ဇဗီ အာဟာရိုနီသည် ကားကို ဖြေးဖြေးသာ မောင်းလာခဲ့သည်။ ရုတ်တရက် အကွေ့အကောက်လုပ်ခြင်း သို့မဟုတ် ဘရိတ်အုပ်ခြင်းများ ပြုလုပ်ပါက အကျဉ်းသား၏ လက်မောင်းထဲသို့ ထိုးစိုက်ထားသော ဆေးထိုးအပ် ကျွတ်ထွက်သွားနိုင်သည်ကို စိုးရိမ် နေ၍ ဖြစ်သည်။ သူသည် လမ်းကြို လမ်းကြ များမှ မောင်းလာခဲ့သည်။
လမ်းမကြီးများပေါ်တွင်မူ လာရောက်လည်ပတ်ကြသော ဧည့်သည်တော်များအတွက် လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ဝင်များဖြင့် ပြည့်နှက်နေသည်။
အကြောင်းမှာ အာဂျင် တီးနား အစိုးရအနေဖြင့် နာဇီစစ်ရာဇဝတ်ကောင်များကို ခိုလှုံခွင့်ပေးထားခြင်းကို ပြဿနာတစုံတရာ မရှိဟု သတ်မှတ်ထားသော်လည်း၊ ၎င်းတို့၏ လွတ်လပ် ရေး နှစ်တရာ့ငါးဆယ်ပြည့် အထိမ်းအမှတ်ပွဲတွင် မည်သည့်အကြမ်းဖက်မှုမျိုးကြောင့်မဆို အနှောင့်အယှက်ဖြစ်ခဲ့ပါက ၎င်းတို့၏ နိုင်ငံတကာ ဂုဏ်သိက္ခာ ညှိုးမှိန်သွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်ပေသည်။
ဟွမ် ပီရွန်ကို အာဏာပြန်အပ်ရန် ကြိုးပမ်းနေကြသော အကြမ်းဖက်အုပ်စုများသည် နိုင်ငံပိုင် တယ်လီဖုန်းကုမ္ပဏီကို ဖောက်ခွဲဖျက်ဆီးရန် ပင် ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သံသယဖြစ်ဖွယ်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးကာ ဗုံးခွဲသမားများကို ရှာဖွေ စစ် ဆေး နိုင်ခြေမှာ အလွန်ပင် မြင့်မားနေပေသည်။
အာဟိုရို နီ ၏ သတိကြီးစွာ ထားရှိမှုက မမှားဟု ဆိုရမည် ဖြစ်သည်။ မော့ဆက် ကားသည် ဧဇီဇာ လေဆိပ်သို့ တစုံတရာ အနှောင့်အယှက် အဟန့်အတားမရှိဘဲ ရောက်ရှိလာခဲ့သည်။ လုံခြုံရေးအရာရှိများသည် သံတမန်လိုင်စင်ပြားများကို အကြောင်းပြု၍ လမ်းတွင် ရပ်တန့်စစ်ဆေးခြင်းမရှိဘဲ ကားကို ဂိတ်ဝမှ ဖြတ်သန်းခွင့်ပေးလိုက်ကြပြီး နောက်ခန်းတွင် ထိုင်နေကြသော လူသုံးဦးကို လှည့်၍ပင် မကြည့်ခဲ့ကြပေ။ နိုင်ငံကူးလက်မှတ် စစ်ဆေးသည့်နေရာရှိ အကောက်ခွန်အရာရှိများ၏ စစ်ဆေးမှုများကလည်း သာမန်ကာ ရှန်ကာ သာ ဖြစ်သည်။
အာဟိုရို နီက လေယာဉ်ကွင်း ပြေးလမ်းပေါ်သို့ ကားကို မောင်းနှင်လာစဉ် အချိန်ကိုက်ပင် လေယာဉ် ဝန်ထမ်း များ တင်ဆောင်လာသော မီနီ ဘတ်စ်သည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သူ၏ကားနောက်မှ လိုက်ပါလာခဲ့သည်။
