အန်နဝါ ရေပြင်ကျယ် မှာ ကူးခတ်ဝောာ့မည်လော

by Hla Soewai - Sep 21 2026

မလေးရှား၏ အကျင့်ပျက် ခြစားရေး ကော်မရှင် ဉက္ကဌ ဟောင်း လသီဖာ ကိုယာက မင်းအောင်လှိုင်၏ အသိအမှတ် ပြု ခံရလှိ့ မှု ပြင်းပြ နေခြင်းကို အခွင့် ကောင်းယူကာ ရိုဟင်ဂျာ များ ပြန်လက်ခံရန် အပေးအယူ လုပ်ခဲ့မှု သည် ယခင်က မူဆလင်ဒုက္ခသည်အသိုင်းအဝိုင်းကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည့် အန်နဝါ၏ ယခင်ရပ်တည်ချက်နှင့်လည်း ပြောင်းပြန်ဖြစ်နေသည်ဟု ဆိုသည်။

 

ထိုသို့သော မူဝါဒသည် “ရှက်ဖွယ်ကောင်းပြီး၊ ကိုယ်ကျင့်တရားကင်းမဲ့သည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်တွင် မလေးရှားနိုင်ငံကို အရှက်ရစေသည်” ဟု သူမက ပြောကြားခဲ့သည်။

 

လသီဖာ သည် ၂၀၁၅ ခုနှစ်တွင် PKR ခေါင်းဆောင် အန်နဝါ ထောင်ချခံခဲ့ရစဉ်က ၎င်း၏ ဥပဒေရေးရာအဖွဲ့တွင် ပါဝင်ခဲ့ဖူးသည့် လူ့အခွင့် အရေး ရှေ့နေ တဦး ဖြစ်သည်။ ထိုသို့ ထောင်ကျနေစဉ်အတွင်း ၎င်းကိုယ်တိုင် “ရိုဟင်ဂျာများကို ကူညီရန် လက်တွေ့ကျကျ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်” ဟု သူမအား တကူးတက ပြောခဲ့ကြောင်းလည်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

၁၉၉၈ တွင် ထိုစဉ်က မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ၎င်း၏ ဒုဝန်ကြီးချုပ် ဖြစ်သူ အန်နဝါအား ၎င်း၏ လက်ထောက်တဦး ဖြစ်သူ မန်နဝါ အနီးစ် နှင့် လိင်တူ ဆက်ဆံခဲ့သည်ဆိုကာ ရာထူးမှ ဖယ်ရှားခဲ့ပြီး

နှစ်ဦးစလုံးကို ဖမ်းဆီး အရေးယူခဲ့သည်။ အကျင့်ပျက် ခြစားမှု နှင့် လည်း ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရသည်။ လိင်တူ ဆက်ဆံမှု အတွက် ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံခဲ့ရသည်။ အန်နဝါက စွဲချက် မှန်သမျှကို အစဉ် တစိုက် ငြင်းဆိုလာခဲ့ပြီး ၂၀၀၄ တွင် တိုင်ကြားသူ ကိုယ်တိုင်က ငြင်းဆိုလာခြင်း၊ သက်သေ မခိုင်လုံဆိုကာ လိင်တူ ဆက်ဆံမှုက နေ လွတ်မြောက်သွားခဲ့သည်။

 

ထိုစဉ်က ကျွန်တော်သည် စင်္ကာပူတွင် အလုပ်လုပ်ကိုင် နေစဉ် အန်နဝါအား အကျဉ်း ထောင်ထဲတွင် ရိုက်နှက်ခံခဲ့ရ၍ အညိုအမည်း စွဲ နေသည့် ဓါတ်ပုံ အား Straits Times သတင်းစာ၏ ရှေ့မျက် နှာဖုံး တွင် ပါရှိလာသည်ကို အမှတ်ရမိပါသည်။ (ပုံတွင်ရှု)

 

ပထမ အမှု ပြီး၍ နောက်ထပ် လိင်တူ ဆက်ဆံမှု ဖြင့် ၂၀၀၈ တွင် ၎င်း၏ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်တဦး ဖြစ်သူ မိုဟ်ဒ် ဆိုင်ဖုလ် ဘူခါရီ အက်ဇ်လန် က ထပ်မံ တိုင်ကြား၍ နောက်တကြော့ အကျဉ်းထောင်ထဲ ဝင်ခဲ့ရပြန်သည်။

 

