ထရမ့်၏ အီရန် ‌ဒုက္ခကို တရုတ်တို့ အသုံးမချ နိုင် ဖြစ်နေ

by Hla Soewai - Sep 21 2026

အရှေ့အလယ်ပိုင်း အုပ်ချုပ်သူများသည် သမ္မတ ဒေါ်နယ်ထရမ့်မှ အစ္စရေးနဲ့အတူပေါင်းပြီး အီရန် စစ်ပွဲကို စတင်ခဲ့သော်လည်း အဆုံးသတ်ဖို့ လေးလေးနက်နက် အစီအစဉ်မရှိခဲ့သည်ကို သိလာကြ၍ အကြီးအကျယ် ဒေါသထွက်နေကြသည်၊ 

 

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အပေါ်မှာလည်း စိတ်ပျက်နေကြသည်၊ တရုတ်သည် လက်ရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူ တိုင်းကို စီးပွားရေးအရ သြဇာလွှမ်းမိုးမှု ရှိနေလည်း ငြိမ်းချမ်းရေးအတွက် ဖိအားပေးတာ၊ ခေါင်းချင်းဆိုင်ညှိ နှိုင်း ပေးတာမျိုး တွေ မလုပ်ခဲ့၍ ဖြစ်သည်။

 

အပေါ်ယံကြည့်မည် ဆိုက ထရမ့်အပေါ် ဒေါသထွက်နေသည်က ရှီ ကျင်ဖျင့် အပေါ် စိတ်ပျက်နေတာထက် ပိုပြီး ၎င်းတို့ အတွက် သက်‌ ရောက်မှု ရှိလာနိုင်သည်။ လော လောဆယ်အမေရိကန်က ပစ်ထားခဲ့မည်ကို စိုးရိမ်လာသည့် အတွက် ဆော်ဒီအာရေးဗီးယားလို နိုင်ငံကြီးများက ၎င်းတို့ အန္တရာယ် ကျရောက်မလာရ‌ အောင် တူရကီကနေ ပါကစ္စတန်အထိ တခြားမိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တည်ဆောက်လာနေကြသည်။

 

တကယ်တမ်း လက်ရှိ စစ်ပွဲကြောင့် ကမ္ဘာ့အင်အားချိန်ခွင်လျှာ ဘယ်လိုပြောင်းလဲ လာနေလဲဆိုသည်ကို သုံးသပ်ဖို့အတွက်ဆိုက ရှီ ကျင့်ဖျင်၏ ဆင်ဆင်ခြင်ခြင်နှင့် လက် ရှောင်နေသည်ကို ကြည့်မည်ဆိုက နောင်လာမည့် ကမ္ဘာကြီးတွင် "ဘယ်သူမှ တကယ့် ခေါင်းဆောင်အစစ် မရှိတော့ဘူး၊ နိုင်ငံကြီးတိုင်းက ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တော့မယ်" ဆိုတဲ့ ပုံစံ မျိူး ဖြစ်လာနေပြီ ဆိုသည်ကို ပြဆို နေပေသည်။

 

တရုတ်က ငြိမ်းချမ်းရေးအတွက် အစွန့်အစားခံပြီး ဘာမှ မလုပ်ချင် ဖြစ်‌ နေ ရတာလဲဆိုသည်ကို အဆိုးမြင်သည့် ရှုထောင့်မှ ကြည့်မည် ဆိုလျင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များက အမေရိကန်တို့ အရှေ့အလယ်ပိုင်းက နွံအိုင်ထဲမှာ ရုန်းလိုက် နစ်သွားလိုက် ဖြစ်နေသည်ကို ကျေနပ်နေ၍ပင် ဖြစ်မည်။ ၎င်းတို့ အတွက် အန္တရာယ်အရှိဆုံး ပြိုင်ဘက်ကို အဘယ်ကြောင့် ကယ်တင်လိုကြပေမည်နည်း။

 

