အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလို အား စစ်အုပ်စု ၏ ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာခြင်းနှင့် ဒေါ်နယ်ထရမ့် ၏ မြန်မာအပေါ် ထားရှိသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ရပ်တည်ချက်များမှာ နိုင်ငံတကာ သံတမန်ရေးရာနှင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရ အပြန်အလှန် ဆက်စပ်နေသော အကြောင်းအရာများ ဖြစ်သည်ဟု ယူဆစရာ ဖြစ်လာသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ အဒမ် ကက်စတီလိုအား ၂၀၂၆ ဇွန်လကတည်းက စီးပွားရေးဆိုင်ရာ ယုံကြည်မှု ဖေါက်ဖျက်သည်ဆိုသော စွပ်စွဲချက်များဖြင့် နေပြည်တော်တွင် အကျဉ်းချခံထားရခြင်းဖြစ်ပြီး၊ တကယ်တမ်းတွင် မြန်မာ့အာဏာသိမ်းမှုဆိုင်ရာ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကြောင့် ယခုကဲ့သို့ မတရား ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ကက်စတီလို သည် အမေရိကန် မရိမ်း တပ် မှ အရာရှိ ဟောင်း တဦးဖြစ်ပြီး Republicans Overseas အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၎င်းလွတ်မြောက်ရေးအတွက် ဒု-သမ္မတ ဂျေဒီဗန့်စ်၏ ရုံးမှ သံတမန်များ က ကန့်လန့်ကာနောက်ကွယ်မှ တိတ်တဆိတ် စေ့စပ်ညှိနှိုင်းပေးခဲ့ကြောင်း ဓားစာခံများ လွတ်မြောက်ရေး ဆောင်ရွက်ပေးသည့် Global Reach အဖွဲ့က အတည်ပြုခဲ့သည်။ စစ်အုပ်စု ဘက်ကလည်း အမေရိကန်နှင့် ချစ်ကြည်ရေးကို ထောက်ထား၍ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စု အဖို့က အမေရိကန် နိုင်ငံသား တဦးဦး ကို ဖမ်းဆီးထားနိုင်မှသာ အမေရိကန် နှင့် သံတမန် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားနိုင်မည်ဟု ယူဆလာနိုင်သည်။
အဒမ် ကက်စတီလို လွတ်မြောက်လာပြီး တရက်တည်း ဖြစ်သော စက်တင်ဘာ ၁၆ တွင် ဒေါ်နယ်ထရမ့်က "၂၀၀၃ ဘဏ္ဍာရေးနှစ်၊ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုချက်အက်ဥပဒေ (Foreign Relations Authorization Act - FRAA) ဥပဒေများအရ သမ္မတတစ်ဦးအနေဖြင့် ကျွန်ုပ်၌ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာအရ" ဆို ကာ မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံ ပေါင်း ၂၃ နိုင်ငံအား မူးယစ်ဆေးဝါး အဓိကဖြတ်သန်းသယ်ဆောင်ရာ နိုင်ငံများ သို့မဟုတ် တရားမဝင်မူးယစ်ဆေးဝါး အဓိကထုတ်လုပ်ရာ နိုင်ငံများအဖြစ် ယခုပဲ သတ်မှတ်ကြေညာလိုက်သည် ဟု ဆိုကာ ၎င်း၏ သုံးသပ်အတည်ပြုချက်ကို ကွန်ဂရက် သို့ ပေးပို့ ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
ယင်းသည် အမေရိကန် သမ္မတ တဦး အနေဖြင့် နှစ်စဉ်လို ထုတ်ပြန်နေရခြင်း ဖြစ်သော်လည်း ထူးခြားလာသည်က ၎င်း၏ ထုတ်ပြန်ချက်တွင် ထရမ့်သည် ယခင်ကလို မြန်မာ့မူးယစ်ဆေးဝါး ပြဿနာဟု ယေဘုယျ မပြော တော့ဘဲ "စစ်အုပ်ချုပ်ရေး ယန္တရား" ကြောင့်ဟု တိုက်ရိုက် အမည်တပ် စွပ်စွဲထားသည်။ စစ်အုပ်စု သည် ၎င်းတို့၏ မူးယစ်ဆေးဝါး စီးပွားရေးကို နှိမ်နင်းရန် သိသာထင်ရှားသော လှုပ်ရှားမှု မရှိသလောက် ဖြစ်နေပြီး ၎င်းတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်ရာ ဖြစ်လာသည်ဟု ဖော်ပြခြင်းဖြင့် စစ်အုပ်စု၏ တာဝန် ပျက်ကွက်မှုအဖြစ် အမေရိကန်က တရားဝင် မှတ်တမ်းတင်လိုက်ခြင်း ဖြစ်သည်။