ဒုတိယ အမှု ကို အောက်ရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ဗဟိုတရားရုံးတွင် အစိုးရ၏ အယူခံ အောင်မြင်သွားခဲ့၍ အပြစ်ရှိသည်ဟု ဆိုကာ ၂၀၁၅ တွင်ထောင်ဒဏ် ငါးနှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၈ တွင် မဟာသီယာ မိုဟာမက် ဝန်ကြီးချုပ် ပြန်ဖြစ်လာပြီး ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဤသို့ဖြင့် မဟာသီယာ နှင့် အန်နဝါတို့ နိုင်ငံရေး အရ ပြန်ပေါင်းထုတ်လာခဲ့ကြသည်။

 

စိတ်ဝင်စားဖို့ ကောင်းသည်က ဒုတိယ အကြိမ် တရားစွဲခံရစဉ် တွင် ဝန်ကြီးချုပ်သည် အဗ္ဗဒူလာ အာမက် ဘာဒါဝီ ဖြစ်နေခြင်းပင်။

 

အပြစ်ရှိသည် မရှိသည် ဖြစ်စေ အန်နဝါသည် နှစ်ကြိမ်တိုင်တိုင် လိင်တူ ဆက်ဆံမှု ဖြင့် ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသူ ဖြစ်သည်။

 

ရိုဟင်ဂျာလူမျိုး သန်းပေါင်းများစွာကို မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေမှုများကို ပြတ်ပြတ်သားသား ပယ်ချထားသည့် စစ်အုပ်စု အား အသိအမှတ် မပြုသည့် မလေးရှား၏ မူဝါဒကို အန်နဝါက ဝေဖန်လာခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ သူ၏ စည်းရုံးနိုင်မှု ကြောင့် မင်းအောင်လှိုင်က ရိုဟင်ဂျာ ငါးထောင်ကို ပြန်လက်ခံဖို့ သ‌ဘောတူ ခဲ့ပြီ ဖြစ်၍ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ကဲ့သို့ လူမျိုးများက ထိတွေ့ ဆက်ဆံမှသာ သ‌ဘောထား ပြောင်းအောင်လုပ်နိုင်မည်ဟု ဆိုသည်။

 

လသီဖာ က မြန်မာစစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခြင်းအားဖြင့် စစ်အုပ်စုက မူဆလင် များအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်စေရန် ကြိုးပမ်းမည့် အန်နဝါ ၏ အစီအစဉ်ကို ယခုလို မေးခွန်းထုတ်ခဲ့သည်။

 

“အဲဒီလို အကြောင်းပြချက်မျိုးနဲ့ဆိုရင် ပါလက်စတိုင်းလူမျိုးများအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်စေဖို့အတွက် သူ့ အနေနဲ့ အစ္စရေးအစိုးရနဲ့လည်း သံတမန်ရေးအရ ဆက်ဆံသွားမလား။ နောက်ဆုံးမှာတော့ ရိုဟင်ဂျာတွေနဲ့ ပါလက်စတိုင်းတွေရဲ့ ကြုံတွေ့နေရတဲ့ ကံကြမ္မာတွေမှာ သိသိသာသာ တူညီမှုတွေ ရှိပါတယ်။ နှစ်ဖက်စလုံးဟာ နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံတကာက ပယ်ချရှုတ်ချခံထားရတဲ့ အစိုးရတွေရဲ့ လက်ချက်ကြောင့် ဒုက္ခရောက်နေကြတာပါ” ဟု သူမက ပြောကြားခဲ့သည်။

 

မလေးရှား နှင့် အစ္စရေးသည် ယခုတိုင် သံတမန် အဆက်အသွယ် မရှိသေး။

 

သူမက အန်နဝါ သည် ကိုယ်ကျင့်တရားဆိုင်ရာ ဦးဆောင်မှုပေးမည့်အစား “နိုင်ငံခြားသားမုန်းတီးသူများနှင့် လူထုအတွင်း အမုန်းပွားစေသော ဝါဒဖြန့်မှုများ ဖြန့်ဝေနေသူများ၏ စက်ဆုပ်ဖွယ်ကောင်းသော အမြင်များနှင့် အော်ဟစ်ပြောဆိုမှုများကိုသာ ပြန်လည်ထပ်ဆင့်ပြောဆိုနေခြင်း ဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။

 

မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်များကို ပစ်မှတ်ထားသည့် အွန်လိုင်းအမုန်းပွားစေသော လှုံ့ဆော်မှုများ မကြာသေးမီက သိသိသာသာ မြင့်တက်လာခြင်း၏ နောက်ကွယ်တွင် သတင်းမှားများနှင့် နိုင်ငံခြားသားမုန်းတီးရေး အပြောအဆိုများ က အဓိက တွန်းအားပေးနေသည်ဟု မလေးရှား သတင်းစာများက ဆိုသည်။ ယင်းသတင်းမှားများနှင့် အမုန်းပွားစေသော အပြောအဆိုများကို bot များနှင့် အတုအယောင် လူမှုမီဒီယာအကောင့်များက ဖြန့်ဝေနေပြီး၊ AI ဖြင့် ဖန်တီးထားသော ဗီဒီယို ရာနှင့်ချီ ကို အသုံးပြုကာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းများအပေါ် လူထု၏ ရန်လိုမုန်းတီးမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေကြသည်။

 

ယင်း သတင်းမှားဖြန့်ဝေမှု လှုံ့ဆော်ရေး သည် ၂၀၂၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေး တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းအမုန်းပွားစေသော လှုံ့ဆော်မှုနှင့် ဆင်တူသည်။ ထိုအချိန်က အွန်လိုင်းမှ အမုန်းပွားစေသော လှုံ့ဆော်မှုကြောင့် ဒေသခံများက ရိုဟင်ဂျာဒုက္ခသည်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ပေးရန် တောင်းဆိုလာခဲ့ကြသည်။ ထိုဖြစ်ရပ်သည် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ မကျင်းပမီ လအနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

သို့သော် "အွန်လိုင်းမှာ မြင်ရသည့် အမုန်းစကားအားလုံးကို bot တွေဖန်တီးတာ” ဟု ယူဆ၍တော့ မရ။ မလေးရှားတွင် ရိုဟင်ဂျာများ နှင့် ရွှေ့ပြောင်းသူများအပေါ် အွန်လိုင်းအမုန်းစကားဟာ အရင်ကတည်းက ရှိလာခဲ့ပြီး ဖြစ်သည်။

 

ရိုဟင်ဂျာများအား မြန်မာကို ပြန်ပို့မယ်ဆိုရင် "သူတို့ ဘယ်နေရာကို ပြန်ရောက်မလဲ၊ ဘယ်သူက သူတို့ရဲ့ လုံခြုံရေးကို အာမခံမလဲ၊ နိုင်ငံသားအခွင့်အရေး ရှိမရှိ၊ နေရပ်ပြန်ပြီးနောက် ဘယ်လိုအုပ်ချုပ်မှုအောက်မှာ နေထိုင်ရမလဲ" ဆိုသည်က အဓိက ကျသည့် မေးခွန်း အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

အထူးသဖြင့် UNHCR က မလေးရှား၏ စက်တင်ဘာ ၂၉ တွင် ပထမ အသုတ် အဖြစ် ရိုဟင်ဂျာ ၁,၅၀၀ ရဲ့ ပြန်ပို့ရေးအစီအစဉ်တွင် ၎င်းတို့ ပါဝင်ခြင်းမရှိ၊ မြန်မာ တွင် လုံခြုံမှုမရှိသေးကြောင်း သတိပေးထားပြီး ဖြစ်သည်။

 

မိမိ နားမလည် နိုင် ဖြစ်နေသည်က အန်နဝါမှ မင်းအောင်လှိုင် ကို ရက်စက်ကြမ်းကြုပ်သူ ဖြစ်မှန်း သူ သိသော်လည်း ဒီကိစ္စ အတွက် ခေါ်ရပါတယ်လို့ ဗြောင်ထုတ်ဖေါ် ပြောထားသည့် ကြားမှ မင်းအောင်လှိုင်သည် ဘယ်လို မျက်နှာမျိုး နှင့် သွားမည် ဆိုသည်ကို ဖြစ်သည်။ ‌

 

လက်ရှိ အန်နဝါ၏ လောဂျစ်က “မင်းကို အသိအမှတ်ပြုတာ မဟုတ်ဘူး၊ ဒီ ပြဿနာဖြေရှင်းဖို့ အာဏာကို လက်ကိုင်ထားတဲ့သူနဲ့ ဆွေးနွေးရမယ်” ဟူ၍ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ က အရှက် ဘေးချိတ်ထားရသူ ပီပီ “အရှက်ကွဲစရာ” မဟုတ်ဘဲ နိုင်ငံရေးအောင်မြင်မှုတခုလို ကြိမ်းသေပေါက် ယူဆမည့်သူပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!