အယ်လ်အယ်လ် (El Al) လေကြောင်း၏ ထွက်ခွာမည့်ခရီးစဉ်သည် ထိုညအတွက် နောက်ဆုံးလေယာဉ်ခရီးစဉ် ဖြစ်နေ၍ ဘစ်တန်းနီးယား လေယာဉ်ရပ်နားထားရာ အာဂျင်တီးနားလေကြောင်းပိုင် ဧရိယာအတွင်း လူသူ ကင်းမဲ့နေသည်။
အာဟိုရိုနီ သည် ကားကို လေယာဉ်ထွက်ပေါက် လှေကားခြေရင်းတွင် ရပ်တန့်လိုက်သည်။ လေယာဉ်လှေကားထစ်ထိပ်ရှိ တံခါးဝတွင် လေယာဉ်အမှုထမ်းတဦး ပေါ်လာပြီး လက်မထောင်ပြကာ အချက်ပြလိုက်သည်။ ချက်ချင်းပင် အာဟိုရိုနီ၏ ဆီဒန်ကားနောက်တံခါးများ ပွင့်လာပြီး အိုက်ခ်မန်းကို လေယာဉ်ပေါ်သို့ လှေကားထစ်အတိုင်း ဦးဆောင်ခေါ်လာကြသည်။ ဘယ်ဘက်ခြမ်းတွင် ဆရာဝန် ဖြစ်သူ နှင့် ညာဘက်ခြမ်းတွင် မော့ဆက် အေးဂျင့် တဦးတို့က တွဲခေါ်လာခဲ့သည်။
ယင်းမှာ သာမန်ဝန်ထမ်းများ လေယာဉ်ပေါ်တက်သည့် ပုံစံမျိုးဖြစ်ကြောင်း ဟန်ဆောင်ပြသနိုင်ရန်အတွက် ကျန်ရှိနေသည့် အမှုထမ်းများလည်း လေယာဉ်ကွင်းသုံး မီနီဘတ်စ် ပေါ်မှ ဆင်းလာကြပြီး အိုက်ခ်မန်၏နောက်မှ လှေကားအတိုင်း တက်လာခဲ့ကြသည်။
"ကျွန်တော်တို့ ပတ်ပတ်လည်ကို စက်ဝိုင်းပုံစံ ဝိုင်းပြီးလှေကားထစ်တွေအတိုင်း တက် လိုက်ခဲ့ကြ" ဟု ရာဖီအီတန် က အမိန့်ပေးလိုက်သည်။ ထိုအခါ လေယာဉ်အမှုထမ်း ခုနစ်ဦးဖြစ်ကြသော လေယာဉ်ပေါ်ရှိ ဝန်ထမ်းများ၊ ကြိုးကိုင်ဆက်သွယ်ရေးသမားများနှင့် လေယာဉ်မယ်များက သူ၏ အမိန့်အတိုင်း လိုက်လုပ်ခဲ့ကြလေသည်။
ရုတ်တရက် လေဆိပ်လုံခြုံရေး အစောင့်တဦးက လှေကားထစ်ပေါ်သို့ အလင်းအားကောင်းသော ဆလိုက် မီးကြီးဖြင့် ထိုးပြလိုက်သဖြင့် အားလုံး လန့်သွားကြသည်။ သို့သော် မိမိခြေထောက်ပေါ်တွင် ကိုယ်တိုင် မရပ်နိုင်သူတဦးနှင့် သူ့ပတ်ဝန်းကျင်တွင် စုဝေးနေကြသူများ၏ ထူးဆန်းသော အပြုအမူများကို လာရောက်စစ်ဆေးမေးမြန်းသူ တဦးတယောက်မျှ ထွက်မလာပေ။
အဖွဲ့သားများအနေဖြင့် ထိုလုံခြုံရေးအစောင့်က ၎င်းတို့အနက်မှ တဦးဦး အရက်အမူးလွန်နေသည်ဟုသာ ယူဆလိမ့်မည်ဟု မျှော်လင့်နေကြရသည်။