ထိုအမြင်သည် လုံးဝမှားနေ သည်တော့ မဟုတ်။ အမေရိကန်တပ်များ ပင်လယ်ကွေ့ထဲ တွင် ပိတ်မိနေပြီး အစားပြန်ဖြည့်ဖို့ ခက်သည့် လက်နက်ခဲယမ်းများကို သုံးနေရသရွေ့၊ ပင်တဂွန်က စစ်ခေါင်းဆောင်များ ၎င်းတို့၏ အိမ်နောက်ဖေးနား လာပြီး လေယာဉ်တင် သင်္ဘော၊ စစ်သင်္ဘော၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ များ နှင့် နှောက်ယှက်ဖို့ ပို၍ အလှမ်းဝေးသွားသည့် အတွက်ပင် ဖြစ်သည်။

 

ထို့ပြင် တရုတ်သည်လည်း ထရမ့်၏ “အမြင့်ဆုံးဖိအား” ပေးသည့် အနေဖြင့် လေကြောင်း အင်အားကို အစွမ်းကုန်သုံးပြီး ပိတ်ဆို့အရေးယူ ထားသော်လည်း အီရန်အစိုးရကို ဖြုတ်ချနိုင်ခြင်းမရှိသည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်လျက်ရှိသည်။ လပေါင်းများစွာကတည်းက အီရန်ထိပ်တန်း အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရှိသော တရုတ်လူမျိုးများက အနောက်အုပ်စုမှ ဆွေးနွေးဘက်များအား အီရန်သည် ရှေးကျပြီး ဂုဏ်သိက္ခာမြင့်မားသော ယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံဖြစ်သဖြင့် ပြည်ပမှ အနိုင်ကျင့်ဗိုလ်ကျမှုကို မည်သည့်အခါမျှ အညံ့ခံလိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

 

အချို့ကမူ ရက်စက်ကြမ်းကြုတ်သော အစိုးရတရပ်ဖြစ်သည့် မြောက်ကိုရီးယားနှင့် နှိုင်းယှဉ်ပြကြပြီး ထိုနိုင်ငံသည်လည်း ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ပိုင်းသည် ပိတ်ဆို့အရေးယူမှုများနှင့် အစိုးရအပြောင်းအလဲ ဖြစ်ရန် ကြိုးပမ်းမှု များကို လွန်စွာ မုန်းတီးကြသဖြင့် ယခုအချိန်တွင် အီရန် ဆက်လက်၍ ခုခံနေသည်ကို မြင်တွေ့ရ၍ စိတ်သက်သာရာ ရနေကြသည်။

 

အီရန်စစ်ပွဲ၏ ပထမလများအတွင်းမှာပင် တရုတ်သည် ကြီးမားသော အောင်မြင်မှုတရပ်ကို ဆွတ်ခူးနိုင်ခဲ့သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားပြီးနောက် ရေနံတင်သွင်းမှုကို သိသိသာသာ လျှော့ချခဲ့ခြင်းဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို တည်ငြိမ် အောင် လုပ် ပေးခဲ့သည့်အတွက် ကမ္ဘာက တရုတ်နိုင်ငံအပေါ် ကျေးဇူးတင်သင့်သည်ဟု ရှုမြင်လာကြသည်။

 

‌ဤသည်ကလည်း တရုတ်သည် အများ အကျိုး ရှိ‌ အောင် လုပ် ပေးခဲ့ခြင်း တော့ မဟုတ်၊ ရေနံဈေးနှုန်းကို နိမ့်ကျအောင်ထိန်းထားနိုင်ပါက ၎င်းတို့အတွက်လည်း အကျိုးရှိ နေသည်၊ တရုတ် ပြည်တွင်း၌ စီးပွားရေး နှေးကွေးနေသဖြင့် စီးပွား ရေး ဦးမော့လာရန် အတွက် ပို့ကုန်များအပေါ်တွင် အလွန်အမင်း မှီခိုနေရပြီး ပြည်ပဝယ်လိုအား ပြိုလဲပါက ထိခိုက်နစ်နာမည့် အရေးကို သိ နေ၍ပင် ဖြစ်သည်။

