ချေသော်လည်း မကြေ

by Hla Soewai - Sep 28 2026

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ် (ရွှေကျင်မြို့နယ်အတွင်း) တည်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးတိုင်းစစ်ဌာနချုပ် ကို စစ်အုပ်စု က တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ကြောင့်ပင် ဖြစ်သည်။ ညနေပိုင်းအထိ ဆက်လက်ဗုံးကြဲမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် CDM အရာခံဗိုလ် (ဆရာကြီး) နေဝင်းအောင် နှင့် PDF ရဲဘော် ၅ ဦး (စုစုပေါင်း ၆ ဦး) ကျဆုံးခဲ့ရပါသည်။ ထို့ပြင် အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား အပါအဝင် တော်လှန်ရေးရဲဘော် ဆယ်ဂဏန်း ပတ်ဝန်းကျင် အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သိရသည်။

 

စစ်အုပ်စု ဘက်က ယခုတိုက်ခိုက်မှုကို "ဝေဟင်နှင့် မြေပြင် တိကျစွာ ချေမှုန်းနိုင်ခဲ့ခြင်း" ဟု ထုတ်ပြန်ထားပြီး၊ ယင်းသည် တော်လှန်ရေးအဖွဲ့များကို မလိုလားသည့် အတွင်းသတင်းပေး (ဒလန်) များ၏ တိကျသော သတင်းပေးပို့မှု ကြောင့် ဖြစ်ကြောင်း စစ်အုပ်စု အား ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေကြသည်။ တော်လှန်ရေးဘက်ကလည်း စစ်ဌာနချုပ်ကဲ့သို့ လျှို့ဝှက်ရမည့်နေရာကို ယခုလို တိတိကျကျ ဗုံးကြဲနိုင်ခြင်းမှာ အတွင်းသတင်း ပေါက်ကြားမှု ရှိနေနိုင်ကြောင်း သံသယရှိနေကြသည်။

 

ဧရာဝတီသတင်းဌာန ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ၎င်းအထူးတိုင်းစစ်ဌာနချုပ်၌ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ စုံညီအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ယင်းသို့ ဓာတ်ပုံများနှင့် သတင်းများ ထုတ်ပြန်ခြင်းသည် စစ်ကောင်စီအတွက် မြေပြင်တည်နေရာ ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေခဲ့ပြီး သတင်းလုံခြုံရေး အားနည်းမှု Operations Security failure ကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါသည်။

 

အင်တာနက် သို့မဟုတ် လူမှုကွန်ရက်ပေါ်သို့ တင်လိုက်သော ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် ရိုက်ကူးခဲ့သည့် အချိန်၊ နေ့စွဲနှင့် တိကျသော GPS ကိုဩဒိနိတ် (Latitude/Longitude) အချက်အလက်များ ဖုံးကွယ်ပါရှိနေတတ်သည်။ စစ်အုပ်စု ၏ နည်းပညာအဖွဲ့များသည် ဤအချက်အလက်များ Metadata/EXIF Dataကို ဆွဲထုတ်ပြီး တည်နေရာကို တိကျစွာ ရှာဖွေကြသည်။

 

ဓာတ်ပုံနောက်ခံတွင် ပါရှိသော တောင်တန်းပုံသဏ္ဌာန်၊ မြစ်ချောင်းများ၊ သစ်ပင်အမျိုးအစားများနှင့် ထူးခြားသော အဆောက်အအုံများကို ဂြိုဟ်တုမြေပုံများ (Google Earth နှင့် Sentinel) တို့နှင့် တိုက်ဆိုင်စစ်ဆေးကာ တည်နေရာကို ရှာဖွေဖော်ထုတ်သည်။ NUG အထူးတိုင်းစစ်ဌာနချုပ် ဖြစ်စဉ်တွင်လည်း ဤကဲ့သို့ ဓာတ်ပုံများမှတစ်ဆင့် တည်နေရာကို ရှာဖွေသွားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

 

စစ်အုပ်စု က ထိန်းချုပ်ထားသော မိုဘိုင်းလ်အော်ပရေတာများ ၏ တာဝါတိုင်များကို အသုံးပြု၍ ဖုန်းလိုင်းဖွင့်ထားသူ သို့မဟုတ် ဖုန်းပြောနေသူတဦး၏ တည်နေရာကို မီတာအနည်းငယ်အကွာအဝေးအထိ တိကျစွာ ခြေရာခံနိုင်သည်။

 

ဖုန်း တခုချင်း ၏ ကိုယ်ပိုင်သီးသန့်နံပါတ် (IMEI) ကို အသုံးပြု၍ ဆင်းမ်ကတ်လဲလှယ်သော်လည်း အဆိုပါဖုန်း မည်သည့်နေရာတွင် ရှိနေသည်ကို ဆက်စပ်ခြေရာခံနိုင်သည်။ စစ်အုပ်စု ၏ Central Equipment Identity Register (CEIR) စနစ် သည် မြန်မာနိုင်ငံအတွင်းရှိ ဖုန်းများအားလုံး၏ IMEI ကို မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