အမေရိကန် ဥပဒေအရ နိုင်ငံတနိုင်ငံအား မူးယစ်ဆေးဝါး တိုက်ဖျက်ရန် "သိသိသာသာ ပျက်ကွက်သည်" ဟု သတ်မှတ်ပါက အမေရိကန်၏ ကူညီထောက်ပံ့မှုများကို ဖြတ်တောက်ရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားကတည်းက စစ်အုပ်စု အား အမေရိကန်၏ တိုက်ရိုက် အကူအညီများအားလုံးကို အလိုအလျောက် ဖြတ်တောက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှု ထပ်တိုးခြင်းသည် စစ်အုပ်စု အပေါ် ထပ်၍ ဖိအားအသစ် ဖြစ်မလာဘဲ ပုံမှန် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်း ထုတ်ပြန်ချက်တခု သာ ဖြစ်နေသည်။
ထရမ့်သည် မြန်မာ စစ်အုပ်စု ကို မူးယစ်ဆေးဝါး တရားခံအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ထားသော်လည်း၊ လက်တွေ့တွင်မူ ၎င်း၏ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်တွေ့ကျသော နိုင်ငံရေး အကျိုးအမြတ် ကိုသာ ရှေ့တန်းတင်နေဆဲ ဖြစ်သည်။
စာရွက်ပေါ်တွင်သာ စစ်အုပ်စု ကို ပြစ်တင်ရှုတ်ချနေသော်လည်း၊ နောက်ကွယ်တွင်မူ အမေရိကန် အကျိုးစီးပွားအတွက် ၎င်းတို့နှင့် ညှိနှိုင်းကာ အဒမ် ကက်စတီလို ကို လွတ်မြောက်အောင် ဆောင်ရွက်လာသည်။
မူးယစ်ဆေးဝါးပြဿနာထက် ထရမ့်အစိုးရသည် မြန်မာနိုင်ငံရှိ ရှားပါးဒြပ်စင် ကဲ့သို့သော သဘာဝသယံဇာတ တူးဖော်မှုကဏ္ဍတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ ပါဝင်ခွင့်ရရှိရေးနှင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးကို ပိုမိုအာရုံစိုက်နေသည်။ လွတ်မြောက်လာသူ အဒမ် ကက်စတီလိုကိုယ်တိုင်လည်း မြန်မာ့မြေရှားသတ္တုကဏ္ဍတွင် အမေရိကန် ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဂျေဒီဗန့်စ်၏ ရုံးခန်းထဲ ဝင်ထိုင်ကာ တိုင်ပင်ဆွေးနွေးခဲ့ဖူးသူ ဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်နေသည့် ကိစ္စကို အပြင်းအထန် သွားရောက်ဖိအားပေးပါက စစ်အုပ်စု နှင့် ဆက်ဆံရေး လုံးဝပြတ်တောက်သွားနိုင်သဖြင့် အမေရိကန်ဘက်က ယင်းကိစ္စကို ခပ်မှိန်မှိန်သာ ထားရှိလို ပုံ ရသည်။
ရွှေတြိဂံဒေသ မှ ထွက်ရှိသော ဘိန်းနှင့် စိတ်ကြွဆေးပြားများသည် အဓိကအားဖြင့် အာရှ-ပစိဖိတ် ဒေသတွင်းသို့သာ ပျံ့နှံ့သဖြင့် ထရမ့်၏ ဦးစားပေး လုပ်ငန်းစဉ် (America First) တွင် ထိပ်ဆုံးတွင် ထားဖို့ မလိုအပ်သေး ဟု သဘောထား နေခြင်း လည်း ဖြစ်သည်။
စစ်အုပ်စု ဖက်ကလည်း ဖမ်းမိသည့် မူးယစ်ဆေးဝါးများကို မီး ရှို့ရှို့ ပြနေသည်ကလွဲ၍ ထရမ့် ပြောသလို ဘာမှ ထူးထူးထွေထွေ လှုပ်ရှားခြင်း မရှိ ဖြစ်နေသည်။ သို့သော် ထရမ့်၏ တရုတ်ကို တန်ပြန် နိုင်ရေး တွင် မူ ဦးစားပေး ဖြစ်နေသည်။
