တောလယ် အပြောကြွယ် သည့် ရှီကျင့်ဖျင် နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး

by Hla Soewai - Oct 27 2020

ကိုရီယား စစ်ပွဲ နှစ် ၇၀ မြောက် အခမ်းအနားကို တပတ်ကြာမျှ တရုတ်ပြည်တွင် ခြိမ့်ခြိမ့်သဲ ကျင်းပလျှက် ရှိရာ သမ္မတ ရှီကျင့်ဖျင်သည် ဘီဂျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ရာပေါင်းများစွာသော ပါတီ အကြီးအကဲများ၊ စစ်ဖက်အရာရှိကြီးများ နှင့် ကိုရီယား စစ်ပြန်များကို အခုလို ပြောကြားခဲ့ပါတယ်။

“မိမိတို့ နိုင်ငံသည် မည်သူ့ကိုမျှ ပြဿနာ မရှာခဲ့သော်လည်း မည်သို့သော အခက်အခဲများ ကြုံလာရသည် ဖြစ်စေ၊ မည်သို့ သော အန္တရာယ် မျိုးနှင့် ရင်ဆိုင်ရသည် ဖြစ် စေ ဒူးမညွတ် ရင်ကို မော့ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမည် ဖြစ်ကြောင်း” ပြောသွားခဲ့ပါတယ်။

“လွန်ခဲ့သည့် နှစ်ပေါင်း ခုနှစ်ဆယ်ခန့်တွင် အလျှံတညီးညီး တောက်လောင်နေသော စစ်ပွဲ မီးလျှံ များကို တရုတ်ပြည်သစ်ကြီး၏ တံခါးဝဆီသို့ နယ်ချဲ့ ကျူးကျော်သူများက သယ်ဆောင်လာခဲ့ကြသော်လည်း တရုတ်ပြည်သူများက ကျူးကျော်သူများအား ၎င်းတို့ ယဉ်ပါးနေသည့် ဘာသာစကားနှင့် သာ တုန့်ပြန် ရတော့မည်ကို သိနားလည် ပြီး ဖြစ်သည်”

“ဒီဘာသာစကား ကို ထပ်သုံးမယ်ဆိုရင်တော့ အခြေအနေတွေ အရုပ်ဆိုးသွားလိမ့်မယ်" ဟု ပြောလိုက်သည့် အခါတွင်တော့ ပရိဿတ်များက လက်ခုတ်ဩဘာ တီးခဲ့ကြပါတယ်။

“ကိုရီယား စစ်ပွဲသည် အမေရိကန် ကျူးကျော်မှုကို ခုခံ တွန်းလှန်ပြီး ကိုရီယား ပြည်သူများကို အကူ အညီ ပေးခြင်းဖြင့် အမေရိကန် စစ်အင်အားကို အနိုင်ယူနိုင်ခြင်း မရှိဆိုသော ယုံတမ်းစကား ကို ရိုက်ချိုး ချေဖျက် နိုင်ခဲ့ပြီ” ဟုလည်း စီချွမ် ပြည်နယ်ရှိ စစ်ပြန် သက်ကြီး ဂေဟာသို့ ရေးသားပေးပို့သော အိတ်ဖွင့် ပေးစာတွင် ဖေါ်ပြခဲ့ပြန်ပါတယ်။

လက်ရှိ တပတ်ကြာ ပြုလုပ်နေသော အခမ်းအနားများ တွင် တရုတ်ပြည်သည် ယခင်က အမေရိကန်တို့ကို ရင်ဆိုင်ခဲ့ဖူးပြီ ဖြစ်၍ ယခုတကြိမ် လည်း အဆင့်သင့် ပြင်ထားပြီး ဖြစ်သည်ဆိုသော သဘောမျိုး ဝါဒ ဖြန့်ချီ နေတာလည်း ဖြစ်ပါတယ်။

ရှီကျင့်ဖျင် နေရာတွင် အခြား ခေါင်းဆောင်တဦး ဆိုက ယခုလို အမေရိကန် ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နိုင်သည့် အချိန် ရွေးကောက်ပွဲ နီးကပ်နေသည့် အခါမျိုး တွင် ထိုသို့ ပြောလိမ့်မည် မဟုတ်ဟု နယူးယောက်တိုင်းမ် သတင်းစာက ရေးသားထားပါတယ်။

လက်ရှိတွင် သမ္မတ ထရန့် နှင့် ဘိုင်ဒင်တို့ နှစ်ဦးစလုံးက ဘီဂျင်း ကို ရှေ့လျှောက် တင်းတင်းမာမာ ကိုင်တွယ်သွားမယ်လို့ ကတိတွေ ပေးလာကြပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ဖြစ်ပွားလာခြင်း နှင့်အတူ သမ္မတ ထရန့်၏ အမြဲလို ရှုတ်ချ ပြောဆိုနေမှုများ ကြောင့် တင်းမာမှုတွေ မြင့်တက်လာနေပြီး အမေရိကန်အား ဆန့်ကျင်သွားရမည်ဟူသော အယူအဆများ ခိုင်မာလာနေပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား တင်းမာမှုများ နှင့်အတူ ဖြစ်ပေါ်လာနေသော မုန်းတီး ရွံရှာမှုများသည် လာမည့် အမေရိကန် ရွေးကောက်ပွဲ ရလဒ် ကြောင့် မည်သို့မျှ ပြေလျော့သွားနိုင်စရာ ရှိတော့မည် မဟုတ်၊ နောက်ကြောင်း ပြန်၍လည်း ရတော့မည်မဟုတ်ဟု သုံးသပ်လျက် ရှိနေပါတယ်။

