွန့်ဆုတ်နေကြသည့် နိုင်ငံတကာ ရပ်တည်မှု များကြားက ကြေကွဲစရာ အကျပ်အတည်းပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံ၏ ဝမ်းနည်းဖွယ်ရာ ကံကြမ္မာသည် နိုင်ငံ မီးဟုန်းဟုန်းတောက်လောင်နေခြင်း တခုတည်းကြောင့် မဟုတ်ဘဲ၊ အားလုံးက မီးကိုသာ အပြိုင်အဆိုင် လောင်စာထဲ့ ပေးနေကြခြင်းသာ ဖြစ်ပြီး ပြာပုံထဲမှ တိုင်းပြည်သစ်တခုကိုမူ ဖန်တီးတည်ဆောက်ပေးနိုင်စွမ်း မရှိကြခြင်းပင် ဖြစ်ပေတော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!