လေယာဉ် ပေါ် တက်ရမည့် လှေကားခုံတန်းက 'ဗြိတန်းနီးယား' လေယာဉ်အတွက် အနည်းငယ် တိုနေသည်။ ထို့ကြောင့် အိုက်ခ်မန်းကို လေယာဉ်ကိုယ်ထည်ပေါ်သို့ ရောက်ရန် နောက်ဆုံး တဆင့် မကာ တွန်းတင် ပေးလိုက်ရသည်။ ၎င်းကို ပထမတန်း အ ခန်း၏ ရှေ့ဆုံးတန်း မိန်းလမ်းကြောင်းဘက် ခုံတန်းတွင် ချက်ချင်း ထိုင်ခိုင်းလိုက်သည်။ ခန္ဓာကိုယ်ပေါ်ကိုလည်း စောင်တထည် ခြုံပေးခဲ့သည်။
သူနှင့်ကပ်လျက်တွင် ခုံတခုံ လွတ် နေသော်လည်း မော့ဆက်ဆရာဝန်က နာဇီစစ်ရာဇဝတ်ကောင်တဦးနှင့် ဘေးချင်းယှဉ်လျက် လေယာဉ်ခရီးစဉ် တခုလုံး ထိုင်ရန် မည်သို့မျှ စိတ်ကူးမရှိပေ။ ထိုအစား သူသည် အိုက်ခမန်းနှင့် ကပ်လျက် နောက်ခုံတွင် ဝင်ထိုင် လိုက်ပြီး လိုအပ်လာပါက အိပ်ဆေး ထပ်ထိုးပေးရန် အဆင်သင့် ပြင်ဆင်ထားသည်။
"ခင်ဗျား တ မှေး လောက် အိပ်ဖို့ ကြိုးစား" ဟု အာဟာရိုနီက အိုက်ခမန်အား ပြောသည်။ စကားမပြောနိုင်ရှာတော့သော အကျဉ်းသားကလည်း သူပြောသည့် အတိုင်း အိပ်ဖို့ ပြင် လေ တော့သည်။
အယ်လ်အယ်လ် လေကြောင်းလိုင်း ဝန်ထမ်းများသည် ပထမတန်းတွင် ကျန်ရှိနေသေးသော ခုံတန်းခြောက်ခုံတွင် ဝင်ရောက်နေရာယူကြသည်။ ရှေ့ဘက်လေယာဉ်ခန်းတွင်းရှိ မီးများကို ပိတ်ထားလိုက်ပြီး ကုလားကာကို ဆွဲပိတ်ထားသည်။ အာဂျင်တီးနား အာဏာပိုင်များက လေယာဉ်ပေါ်သို့ တက်ရောက်လာရန် တောင်းဆိုလာခဲ့ပါက အိပ်ပျော်နေဟန်ဆောင်ကြရန် လူတိုင်းကို မှာကြားထားသည်။
ယခုအချိန်အထိ အိုက်ခမန်းကို စစ်ဆင်ရေး ၏ ကဏ္ဍတိုင်းသည် အစီအစဉ်အတိုင်း ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ရှေ့တွင် မော့ဆက် အဖွဲ့နှင့် ၎င်းတို့၏ အကျဉ်းသား သည် နိုင်ငံကူးလက်မှတ် စစ်ဆေးမည့် နေရာကို ဖြတ်ကျော်ရမည်ဖြစ်သော်လည်း လေယာဉ်ပေါ်သို့ ပုံမှန်တက်ရောက်စစ်ဆေးလေ့ရှိသည့် အာဂျင်တီးနား အကောက်ခွန် အာဏာပိုင်များကို လုံးဝ မတွေ့ရပေ။
ဗြိတန်နီးယား လေယာဉ်၏ စက်နှိုးသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် လေယာဉ်သည် လိုက်ပါမည့် ခရီးသည်များကို တင်ဆောင်ရန်အတွက် ပင်မခရီးသည်တင်ဂိတ်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာသည်။