တရုတ် ခေါင်းဆောင်များသည် ပြီးခဲ့သည့် နှစ်ခုနှစ်ဆယ်က တရုတ်သည် ဆင်းရဲမွဲတေပြီး ချည့်နဲ့နေချိန်တွင်ပင် အမေရိကန် တို့ ကို တွန်းလှန်နိုင်ခဲ့ပြီး ဖြစ်ရာ ယခုလို အနေအထား တွင် အဘယ်ကြောင့် ရင်မဆိုင်နိုင် ရှိရပေမည်နည်း ဟူသော အတွေးအခေါ်များ ရှိနေပုံရပါတယ်။

ကိုရီယားစစ်ပွဲအား တရုတ်တို့ဖက်မှ “အမေရိကန် ကျူးကျော်မှုအား ခုခံခြင်း နှင့် ကိုရီယားအား ကူညီပေး” စစ်ပွဲ ဆိုပြီး အမေရိကန် တို့ ဦးဆောင်သော ကျူးကျော်လာသည့် တပ်များကို ၃၈ မျဉ်းပြိုင် အထိ မောင်း ထုတ် နိုင်ခဲ့သည်ဆိုသော အဓိပ္ပါယ် ဖွင့်ခဲ့သည်များ အပေါ် သမိုင်းပညာရှင်များက စောဒက တက်ခဲ့ကြပါတယ်။

ကိုရီယား စစ်ပွဲသည် ၁၉၅၀-၅၃ အတွင်း ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ပြီး တနှစ်အကြာလည်း ဖြစ်သည့်အပြင် တိုင်ဝမ်သို့ ဆုတ်ခွာနေတဲ့ ချန်ကေရှိတ်၏ အမျိုးသားရေး စစ်တပ်နဲ့ တိုက်ပွဲများ ဖြစ်ပွားနေဆဲ အချိန်လည်း ဖြစ်ပါတယ်။ ထို့အပြင် တိဘက်ပြည်၏ လက်နက်ကိုင် ပုန်ကန်မှု နဲ့လည်း ရင်ဆိုင်နေရပါတယ်။

စစ်ပွဲသည် ပြုံယမ်းမှ တောင်ကိုရီယား ကို ပိုင်းခြားထားတဲ့ ၃၈ မျဉ်းပြိုင်ကို ဖြတ်ကျော်ပြီး ကျူးကျော် တိုက်ခိုက်လာတာ နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၀ အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်တပ်များသည် ယာလု မြစ်ကို ဖြတ်ကျော်ပြီး ဆုတ်ခွာလာနေတဲ့ မြောက်ကိုရီယား တပ်များ ဖက်ကနေ ဝင်ရောက် တိုက်ခိုက်လာကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း ခြောက်ရက်အကြာတွင်တော့ ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခံထားရသော မဟာမိတ်တပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ၁၉၅၃ တွင် စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုပြီး စစ်ပွဲကို အဆုံးသတ်သွားခဲ့ပါတယ်။ ယခုအချိန်အထိတော့ တရားဝင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

ရှီကျင့်ဖျင်က ထိုစစ်ပွဲတွင် တရုတ် စစ်သည် ၁၉၇,၀၀၀ ကျဆုံးခဲ့သည်ဟု ဆိုသော်လည်း သမိုင်းသုတေသီများက ဒီထက်မက အဆမတန် များတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ကွန်မြူနစ်ပါတီကတော့ ကိုရီယား စစ်ပွဲအား အနောက်နိုင်ငံ နယ်ချဲ့ အရင်းရှင်များ ၏ ကျူးကျော်မှု နှင့် ရင်ဆိုင်ရာတွင် တော်လှန် အောင်ပွဲခံနိုင်ခဲ့တယ် ဆိုတဲ့ မျိုးစေ့ ချပေးနိုင်သော ကာလတခု အဖြစ် အမြဲလို အမွှန်းတင် ပြောဆိုလေ့ရှိပါတယ်။