 

နောက်ထပ် အကြောင်းရင်း တခုသည်က တရုတ်နိုင်ငံသည် ကြီးမားလှသော ရေနံအရံသိုလှောင်မှု ရှိထားပြီး ဖြစ်၍ ထိုအကျိုးကျေးဇူးကို ခံစားနေရခြင်းဖြစ်ပြီး လက်ရှိသိုလှောင်ထားသည့် ပမာဏ နှင့်ပင် ပြည်တွင်းလိုအပ်ချက် အတော်များများကို ဖြည့်ဆည်းနိုင်ခဲ့သည်။

 

ထို့အပြင် တင်သွင်းမှုကို လျှော့ချခြင်းဖြင့် ရုရှားကဲ့သို့သော နီးကပ်သည့် ပထဝီနိုင်ငံရေး မိတ်ဖက်များ ရှိနေစေကာမူ တဦးတည်းအပေါ် အလွန်အကျွံ မှီခို ဝယ်ယူ နေရခြင်းမှ ရှောင်ကြဉ်သည့် မူဝါဒကို တရုတ်နိုင်ငံက ဆက်၍ ထိန်းသိမ်းနိုင်ခဲ့သည်။ တရုတ်သည် မူလ ကတည်းက ရေနံကို ရုရှား၊ ဆော်ဒီ၊ အီရန်၊ အီရတ် စသဖြင့် နိုင်ငံအများအပြားမှ ခွဲပြီးဝယ်လေ့ရှိသည်၊ ယခုလည်း ရေနံ အရံသို လှောင်မှု များ လုံလောက် အောင် ရှိနေသည့် အတွက် ရုရှား တဦးတည်းကို အားကိုးရသည်အထိ ဖြစ်မလာခဲ့၊ ထရမ့်၏ အီရန် အပေါ် ပိတ်ဆို့ထားမှုကလည်း ၎င်းတို့ အပေါ် သက်ရောက်မှု ရှိမလာခဲ့။

 

ထရမ့်၏ အီရန် စစ်ပွဲသည် တကယ်တမ်းတွင် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ဂရင်းမာစတာအဆင့် စစ်တုရင်ကစားပွဲ၏ အဖွင့်ရွှေ့ကွက် ဖြစ်သည်ဟု ထရမ့်အား ထောက်ခံသူများ၏ အဆို ပျက်ပြယ်သွားစေခဲ့သည်။ ဝါရှင်တန်ရှိ တရုတ်အပေါ် တင်းမာသော မူဝါဒကို လိုလားသူများအတွက် ပို၍ အခံရ ခက်လာသည်က ထရမ့်သည် အီရန်၏ စစ်ပွဲယန္တရားနှင့် တရုတ်နိုင်ငံ၏ ဆက်နွှယ်မှုများကို စိန်ခေါ်လိုသည့် လက္ခဏာ လုံးဝမပြခဲ့ခြင်းပင်ဖြစ်သည်။ ထရမ့်သည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဝါရှင်တန်၌ ရှီကျင့်ဖျင် နှင့် တွေ့ဆုံရမည့် အရေး ကို အောင်အောင်မြင်မြင် ဖြစ်ချင်စိတ်သာ ပြင်းပြလျက်ရှိသည်။ 

 

မကြာသေးမီက အီရန်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် တရုတ်က ဂြိုဟ်တုဓာတ်ပုံများ ဖြင့် အကူအညီပေးခဲ့သည်ဆိုသော သတင်းများကို ထရမ့်က အရေးမကြီးသကဲ့သို့ လျစ်လျူရှုခဲ့ပြီး မိမိတို့ဖက်ကလည်း တရုတ်အပေါ် ထိုသို့ လုပ်လေ့ရှိကြောင်း သတင်းထောက်များအား ခပ်ဆပ်ဆပ် ပြောဆိုခဲ့သည်။

