TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် မှားသတဲ့လား

by Hla Soewai - Sep 28 2026

မြန်မာ့လေကြောင်းလိုင်းများ၏ Business Class တွင် စီးနင်း လိုက်ပါလေ့ ရှိသော ခရီးသည်များသည် ၎င်းတို့ အတွက် ထားပေးထားသော မဂ္ဂဇင်းများထဲမှ TIME မဂ္ဂဇင်းသည် ထူးထူးခြားခြား ပျောက်ကွယ် နေသည်ကို သတိထားမိခဲ့ကြသည်။

 

စစ်အုပ်စု ပြန်ကြားရေးအဖွဲ့က TIME မဂ္ဂဇင်း၏ ဆောင်းပါးသည် မဟုတ်မမှန်သော သုံးသပ်ချက်များ၊ ပြင်ပပုဂ္ဂိုလ်များ၏ အင်တာဗျူးများကို ထည့်သွင်းထားသဖြင့် မရိုးသားကြောင်းနှင့် သတင်းစာကျင့်ဝတ် ဖောက်ဖျက်ကြောင်း ထုတ်ပြန်ကာ ပြစ်တင်ရှုတ်ချခဲ့သည်။

 

TIME မဂ္ဂဇင်းကို မြန်မာပြည်တွင်း၌ ပိတ်ပင်ခဲ့ပြီး၊ သတင်းထောက် ချာလီ ကမ်ဘဲလ်ကိုလည်း နာမည်ပျက်စာရင်း သွင်းကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြန်သည်။

 

စင်ကာပူနိုင်ငံရှိ စစ်အုပ်စု သံရုံးတာဝန်ခံက TIME မဂ္ဂဇင်းထံသို့ အဆိုပါ ဆောင်းပါးအား ဝဘ်ဆိုက်ပေါ်မှ ဖြုတ်ချပေးရန် ဖိအားပေး တောင်းဆိုခဲ့သော်လည်း TIME ဘက်က ဖြုတ်ချပေးခြင်း မရှိဘဲ ဆက်၍ တင်ထားသည်။ ၎င်းတို့ ၏ ပြောဆိုမှု များကိုလည်း အရေးအရာ လုပ်၍ တုန့်ပြန်ခဲ့ခြင်းလည်း မရှိ။

 

မင်းအောင်လှိုင်သည် ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိူး မှန်း သိ ဆိုသလို ဖြစ်သွားခဲ့ရသည်၊ သမ္မတ ဘွဲ့ကို ခံယူကာ နိုင်ငံ ကိုးနိုင်ငံ လောက် သွား ခဲ့ပြီး ပထမဆုံး အကြိမ် အဖြစ် ပြည်ပမှ နာမည် ကျော် မဂ္ဂဇင်းကြီး တစောင်ကပင် အင်တာဗျုး ပါရစေ ဟု စင်္ကာပူရှိ ၎င်း၏ သံရုံးကို ချဉ်း ကပ်လာသည်ကို ကံဇာတာ တက်လာပြီဟု အထင် ရောက်ကာ အဘယ် အကြောင်း နှင့် လက်လွှတ်ခံ၍ ဖြစ်ပေမည်နည်း။ သို့‌ သော် ၎င်း ထင်သလို ဖြစ်မလာဘဲ "အာဏာရှင်" ဟု စာလုံးမည်းကြီး များ နှင့် ခေါင်းစဉ် တပ်သုံးနှုန်းခံရခြင်းနှင့် ဝေဖန်ဆန်းစစ်ချက်များ ပါဝင်လာခြင်းကြောင့် ဆပ်ဆပ်ခါ နာသွားခဲ့ရသည်။သည်။ အကယ်၍သာ မည်သို့မျှ မတုန့်ပြန်ဘဲ နေမည် ဆိုက ထိုမျှ လောက် အရှက်တကွဲ ဖြစ်လာစရာ ရှိမည် မဟုတ်ပေ။

 

မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများ လောက်သာ တွေ့ထိ ကျွမ်းဝင်ဖူးကြသူ များ က တိုင်းမ်ကို သတင်းစာ ကျင့်ဝတ် ဖေါက်ဖျက်သည်ဟု ဆိုကာ ပြောဆိုလာခြင်းက ကြားရသူ အပေါင်း ပါးစပ် အဟောင်းသား ဖြစ်ခဲ့ကြရသည်။

 

ကျွန်တော်သည် ကနေဒါ တွင် လွန်ခဲ့သည့် နှစ် နှစ်ဆယ် ကျော် ခန့်က သတင်းစာပညာ ကို ဝါသနာ အလျှောက် ညနေပိုင်း တနှစ် သင်တန်း တက်ရောက်ဆည်းပူးခဲ့ဖူးပါသည်။

 

TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် နိုင်ငံတကာ အဆင့်မြင့် သတင်းစာပညာ လောကတွင် လုံးဝ လုပ်ရိုးလုပ်စဉ် သာ ဖြစ်သည် ဆိုသည်ကို တပ်အပ် သေချာ ပြောနိုင်ပေသည်။ စစ်ကောင်စီဘက်က သတင်းစာကျင့်ဝတ် ဖောက်ဖျက်သည်ဟု စွပ်စွဲသော်လည်း၊ အမှန်တကယ်တွင် TIME သည် လွတ်လပ်သော မီဒီယာတခု၏ အခြေခံမူများကိုသာ တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံတကာ မီဒီယာကြီးများသည် အင်တာဗျူးဖြေဆိုသူ ပြောသမျှကို အမှန်ဟု ယူဆပြီး ပုံနှိပ်လေ့မရှိပါ။ အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်တဦး၏ ပြောကြားချက်များကို ပြည်တွင်း ပကတိအခြေအနေများ၊ ကုလသမဂ္ဂ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဆောင်းပါးအဖြစ် ပေါင်းစပ်ရေးသားလေ့ ရှိသည်။