နှစ် နှစ်ဆယ်မြောက် ဖြစ်သည့် ၁၉၇၀ တွင် မော်စီတုံးသည် အမေရိကန် နှင့် ဆက်ဆံရေး ပုံမှန် ပြန်လည်ထူ ထောင်နိုင်ရေး အတွက် အဆိုပါ အရေးကို ထူးထူးထွေထွေ ပြောဆိုခဲ့ခြင်း မရှိတာ တွေ့ရပြီး သက္ကရာဇ် ၂၀၀၀ ပြည့် နှစ်ငါးဆယ် ပြည့်တွင်တော့ ထိုစဉ်က တရုတ် သမ္မတ ဂျန်စီမင်းက ကော်ဆိုဗို စစ်ပွဲအတွင်း ဆာဘီယားရှိ တရုတ်သံရုံးအား အမေရိကန်တို့ ဗုံးကြဲခဲ့တဲ့အတွက် ပြန်ပြီး အလေးအနက် ပြောဆိုခဲ့ပြန်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက လာမည့် ငါးနှစ်အတွင်း မည်သို့မည်ပုံ ဦးစားပေး အစီအစဉ်များ ချမှတ် လုပ်ဆောင်သွားရမည်နှင့် ပတ်သက်ပြီး ရှေ့အပတ်အတွင်း တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။ ဒီအတွက် သူသည်သာ ကွန်မြူနစ် ပါတီကို ပဲ့ကိုင်သွားရမယ်ဆိုတဲ့ အနေအထား ပေါ်လွင်အောင် ပြောဆိုခြင်း ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

တရုတ်ပြည်သည် ဗီယက်နမ် နဲ့ စစ်ဖြစ်ပွားခဲ့သည့် ၁၉၇၉ နောက်ပိုင်း တွင် စစ်ပွဲအတွေ့အကြုံ ထပ်ပြီးမရှိတော့ တာ တွေ့ရပါတယ်။

တရုတ်စစ်တပ်သည် စစ်ပွဲတိုင်းတွင် လူလှိုင်းလုံးတက် စစ်ဆင်ရေးကို အသုံးချပြီး သေဆုံးသွားသူများ ၏ အလောင်းကို အကာအကွယ် ယူ ကာ ရှေ့ကို အတင်းတိုးပြီးတိုက်တဲ့ စစ်ဆင်ရေးမျိုးကိုသာ အားပြု တိုက်ခိုက်ခဲ့ကြတာ များပါတယ်။

တရုတ်သည် လောလောဆယ်တွင် တိုင်ဝမ် အရေး နှင့် ပတ်သက်၍ ဖိအားများစွာ ရင်ဆိုင်နေရပြီး တောင်တရုတ် ပင်လယ်မှသည် ဟိမဝန္တာ တောင်တန်းအထိ နယ်မြေ အငြင်းပွားမှုများ ရှိနေသဖြင့် ၎င်းတို့၏ ရည်မှန်းချက် များကို တိုက်ရိုက် စိန်ခေါ်လာပြီဟု ယူဆကာ ရှီကျင့်ဖျင်သည် နောက်ဆုတ်မယ့် အလားအလာ မရှိတာ တွေ့ရပါတယ်။

လတ်တလောမှာ H-6 ဗုံးကြဲလေယာဉ်ကြီးများ ဖြင့် ဂူအမ်ကျွန်းရှိ အမေရိကန်တို့၏ အင်ဒါဆန် လေတပ် အခြေစိုက် စခန်းကို တိုက်ခိုက်ရန် ပုံစံတူ လေ့ကျင့်ခဲ့သည့်အပြင် တိုင်ဝမ် အား တိုက်ခိုက်နိုင်ရန် ဟိုင်နန်ကျွန်း တွင် ကမ်းတက် စစ်ဆင်ရေး ကို လေ့ကျင့်လျှက် ရှိနေပါတယ်။

ဩဂုတ်လအတွင်း တိုင်ဝမ်သို့ အမေရိကန် လက်ထောက် ကျန်းမာရေး ဝန်ကြီး အယ်လက်စ် အမ် အက်ဇာ လာရောက်ခဲ့မှု အပေါ် တရုတ် တို့ မကျေမချမ်း ဖြစ်လာပြီး အခြေအနေ ပိုမိုတင်းမာလာခဲ့ရပါတယ်။ အကယ်၍ နိုင်ငံခြားရေး သို့မဟုတ် ကာကွယ်ရေး ဝန်ကြီး တဦးဦး ရောက်လာရင် စစ်ရေး အရ တုံ့ပြန်သွားမယ်လို့ ဂလိုဘယ် တိုင်းမ် သတင်းစာက ခြိမ်းခြောက်လာပါတယ်။

ဝါရှင်တန်တွင်လည်း အကယ်၍ တိုင်ဝမ်ကို တရုတ်တို့ တိုက်ခိုက်လာပါက အမေရိကန် အနေဖြင့် စစ်ရေးအရ အရေးယူမည် ဟု ပြတ်သားစွာ ပြောသင့် မပြောသင့် အပေါ် ကြိတ်ဝိုင်းဖွဲ့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

(၁၉၅၁ ကိုရီယား စစ်ပွဲအတွင်း တရုတ်တပ်များကို တွေ့ရစဉ်)

(ကိုးကား - The New York Times/ The Wall Street Journal)