ကမ္ဘာတရားရုံးက ဂျီနိုဆိုက် အမှု နောက်လထဲ အမိန့်ချမည်

by Hla Soewai - Sep 21 2026

တရားလို အဖြစ် တရားစွဲဆိုထားသော ဂမ်ဘီယာ တရားရေး ဝန်ကြီးက မြန်မာမှ ဂျီနိုဆိုက် ကျူးလွန်ခြင်း ရှိမရှိကို ကမ္ဘာတရားရုံး မှ လာမည့် အောက်တိုဘာလ ထဲတွင် အမိန့်ချမှတ်မည်ဟု မျှော်လင့်ရကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ထိုအရေး နှင့် ပတ်သက်၍ ဝါရှင်တန် ရှိ နယူးလိုင်း မဟာဗျူဟာ နှင့် မူဝါဒ ရေးရာ အင်စတီကျု မှ ဒေါက်တာ အဇီးမ် အီဘရာဟင် ၏ တင်ပြချက်သည် လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသည့် အပြင် သိသင့်သိထိုက်သည်များ ပါဝင်နေ၍ ပြန်လည် မျှဝေလိုက်ရပါသည်။

 

အကယ်၍ မြန်မာသည် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့သည်ဟု တာဝန်ရှိကြောင်း ဆုံးဖြတ်ခံရပါက စစ်တပ်က အာဏာလက်လွှတ်ရသည့်တိုင် ထို အရေးသည် အလိုအလျောက် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ အနာဂတ်တွင် ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာခဲ့လျှင်ပင် နိုင်ငံတကာဥပဒေအရ အလွန်အရေးကြီးဆုံး တာဝန်ဝတ္တရားများအနက် တရပ်ကို ချိုးဖောက်ခဲ့ကြောင်း သတ်မှတ်ခံထားရသည့် နိုင်ငံတော်ကို ထိုအစိုးရက အမွေဆက်ခံရမည် ဖြစ်သည်။ (ထို့အတွက်ကြောင့်လည်း နိုင်ငံတော် အတိုင်ပင်ခံသည် ဟိဂ်သို့ ကိုယ်တိုင် လာရောက်ပြီး ခုခံ ချေပခဲ့ခြင်းလည်း ဖြစ်သည်။)

 

ဤအချက်သည် အစပိုင်းတွင် တရားမျှတမှု မရှိသကဲ့သို့ ထင်ရနိုင်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအတိုက်အခံအဖွဲ့ဝင် အများအပြားသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၌ မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း မရှိကြပေ။ ၎င်းတို့ တိုက်ဖျက်ဆန့်ကျင်ခဲ့သည့် စစ်ဗိုလ်ချုပ်များ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အဘယ်ကြောင့် ၎င်းတို့က တာဝန်ယူရမည်နည်း။

 

မည်သည့် အနာဂတ်ဒီမိုကရေစီခေါင်းဆောင်ကိုမျှ မိမိကိုယ်တိုင် မကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိသူအဖြစ် သတ်မှတ်ဆက်ဆံခြင်း မပြုသင့်ပေ။ သို့သော် တဖက်တွင် လည်း လက်ရှိ အာဏာရယူထားသူများ နေရာကို အစားထိုး နိုင်ရုံ ရုံမျှဖြင့် နိုင်ငံ တနိုင်ငံ သည် မိမိ၏ တာဝန်ဝတ္တရားများကို ဖျက်ပစ်၍ မရနိုင်ပြန်ပေ။

 