မြန်မာ ရှိ black gold ဟု ခေါ်သော ဘိန်းလုပ်ငန်းများသည် အာဏာသိမ်းပြီး နောက်ပိုင်း ထိပ်ဆုံး ပြန်ရောက်လာခဲ့သည်ဟု Economist တွင် စက်တင်ဘာ ၁၀ ရက် တွင် ရေးသားလာသည်။ ထိုသို့ ခေါင်းထောင်လာခြင်းသည် အခြား နိုင်ငံများ တွင် ကျဆင်းသွားခဲ့ခြင်းကြောင့် ဖြစ်ပြီး ဝယ်လိုအား ကောင်းလာ စိုက်ပျိုးသူ များ အတွက် ဈေးကောင်းရလာနေသည်။ ဥပမာအားဖြင့် ဘိန်းထုတ်လုပ်မှု ဖက်တွင် ပြိုင်ဖက် ဖြစ်သူ တာလီဘန်သည် အစိုးရ ဖြစ်လာကတည်းက ဘိန်းစိုက်ပျိုး မှု ကို လုံးဝ ပိတ်ပင် တားဆီးလာခဲ့သည်။
ယမန်နှစ်က ဘိန်းစိုက်ပျိုး ဧက သည် မြန်မာတွင် ယခင်ကထက် ၁၇ ရာနှုန်း မြင့်တက်လာသည်ဟု ကုလ၏ မူးယစ်တိုက်ဖျက်ရေး ရုံးမှ စာရင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တာလီဘန် နှင့် စစ်အုပ်စု တို့ ကုလ သမဂ္ဂ မှ အသိအမှတ် ပြုခံရရေး အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိနေဆဲ ဖြစ်သည်။
စစ်အုပ်စု သည် ဘိန်းကုန်သွယ်မှုမှ ရရှိသော အကျိုးအမြတ်များကို ရယူနေသည်ဟု ယူဆခံထားရ၍ ယခုပြဿနာကို နှိမ်နင်းရန် ၎င်းတို့၏ ပြတ်သားမှုအပေါ် သံသယများ ရှိနေသည်။ နယ်စပ်ဒေသများ၏ ထိန်းချုပ်မှုကို စစ်အုပ်စု နှင့် ကွဲပြားခြားနားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ခွဲဝေယူထားကြရာ ယင်းက မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးစေသည်။ တောင်သူများအနေဖြင့်မူ အများစုက ဘိန်းကို အခြားသော သီးနှံများထက် ပိုမိုစိတ်ချရသော ဝင်ငွေရလမ်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ စိုက်ပျိုးမြေ တစ်ဟက်တာလျှင် ဘိန်းခြောက်မှရသော အကျိုးအမြတ်သည် အချို့သော ကော်ဖီသီးနှံများထက် ခန့်မှန်းခြေ သုံးဆမျှ ပိုမိုများပြားနေသည်ဟု ရေးသားထားသည်။
ထို့ကြောင့် အမေရိကန်သည် ထိုပြဿနာ အတွက် မည်သူ့ကို ဖိအားပေး ကိုင်တွယ်ရမည် ဆိုသည်နှင့် ပတ်သက်၍ လိပ်စာ ပျောက်နေသူ ကဲ့သို့ ဖြစ်လာနေ၍ မျက်ကွယ်ပြုထားရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှား ပေသည်။
လက်ရှိ အခြေအနေများအရ ကောင်စီနှင့် EAO အဖွဲ့အချို့က မူးယစ်ဆေးဝါးမှ ရရှိသော "ဒေါ်လာသန်းချီ" သည့် ငွေကြေးဖြင့် လက်နက်အကောင်းစားများ ဝယ်ယူနေချိန်တွင်၊ မြေပြင် PDF များမှာ ပြည်သူ့ထံမှ ကောက်ခံရရှိသည့် လက်လုပ်လက်စား ရန်ပုံငွေဖြင့်သာ ဒရုန်းနှင့် လက်လုပ်သေနတ်များကို အားကိုးနေရသဖြင့် အလွန်အချိုးမကျသော လက်နက်အင်အား ကွာဟချက်ကို ကြုံတွေ့နေရရှာ သည်။
မူးယစ်ဆေးဝါး ငွေကြေးများ အဆမတန် ကြီးထွားလာ နေခြင်း ကြောင့် နယ်စပ်မှောင်ခိုဈေးကွက်တွင် လက်နက်ဈေးနှုန်းများ အဆမတန် မြင့်တက်လာရာ၊ ယင်းအခြေအနေသည် မူးယစ်ဆေးဝါးဝင်ငွေ မရှိသည့် တော်လှန်ရေးအဖွဲ့ငယ်များအတွက် လက်နက်ဝယ်ယူရန် ပိုမိုခက်ခဲသွားစေ၍ ပြည်သူများ၏ လှုဒန်း ပံ့ပိုး မှု ကိုသာ အားကိုး နေကြရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!