စစ်အုပ်စု တပ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ကြည့်လျင် လွန်စွာ အရေးပါသည့် အလှည့်အပြောင်းများကို တွေ့လာရပြီး စစ်အုပ်စု ဘက်မှ စစ်ရေးအရ အကြီးအကျယ် အကျပ်ရိုက်နေမှုကို ပြသနေသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဧရာဝတီမြစ်ကြောင်းအတွင်း ရေယာဉ်အုပ်စုကို ခြုံခိုတိုက်ခိုက်မှုသည် စစ်အုပ်စု အား အကြီးအကျယ် အထိနာစေခဲ့သည်။ စစ်ရေယာဉ် ၇ စီး ပျက်စီး/ထိခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၁၈ ဦး နှင့် တပ်မိသားစု ဝင် ၃၁ ဦး စုစုပေါင်း ၁၅၁ ဦးအား သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ တစီးသည် ရေနီ ကျေးရွာတွင် သောင်တင် သွားခဲ့သည်ဟု ဆိုသည်။
မန္တလေး မှ ဩဂုတ် ၂၁ ရက် တွင် စတင်ထွက်ခွာလာသော စစ်သင်္ဘော ၁၄ စီးပါ စစ်ရေယာဉ် တန်းသည် စက်တင်ဘာ ၃ ရက် နေ့တွင် ၆ စီးသာ ဗန်းမော်သို့ ဆိုက်ကပ်နိုင်ခဲ့သည်။
KIA သည် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို လုံခြုံစိတ်ချရသော တနေရာ တွင် စစ်ဆေးမေးမြန်းနေပြီး ၎င်းတို့အား ဂျနီဗာ ကွန်ဗင်ရှင်း နှင့် အညီ စောင့်ရှောက်ထားသည်ဟု ဆိုသည်။
KIA အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့ရှိ စစ်အုပ်စု တပ်များထံ စစ်ကူနှင့် ရိက္ခာမရောက်ရှိအောင် ဖြတ်တောက်နိုင်ခဲ့သည့် ဗျူဟာမြောက် အောင်ပွဲလည်း ဖြစ်သည်။
KIA သည် မြစ်ကြောင်းထောက်ပံ့ရေးကို ဖြတ်တောက်ပြီး သိမ်းပိုက်ထားသည့် နယ်မြေများကို ကာကွယ်ရန် နှင့် စစ်မျက်နှာကို ချဲ့ထွင်ရန် ကြိုးပမ်းလာနေပြီ ဖြစ်သည်။
တိုက်ပွဲများအတွင်း အရေးနိမ့်နေသည့် စစ်အုပ်စု ဘက်က နေပြည်တော်တွင် "စည်းကမ်းချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန်" ဖိတ်ခေါ်ခဲ့သော်လည်း KIA ဘက်က ပယ်ချခဲ့ပြီး ပြည်ပနိုင်ငံတခုတွင်သာ ဆွေးနွေးလိုကြောင်း တုံ့ပြန်ခဲ့သည်။ ထို အချက်ကပင် စစ်ရေး အခြေ မလှသဖြင့် အပစ်ရပ်ရန် ကမ်းလှမ်းရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့၍ တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ၎င်းတို့ အပေါ် အသာစီးရနေကြောင်း ပြသနေသည်။
ရှမ်းမြောက် ဒေသ တွင်လည်း စစ်အုပ်စု၏ ကင်းထောက် လေယာဉ်များ က ညစဉ်လို လားရှိုး၊ ကွတ်ခိုင်၊ သီပေါ တဝိုက် အနိမ့်ပျံ ထောက်လှန်းနေပြီး MNDAA သည် လည်း တပ်အင်အား များ ဖြည့်တင်းလာပြီး စစ်ရေး လေ့ကျင်မှု များ အပြင်းအထန် ပြုလုပ်နေသည်ကို တွေ့ရ၍ အခြေ အနေ များ တင်းမာနေသည်ဟု ဒေသခံများ အပြောအား ကိုးကား၍ မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။
#ရခိုင်စစ်မျက်နှာ
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အထိ အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်အုပ်စု သည် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များတွင် စက်တင်ဘာ ၄ ရက်မှစ၍ "Operation 4926" ဟု အမည် တပ်ကာ တန်ပြန်ထိုးစစ် ဆင်နွှဲလာသည်။
ပုဏ္ဍားကျွန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အုပ်စု ဘက်မှ တပ်ရင်းမှူး ၂ ဦး အပါအဝင် အလောင်း ၁၀၀ ကျော်ကို AA ဘက်က သိမ်းဆည်းရမိခဲ့သည်။ ယင်းက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကို အလွန်အကျွံသုံးစွဲနေသည့်တိုင် ၎င်းတို့၏ မြေပြင်ခြေလျင်တပ်များ စွမ်းဆောင်ရည် ကျဆင်းနေမှုကို ဖုံးဖိ၍ မရအောင် ပေါ်လွင်လာခဲ့ရသည်။
စစ်အုပ်စု သည် မြေပြင်တိုက်ပွဲတွင် အရေးနိမ့်မှုကြောင့် လေကြောင်းလိုင်း၊ ဒရုန်း (UAV) နှင့် ရေတပ်လက်နက်ကြီးများကို သုံး၍ လူနေရပ်ကွက်များနှင့် ကျေးရွာများကို ရမ်းသန်း ပစ်ခတ် တိုက်ခိုက်လာခဲ့သည်။ ထို့ကြောင့် သံတွဲတွင် အရပ်သား သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ပြီး ကျောက်ဖြူနှင့် စစ်တွေရှိ ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
မြန်မာနိုင်ငံအထက်ပိုင်း ကချင် နှင့် အနောက်ပိုင်း ရခိုင် စစ်မျက်နှာနှစ်ခုလုံးတွင် စစ်အုပ်စု သည် နယ်မြေစိုးမိုးမှု သိသိသာသာ ဆုံးရှုံးနေရသည်။ စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို သုံးကာ အပူတပြင်း တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးစားနေသော်လည်း မြေပြင်တွင် စစ်သားနှင့် လက်နက်ခဲယမ်း အမြောက်အမြား ဆုံးရှုံးနေရဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့အတွက် နေပြည်တော်ရှိ spin doctors ခေါ် မီဒီယာ မျက်လှည့် သမားများအဖို့ ၎င်းတို့ အဖွဲ့အစည်းသည် စစ်ရေး၊ နိုင်ငံရေးအရ အရေးနိမ့်လာ သည့် သတင်းဆိုးကြောင့် ဖြစ်လာမည့် ဂုဏ်သိက္ခာကျဆင်းမှုကို အမြန်ဆုံး လျော့ပါးအောင် လုပ်ဆောင်ပေးရန် တာဝန်ရှိလာ၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းဖက် အာရုံလွှဲလာခြင်းပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!