ထိုသို့ ပြုလုပ်နိုင်ခဲ့ပါက နိုင်ငံတကာတာဝန်ခံမှုစနစ်သည် အဓိပ္ပာယ်မရှိသလောက် ဖြစ်သွား ပေမည်။ အစိုးရတစ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကျူးလွန်ပြီးနောက် ပြိုလဲသွားနိုင်သည်။ ထို့နောက် အာဏာဆက်ခံသူများက “အတိတ်ကိစ္စများ ၎င်းတို့နှင့် မသက်ဆိုင်တော့ဘဲ အသစ်တဖန် စတင်နိုင်ပြီ” ဟုဆိုကာ တာဝန်ကင်းလွတ်ခွင့် တောင်းဆိုခဲ့လျှင် ထိုရာဇဝတ်မှုများ၏ သားကောင် ဖြစ်ခဲ့ရသူများသည် နစ်နာမှုအတွက် ကုစားဖြေရှင်းပေးမှုမရှိဘဲ ကျန်ရစ်သွားနိုင်သည်။

 

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်သည် စာရွက်ပေါ်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် တ ခုမျှသာ မဖြစ်သင့်ဘဲ အနာဂတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးအာဏာခွဲဝေမှု၊ တရားမျှတမှုနှင့် တာဝန်ခံမှုစနစ်များကို ပုံဖော်ပေးနိုင်သည့် အခြေခံအချက်တရပ် ဖြစ်သင့်သည်။

 

ရိုဟင်ဂျာအရေးကိစ္စကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတရပ် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီမံဖြေရှင်းရမည့် ဒုက္ခသည်ပြဿနာ အဖြစ်သာ သဘောထား၍ မရနိုင်ပေ။ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တာဝန်ရှိသည်ဟု ဆုံးဖြတ်ခံရပါက ထိုအမှားအယွင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဆိုးကျိုးများကို ပြန်လည်ကုစားဖြေရှင်းပေးခြင်းသည် နိုင်ငံကိုယ်နှိုက်၏ အဓိကတာဝန်ဝတ္တရားတစ်ရပ် ဖြစ်လာရမည်။

 

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့ရသည်အထိ စစ်တပ်က အကြမ်းဖက် ခဲ့ကြပြီးနောက် ကိုးနှစ်ကြာလာသည့် ယနေ့အချိန်တွင် ရိုဟင်ဂျာလူဦးရေ တသန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့ မြန်မာနိုင်ငံမှ ကင်းကွာနေမှုသည် ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေမှန်အဖြစ် တဖြည်းဖြည်း အခိုင်အမာ အမြစ်တွယ်လာနေပြီ ဖြစ်သည်။

 

လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ထုတ်အတည်ပြုသည့် ဥပဒေရေးရာ ဆုံးဖြတ်ချက်တရပ်က ထိုအဖြစ်မှန်ကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေများကို မည်သို့မျှ ပြောင်းလဲကုစားပေးခြင်းမရှိပါက၊ မပြည့်စုံသေးသော တရားမျှတမှု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ဤအမှုသည် မြန်မာနိုင်ငံအတွက်သာမက ၎င်း၏ နယ်နိမိတ်ကို ကျော်လွန်၍ အရေးပါနေခြင်း ဖြစ်သည်။

 

ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အခြေခံမူတစ်ရပ်ကို ချမှတ်ပေးသင့်သည်။ ထိုအခြေခံမူမှာ မည်သည့်အစိုးရမဆို—စစ်အစိုးရဖြစ်စေ၊ ဒီမိုကရေစီအစိုးရဖြစ်စေ—နိုင်ငံတော်၏ နယ်မြေနှင့် အစိုးရအဖွဲ့အစည်းများကို အမွေဆက်ခံရယူပြီး၊ ထိုနိုင်ငံတော်က နိုင်ငံမှ နှင်ထုတ်ခဲ့သော ပြည်သူများအပေါ်ရှိ မိမိတို့၏ တာဝန်ဝတ္တရားများကို ငြင်းပယ်၍ မရနိုင်ခြင်း ဖြစ်သည်။

 