 

အောက်ပါ အချက်များကို အောက်ခြေ တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှင့် ထောက်ပို့ ပြည်သူများ အထူး သတိပြု ရှောင်ကျဉ်ကြရတော့မည် ဖြစ်သည်။

 

၁။ရှေ့တန်း သို့မဟုတ် စခန်းတွင်း ဓာတ်ပုံ/ဗီဒီယိုများကို လူမှုကွန်ရက်ပေါ် လုံးဝမတင်ရန်။

၂။ မဖြစ်မနေ တင်ရပါက ဓာတ်ပုံ၏ Metadata တည်နေရာအချက်အလက် ကို အရင်ဖျက်ပြီးမှ တင်ရန်။

၃။ အရေးကြီးစစ်ဆင်ရေးနယ်မြေများတွင် မိုဘိုင်းလ်ဖုန်းလိုင်းများကို ပိတ်ထားရန် သို့မဟုတ် လေယာဉ်ပျံမုဒ် (Airplane Mode) ပြုလုပ်ထားရန်။

၄။ စိတ်မချရသော အက်ပလီကေးရှင်းများ ကို ဖုန်းထဲတွင် လုံးဝမထည့်သွင်းရန်။

 

ကျွမ်းကျင်သူများ၏ အဆိုအရ signal ‌app ကို သုံးရာတွင်လည်း မိမိကိုယ်တိုင်ဆီ ပြန်ပို့တဲ့အခန်း (Note to Self) ထဲကို ဓာတ်ပုံ ပို့လိုက်ပါ။ Signal သည် ဓာတ်ပုံထဲက တည်နေရာနဲ့ EXIF Data အားလုံးကို အလိုအလျောက် ဖြတ်တောက်ဖျက်ဆီးပေး၍ ဖြစ်သည်၊ ပြီးမှ သာ ထိုဓာတ်ပုံကို ဖုန်းထဲ ပြန်သိမ်း (Save) ပြီး အသုံးပြုသင့်သည်ဟု အကြံပြုကြသည်။

 

အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူ့ဘက်ကူးပြောင်းလာသည့် CDM ဒုအရာဗိုလ် ဆရာကြီး နေဝင်းအောင် နှင့် အနာဂတ်ကို စွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် PDF ရဲဘော်များ၏ အသက်ပေးဆပ်မှုအတွက် ပြည်သူများက အစဉ်ထာဝရ အောက်မေ့ သတိရနေမည်ဖြစ်ပြီး လေးစားစွာ ဦးညွတ်ဂုဏ်ပြုခဲ့ကြပေသည်။

 

စစ်အာဏာရှင်တို့က ၎င်းတို့၏ တခုတည်းသော အားကိုးရာလေကြောင်းမှ တော်လှန်ရေး၏ အမာခံစခန်းတစ်ခုကို မြေလှန် 'ချေမှုန်း' နိုင်ခဲ့ပြီဟု ဝါဒဖြန့်ကာ မောက်မာစွာ ကြုံးဝါးနေကြလိမ့်မည်။ သို့သော်... သူတို့ မှားသွားခဲ့သည်။

 

၎င်းတို့ ခြေမွဖျက်ဆီးနိုင်ခဲ့သည်မှာ အုတ်၊ ခဲ၊ သဲ၊ အမိုးအကာများနှင့် ရုပ်ဝတ္ထုအချို့သာ ဖြစ်သည်။ အဖိုးတန်ရဲဘော်တို့၏ အသက်ကို နုတ်ယူနိုင်ခဲ့သော်လည်း ထိုရဲဘော်တို့ ထားရစ်ခဲ့သည့် တော်လှန်ရေးစိတ်ဓာတ်၊ အဓိဋ္ဌာန်နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်မည့် ပြည်သူတို့၏ အားမာန်ကိုမူ မည်သည့်အခါမျှ 'ကြေမွ' သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။ ရဲဘော်တို့၏ သွေးမြေကျမှုသည် တော်လှန်ရေးမီးတောက်ကို ပိုမိုတောက်လောင်စေသည့် လောင်စာဖြစ်လာပြီး၊ ပြည်သူတို့၏ ရင်ဝယ်ခံစားရသော နာကျည်းမှုကို ပိုမိုခိုင်မာသော သန္နိဋ္ဌာန်အဖြစ် သွေးကြောထဲအထိ စီးဆင်းသွားစေခဲ့ပြီ ဖြစ်သည်။ ချေမှုန်းခဲ့သော်လည်း ပြိုလဲမသွားဘဲ ပိုမိုရှင်သန်လာမည့် အမှန်တရား၏ အောင်ပွဲသည် ဧကန်မလွဲ ရောက်ရှိလာရမည် ဖြစ်ပါတော့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!