 

မင်းအောင်လှိုင်က ၎င်းတို့တွင် ဒီမိုကရေစီ လမ်းကြောင်းရှိသည်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ ထားရှိသည်ဟု ပြောလျှင်—သတင်းထောက်က ၎င်းပြောကြားချက်နှင့်အတူ မြန်မာပြည်တွင်း၌ လေကြောင်းမှ ဗုံးကြဲမှုများ၊ အတိုက်အခံများကို ထောင်ချထားမှုများကိုပါ ကမ္ဘာက သိအောင် ပူးတွဲဖော်ပြပေးရသည်။ ဤသည်မှာ လွတ်လပ်သော သတင်းစာပညာ၏ မရှိမဖြစ် တာဝန် ဖြစ်သည်။

 

မင်းအောင်လှိုင် သည် ရုပ်ရှင် မဂ္ဂဇင်းများထဲက မင်းသား၊ မင်းသမီး အင်တာဗျူး လို TIME က မေးခွန်းနှင့် အဖြေ (Q&A Format) သီးသန့်အတိုင်း စာမျက်နှာပေါ်တွင် တလုံးမကျန် ဖော်ပြပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ပုံရသည်။

 

နိုင်ငံတကာတွင် ခေါင်းဆောင်တစ်ဦးကို အင်တာဗျူးလျှင် အမေးအဖြေ သက်သက်ထက် ၎င်း၏ အပြုအမူ၊ လေသံ၊ ရုံးခန်းအပြင်အဆင်၊ ဝေဖန်ဆန်းစစ်ချက်များနှင့် အခြားမျက်မြင်သက်သေများ၏ အမြင်များကို ပေါင်းစပ်ပြီး "ဆောင်းပါးရှည်" (Feature/Profile Article) ပုံစံဖြင့်သာ ရေးသားလေ့ရှိပြီး ယင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်သာ ဖြစ်သည်။

 

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနှင့် ကုလသမဂ္ဂက အသိအမှတ်မပြုထားဘဲ၊ လက်နက်အားကိုးဖြင့် ဓားမိုးအုပ်ချုပ်နေသည့် ခေါင်းဆောင်တဦးကို လွတ်လပ်သော အနောက်နိုင်ငံ မီဒီယာများက "အာဏာရှင်" သို့မဟုတ် "စစ်အုပ်စုခေါင်းဆောင်" ဟု သုံးနှုန်းခြင်းသည် ပုံမှန် သတင်းစာသုံးနှုန်းမှု သာ ဖြစ်သည်။ ၎င်း မျှော်လင့်သလို "နိုင်ငံတော် သမ္မတ ဟု ခေါ်ဝေါ်ပေးရန် မီဒီယာများတွင် တာဝန်မရှိ ပေ။

 

TIME မဂ္ဂဇင်းသည် ယခု မင်းအောင်လှိုင် သာမကဘဲ ယခင်ကမ္ဘာကျော် အာဏာရှင်များ ဖြစ်ကြသည့် အဒေါ့ဖ် ဟစ်တလာ၊ အီဒီ အာမင်း၊ ဆက်ဒမ် ဟူစိန်၊ နီကိုလပ်စ် မာဒူရို နှင့် လက်ရှိ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ကိုလည်း အင်တာဗျူးခဲ့ဖူး ပေသည်။ ထိုစဉ်ကလည်း ၎င်းတို့ပြောသမျှကို ဝါဒဖြန့်ခွင့်မပေးဘဲ၊ ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများ၊ သမိုင်းနောက်ခံများနှင့် ပူးတွဲပြီး ကမ္ဘာက သိအောင် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြသည့် ဆောင်းပါးများအဖြစ်သာ ထုတ်ဝေခဲ့သည်။

 

အာဏာရှင်များသည် မီဒီယာများကို ၎င်းတို့၏ ဝါဒဖြန့်ကိရိယာအဖြစ်သာ အသုံးချချင်ကြပြီး၊ လွတ်လပ်သော မီဒီယာများက သတင်းစာပညာ ကျင့်ဝတ်အတိုင်း အချက်အလက် စိစစ်ဝေဖန်လိုက်သည့်အခါတိုင်း "မီဒီယာများသည် မရိုးသားပါ၊ ကျင့်ဝတ်ဖောက်ဖျက်သည်" ဟု အမြဲတမ်း အော်ဟစ်ကာ ကန့်ကွက်လေ့ရှိခြင်းသည် ကမ္ဘာ့သမိုင်းတွင် ရိုးအီနေပြီဖြစ်သော ဖြစ်ရိုးဖြစ်စဉ် ပြဿနာတခုသာ ဖြစ်ပါသည်။

 

ထို့ကြောင့် TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် ကျင့်ဝတ်ဖောက်ဖျက်ခြင်း မဟုတ်ဘဲ၊ စစ်အုပ်စု ၏ ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် အသုံးချမခံရစေရန် ဂုဏ်သိက္ခာရှိသော သတင်းစာပညာ စံနှုန်းများအတိုင်း လုပ်ဆောင်ခဲ့ခြင်း သာ ဖြစ်‌ပါသည် ဟု ရေးသားလိုက်ရပေသည်။

 

ပြည်သူ များ၏ တရားသော စစ် မုချ အောင်ရမည်!!!