အနာဂတ်ဒီမိုကရေစီမြန်မာနိုင်ငံအနေဖြင့် ဤကိစ္စကို စစ်တပ်၏ ရာဇဝတ်မှုများအတွက် ပြည်သူတရပ်လုံးကို စုပေါင်းအပြစ်ပေးခြင်း အဖြစ် မမြင်သင့်ပေ။ ယင်းအစား ထိုကျူးလွန်မှုများအတွက် တာဝန်ရှိကြောင်း လက်ခံခြင်းကို စစ်တပ်၏ ယခင်လုပ်ရပ်များနှင့် ပြတ်ပြတ်သားသား ခွဲထွက်ပြီး ဒီမိုကရေစီနိုင်ငံသစ်တရပ်အဖြစ် ရပ်တည်ရန် လုပ်ဆောင်ရမည့် အစိတ်အပိုင်းတစ်ရပ် အဖြစ် မြင်သင့်သည်။

 

အနာဂတ်မြန်မာနိုင်ငံသစ်သည် ယခင်မြန်မာနိုင်ငံနှင့် အမှန်တကယ် ကွဲပြားခြားနားသော နိုင်ငံတရပ်ဖြစ်ကြောင်း သက်သေပြနိုင်မည့် အရှင်းလင်းဆုံး အထောက်အထားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် သို့မဟုတ် အစိုးရအသစ်တရပ် ပေါ်ပေါက်လာခြင်းမျှသာ မဟုတ်ပေ။ ယခင်နိုင်ငံတော်က ရိုဟင်ဂျာများထံမှ ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအရ နိုင်ငံတော်နှင့် သက်ဆိုင်သူအဖြစ် အသိအမှတ်ပြုခံရမှုနှင့် လုံခြုံစွာ နေထိုင်ခွင့် တို့ကို ပြန်လည်ပေးအပ်ရန် ဆန္ဒရှိပြီး လက်တွေ့အကောင်အထည်ဖော်ပေးနိုင်သည့် နိုင်ငံတော်တရပ် ဖြစ်လာခြင်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

 

ဤသည်ကို ကြည့်ပါက မင်းအောင်လှိုင်တို့ စစ်အုပ်စု ဆင်ခြင်ဉာဏ် မဲ့စွာ ကျုးလွန်ခဲ့ကြမှု သည် တိုင်းပြည်၏ ဂုဏ်သိက္ခာ ကို မည်မျှအထိ ထိခိုက်သွားမည်ကို တွေးကြည့်လျင် သိနိုင်ပေသည်။ 

 

မြန်မာ အား ဂျီနိုဆိုက် နိုင်ငံ အဖြစ် သတ်မှတ်လိုက်ခြင်းသည် ၎င်းတို့ ကျူးလွန်ခဲ့သည် ဆိုသည်ကို နိုင်ငံတကာ ဥပဒေအရ လွန်စွာ ခိုင်မာသည့် အထောက်အထားများ အပေါ် အခြေခံခဲ့ခြင်း ဖြစ်၍ ထိုအချက်ကပင် မင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များ တဦးချင်းအလိုက် ရာဇဝတ်ကြောင်းအရ တာဝန်ခံမှုကို ဆက်လက်လိုက်လံဖော်ထုတ်ဖို့ နိုင်ငံရေးနဲ့ ဥပဒေရေးရာ အားကောင်းလာပြီ ဖြစ်သည်။

 

မည်သို့မျှ ရှောင်လွှဲ၍ မရသည်က ၎င်းတို့ကိုယ်တိုင် ကိုယ်ကျ လူမျိုးတုန်း သတ်ဖြတ်မှု များ ကျုးလွန်ခဲ့သည် ဆိုသော အမည်းစက်ကြီး သားစဉ်မြေးဆက် ပါသွားတော့မည် ဖြစ်သည်။ ထို့အတွက် စစ်အုပ်စု တစုလုံး အာဏာကို အလိမ်အညာ ပေါင်းစုံ ဖြင့် တွယ်ကပ် ဖက်တွယ် နေကြခြင်းလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!