 

ယခုအချိန်အထိ အားလုံးက ကိုယ်ကျိုးစီးပွားကို ကြည့် နေကြသည်။ ပင်လယ်ကွေ့ဒေသအတွင်း ထရမ့်၏ အမှားမှား အယွင်းယွင်း စွန့်စားခဲ့မှုအပေါ် တရုတ်အနေဖြင့် ဝမ်းမြောက်စရာ အကြောင်းများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ရှီ ကျင့်ဖျင် သည် စက်တင်ဘာလ ၁၂ ရက်နေ့က ဒေလီ တွင် ကျင်းပသော ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံများ အစုအဖွဲ့ဖြစ်သည့် BRICS နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အောင်ပွဲခံသည့် အနေဖြင့် လှည့်လည်ခဲ့သည်။

 

“ဤစစ်ပွဲသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ပြင်းထန်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားကို အထောက်အကူ မပြုပါ” ဟု ရှီက ဆုံးမသလိုလို ပြောဆိုခဲ့သည်။ သူသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက ချမှတ်ခဲ့သော “ကမ္ဘာလုံးဆိုင်ရာ အစပျိုး အစီအစဉ်များ” ကို တက်ရောက်လာသော ခေါင်းဆောင်များ၏ အာရုံစိုက်မှုရ အောင် ဆွဲဆောင်ခဲ့ပြီး ကမ္ဘာ့ စနစ်သစ်အတွက် သူ၏မျှော်လင့်ချက်များကို ဖော်ပြခဲ့သည် (အချုပ်အားဖြင့် - စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းသည်၊ နိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းသည် မကောင်း၊ အနောက်တိုင်း ဒီမိုကရေစီကို အားပေးခြင်းသည် ပို၍ ပင်မကောင်း)။

 

သူသည် “အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ရရှိစေရန်အတွက် တရုတ်နိုင်ငံသည် BRICS အဖွဲ့ဝင်များနှင့် အတူ သင့်လျော်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေသည်” ဟု ကြေညာခဲ့သည်။

 

တကယ်တမ်းတွင် ရှီ၏ ကမ်းလှမ်းချက်သည် အပြောသက်သက်သာ ဖြစ်သွားခဲ့သည်၊ BRICS အဖွဲ့ဝင် ဆယ်နိုင်ငံတွင် တရုတ်၊ အီရန်နှင့် ရုရှားတို့ ပါဝင်သလို အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့သော အမေရိကန်၏ နီးကပ်သည့် မိတ်ဖက်များလည်း ပါဝင်ကာ ပင်လယ်ကွေ့ ဒေသသို့ ငြိမ်းချမ်းရေးကို မည်သို့ယူဆောင်လာရမည်ဆိုသည်နှင့် ပတ်သက်၍ သဘောတူညီမှု မရှိကြသောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှုများသည် ခမ်းနားသော စကားလုံးများဖြင့် ပြည့်နှက်နေသော်လည်း စစ်ပွဲ ကို အမှန်တကယ် အဆုံးသတ်ရန် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။

 

တရုတ်သည် ယခုအခါ ရေနံဝယ်ယူမှုများကို ပြန်လည်စတင်ခဲ့ပြီး ကမ္ဘာ ပေါ်ရှိ ချက်ချင်း လက်ငင်း ငွေပေးချေ ရသော spot market များတွင် အာရှနှင့် ဥရောပ ဝယ်လက်များနှင့် အပြိုင် ဝယ်ယူ နေသည်။ ဈေးနှုန်းများ မြင့်တက်လာနေပြီး ချက်ချင်းတင်ပို့မည့် ရေနံအတွက် ညွှန်းကိန်းဖြစ်သော Dated Brent သည် ဈေးနှုန်းခြေရာခံအေဂျင်စီ Platts ၏ အဆိုအရ တစည်လျှင် ဒေါ်လာ ၁၃၂ အထိ ရောက်ရှိခဲ့ပါသည်။ ပဋိပက္ခကြောင့် တရုတ်နှင့် ပင်လယ်ကွေ့ဒေသအကြား ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းအင်၊ စိမ်းလန်း စို ပြေ ရေး နည်းပညာနှင့် AI အခြေခံအဆောက်အအုံ စီးဆင်းမှုများကို ကန့်သတ်ခံရသလို ဖြစ်လာနေသည်။