အီဆာ ဟာရယ် သည် ထိုလေဆိပ်ဂိတ်တွင် ရှိနေသော်လည်း လေယာဉ်ပေါ်သို့ ချက်ချင်းတက်ရမည်လော သို့မဟုတ် နောက်ဆုံးအချိန် အထိ စောင့်ရမည်လောဆိုသည်ကို ဆုံးဖြတ်ချက် မချရသေးပေ။ အကယ်၍သာ ဤစစ်ဆင်ရေးကြီး ပျက်ပြားသွားခဲ့ပါက သူ လွတ်မြောက်သွား နိုင်မှ ဖြစ် ပေမည်။ အဘယ် ကြောင့် ဆို သော် ဟာရယ် အနေဖြင့် နိုင်ငံခြားအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံ၍ မဖြစ်အောင် အလွန်တရာ များပြားလှသည့် လျှို့ဝှက်ချက်များကို သိရှိထား၍ ဖြစ်သည်။
သန်းခေါင်ယံ လောက်တွင် ပါးသိုင်း မွေးနှင့် အာဂျင်တီးနားနိုင်ငံကူးလက်မှတ် အရာရှိတဦးသည် ခရီးသည်စောင့်ဆိုင်းခန်းထဲသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ အချိန်ဇယား မှားယွင်းမှုကြောင့် နောက်ကျသွားရသည့်အတွက် သူက အားနာနေရှာသည်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ကြပါ။ တောင်းပန်ပါတယ်!" ဟု ဆိုကာ လူတိုင်း၏ နိုင်ငံကူးလက်မှတ်များကို ခပ်မြန်မြန်ပင် တံဆိပ်တုံး ထုပေးလိုက်သည်။ ဇဗီ အာဟာရိုနီ လည်း ထိုသူတို့တွင် တဦးအပါအဝင် ဖြစ်သည်။ ထိုအရာရှိအနေဖြင့် လေယာဉ်ပေါ်သို့ တက်ရောက်ပြီး လေယာဉ်အဖွဲ့သားများ၏ စာရွက်စာတမ်းများကို စစ်ဆေးရန် ကြိုးပမ်းခြင်း လုံးဝ မရှိခဲ့ပေ။
အိုက်ခ်မန်းကို နိုင်ငံပြင်ပသို့ ခေါ်ထုတ်ရန်အတွက် ဒုက္ခခံ၍ စီစဉ်လုပ်ဆောင်ခဲ့ရသော အတုအယောင် များနှင့် လှည့်စားမှုများမှာ နောက်ဆုံးတွင် မလိုအပ်တော့သလို ဖြစ်သွားခဲ့သည်။ သူ၏ နိုင်ငံကူးလက်မှတ်ကို စွန့်လွှတ်ပေးခဲ့ရပြီး ဆေးရုံတွင် အချိန်ကုန်ခံ စောင့်ဆိုင်းခဲ့ရသည့် အစ္စရေး ခရီးသွားလူငယ်သည် လှည့်စားစရာ မလိုဘဲ ဖြစ်သွားခဲ့သည်။ သို့သော် ဖြစ်နိုင်သမျှကို ကြိုတင်သတိထား လုပ်ဆောင်ထားခြင်းက အမြဲတမ်း ပိုသည် မရှိ ဆိုသည်ကို အာဟာရိုနီ သိရှိထားသည်။
"ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ခရီးထွက်နိုင်ပါစေ Bon Viaje" ဟု အာဂျင်တီးနားအရာရှိက လေယာဉ်ဘက်သို့ ခေါင်းညိတ်ပြရင်း ရင်းနှီးနွေးထွေးစွာ ပြောလိုက်သည်။
အချိန်ကျရောက်ပြီ ဖြစ်၍ အီဆာ ဟာရယ်သည် သူ၏ နိုင်ငံကူးလက်မှတ်ကို မုတ်ဆိတ်မွေးနှင့် အကောက်ခွန်အရာရှိထံသို့ ပေးအပ်လိုက်ပြီး တံဆိပ်တုံးထုလိုက်သည့် အသံကျယ်ကြီးကို ကြားလိုက်ရပြီး နောက် မိမိတို့နိုင်ငံသို့ ပြန်မည့်လေယာဉ်ပေါ်သို့ တက်ရောက်ရန် လေယာဉ်ကွင်းပြေးလမ် အတိုင်း လျှောက်ထွက်လာခဲ့တော့သည်။
*****************