 

စစ်ပွဲ သည် တရုတ်အတွက် စောလွန်းနေသည်။ လက်ရှိအချိန်တွင် တရုတ်၏ ကြီးပွားလာမှုသည် အမေရိကန် ဦးဆောင် အကာအကွယ်ပေးထားသည့် ကမ္ဘာ ကုန်သွယ်ရေးစနစ်အပေါ် မှီခိုနေရဆဲ ဖြစ်သည်။ တရုတ်ရေတပ်သည်လည်း အရှေ့အလယ်ပိုင်းဒေသ တွင် ကုန်သွယ်ရေးလမ်းကြောင်းများကို ဖွင့်ထားနိုင်သော အခြေအနေမရှိသေး။ တရုတ်သံတမန်ရေးသည်လည်း အန္တရာယ်ကို ရှောင်ရှားပြီး အခွင့်အရေးယူတတ်သည့် ပုံစံမျိုးက တက်မလာနိုင်သေး၍ ကမ္ဘာကို ပုံဖော်နိုင်သည့် အဆင့် ရောက်ဖို့ အလှမ်း‌ ဝေးနေဆဲပင် ဖြစ်သည်။ 

 

တရုတ်သည် စီးပွားရေးအင်အားကို အသုံးပြုပြီး အခြားနိုင်ငံများကို ဖိအားပေးသည့် အခါမှာလည်း ၎င်းတို့၏ ကျဉ်းမြောင်းလှသည့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့သာဖြစ်ပြီး အစိုးရများ၏ နိုင်ငံခြားရေးမူဝါဒများကို ပြောင်းလဲဖို့ မဟုတ်ပြန်။

 

တရုတ် ခေါင်းဆောင်များက ၎င်းတို့ နိုင်ငံသည် အလွန်ချမ်းသာပြီး အင်အားကြီးမားကာ အရေးပါသော နည်းပညာများစွာကို လွှမ်းမိုးထားသဖြင့် မည်သူမျှ မည်သည့်အချက်တွင်မျှ ဆန့်ကျင်ဝံ့မည်မဟုတ်သော အနာဂတ်ကို မြင်တွေ့လာရတော့မည်ဟု ယုံကြည်နေကြသည်။ ထိုကဲ့သို့ တကမ္ဘာလုံး လုပ်ချင်တာ လုပ်ခွင့် ရလာသည်နှင့် တပြိုင်နက် ၎င်း၏ အကျိုးစီးပွားကို အခြေခံပြီး တည်ငြိမ်မှုကို အလွန်အလေးထားသော ချဉ်းကပ်ပုံသည် အခြားနိုင်ငံများစွာအတွက် စံနမူနာဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ 

 

ထရမ့်၏ အရည်အချင်းမဲ့မှုသည် ထိုနေ့ရက် ရောက်လာဖို့ ကို ပိုမိုမြန်ဆန်လာစေနိုင်သည်။ သို့သော် ထိုအချိန်မတိုင်မီအထိ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေသော်လည်း ၎င်းတို့ ကိုယ်ကျိုးစီးပွား ကာကွယ်နိုင်ရန် သာ သတိကြီးစွာထား လုပ်နေ ရသော ဧရာမနိုင်ငံအဖြစ် သာ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရ ပေသည်။

 

(၂၀၂၆ စက်တင်ဘာ ၁၆ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ China is not ready for a post-American world ဆောင်းပါး ကို ကိုးကား တင်ပြသည်။)