စစ်အုပ်စု မှ နယူးယောက်တွင် ခင်းကျင်းလာသော သံတမန်ရေး တိုက်ပွဲ အောင်မြင်နိုင်စရာ အကြောင်းမရှိ

by Hla Soewai - Sep 21 2026

မင်းအောင်လှိုင်သည် ၎င်းနှင့် နကိုယ်ကတည်းက လက်သိပ်ထိုး ဆက်ဆံနေသော နိုင်ငံများကို အသွားပြကာ ၎င်းကို၎င်း နိုင်ငံတကာက အသိအမှတ် ပြုလာပြီ ဆိုပြီး သွေးနားထင် ရောက်လာရာမှ စစ်မျက်နှာကို နယူးယောက်အထိ ဆန့်ထုတ်လာခြင်း ဖြစ်သည်။ ကုလသမဂ္ဂ စင်မြင့် ပေါ်တက်၍ ၎င်း၏ ထုံးစံ ဘူးလုံး နားမထွင်း မိန့်ခွန် ပြောနိုင်ရန် အထိ စိတ်ကူး ယဉ်လာ ခြင်း ဖြစ်သည်။

 

တကယ်တမ်း စဉ်းစားကြည့်မည် ဆိုလျင် ထိုနိုင်ငံ များသည် "ခွေးလာလာ ပွေးလာလာ"'၎င်းတို့ အကျိုးစီးပွား အတွက် လက်ခံကြမည့် လူများသာ ဖြစ်သည်။

 

မနေ့က စစ်အုပ်စုမှ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် "တရားမဝင်လှုပ်ရှားမှုများ" လုပ်ဆောင်နေသည်ဟုဆိုကာ ၎င်း၏ သံအမတ်အဆင့်အတန်းကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် သံရုံးရန်ပုံငွေများကို ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ ၎င်းအား အရေးယူနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL)၊ အမေရိကန်အေဂျင်စီများနှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကြိုးပမ်းနေသည်ဟု ဆိုသည်။

 

ယခုကြေညာချက်သည် စက်တင်ဘာလနှောင်းပိုင်းတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) နှင့် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (Credentials Committee) အစည်းအဝေး မတိုင်မီ ဦးကျော်မိုးထွန်း၏ တရားဝင်မှုကို ‌ဖယ်ရှားရန်တမင် အချိန်ကိုက် ဗျူဟာမြောက် ကြိုးပမ်းမှုပင် ဖြစ်သည်။

 

စစ်အုပ်စု က အင်တာပိုလ် (INTERPOL) နှင့် အမေရိကန်အေဂျင်စီများကို အသုံးပြု၍ ဦးကျော်မိုးထွန်းကို အရေးယူရန် ပြောဆိုနေသော်လည်း အဘယ်သို့များ ဖြစ်နိုင်ပေမည်နည်း။

 

အဘယ်ကြောင့် ဆိုသော် အင်တာပိုလ် (INTERPOL) သည် နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ ဖမ်းဝရမ်းများနှင့် စွပ်စွဲချက်များကို မည်သည့် အခါမျှ လက်ခံဆောင်ရွက်လေ့မရှိခြင်း ကြောင့် ဖြစ်သည်။ ဆောင်ရွက်ပေးမည်သာ ဆိုက အာဏာရှင် အစိုးရ တိုင်းက ၎င်းတို့၏ နိုင်ငံရေး အတိုက်အခံတိုင်းကို ဖမ်းဝရမ်းထုတ်ကာ လိုက်လံ ဖမ်းဆီးခိုင်းနေ၍ နားရမည်ပင် မဟုတ်တော့။

 

နောက်တကြောင်းကလည်း အမေရိကန်အစိုးရအပါအဝင် အနောက်နိုင်ငံအများစုသည် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေရေးကို အဓိက ကျောထောက်နောက်ခံပြုပေးထားပြီး၊ NUG နှင့် တော်လှန်ရေးအင်အားစုများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးပေးနေ၍ ဖြစ်သည်။

 

ယခုလုပ်ရပ်သည် မြေပြင်တွင် စစ်အုပ်စုက နယ်မြေများစွာ ဆုံးရှုံးနေရချိန်တွင် သံတမန်ရေးရာမျက်နှာစာ၌ အရေးသာမှုရရန် နှင့် မင်း အောင်လှိုင် ကုလ စင်မြင့် ပေါ် တက်နိုင်ရန် အောက်လူများက ဉာဏ်နီ ဉာဏ်နက်များ ရှိသမျှ ညှစ်ထုတ် ပြသလိုက်ခြင်းမျိုးသာ ဖြစ်သည်။ 

 

ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီက ၎င်းတို့၏ ရပ်တည်ချက်ကို ရုတ်တရက်ပြောင်းလဲရန် မရှိသရွေ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍကို ထိခိုက်စေရန် ခဲယဉ်းပေမည်။

 

၎င်းတို့၏ ထိုသို့ ပြီး ပြီး ရော အဆင်ခြင်မဲ့ လုပ်ရပ်သည် သံအမတ်ကြီး ဦးကျော်မိုး ထွန်း အတွက် ပို၍ပင် ပံ့ပိုးပေးရာ ရောက်သွားခဲ့သည်။

 

စစ်အုပ်စု က စွပ်စွဲထားသည့် ရန်ပုံငွေအလွဲသုံးစားမှု သို့မဟုတ် တရားမဝင်လှုပ်ရှားမှု ဆိုသည်မှာ အာဏာသိမ်း အဖွဲ့၏ အမိန့်ကို မနာခံခြင်းကြောင့်သာဖြစ်ပြီး၊ သံရုံးဝန်ထမ်းများနှင့် သံအမတ်ကြီးသည် ပြည်သူ့ဘဏ္ဍာနှင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို တော်လှန်ရေးနှင့် ပြည်သူ့အကျိုးအတွက်သာ စနစ်တကျ အသုံးပြုနေခြင်းဖြစ်ကြောင်း အမြဲလို တုံ့ပြန်လေ့ရှိသည်။

 

အိပ်မော ကျ နေသော နိုင်ငံတကာ အသိုက်အဝန်း အားလည်း လှုပ်နှိုး ပေးလိုက်ရာ ရောက်သွားခဲ့သည်။ ဦးကျော် မိုးထွန်း အတွက် အန္တရာယ် မည်မျှ ကြီးလာနေသည်ကို သိရှိလာကြမည် ဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်ကို လည်း သဘောပေါက် သွားကြမည် ဖြစ်မည်။

 

ဦး ကျော်မိုးထွန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ကိုယ်စားပြုသူဖြစ်သဖြင့် မြန်မာနိုင်ငံ၏ တဦးတည်းသော တရားဝင်သံအမတ်အဖြစ် အခိုင်အမာ သတ်မှတ်ထားဆဲဖြစ်သည်။

 

ကုလသမဂ္ဂသည် လက်ရှိအချိန်အထိ ကမ္ဘာ့ကုလသမဂ္ဂ ၏ တရားဝင်စာရင်းများတွင် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုသာ မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံ့ခေါင်းဆောင်များအဖြစ် ဆက်လက်အသိအမှတ်ပြု ဖော်ပြထားသည်။

 

ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် သံရုံးမှတ်တမ်းများတွင် လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း အား H.E. Mr. Kyaw Moe Tun အဖြစ် မြန်မာနိုင်ငံ၏ တရားဝင်အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်စာရင်းသွင်းထားသည်။

 

ဦးကျော်မိုးထွန်း အား ရာထူးမှ ထုတ်ပယ်ဖို့ဆိုသည်က မင်းအောင်လှိုင် နှင့် အဖွဲ့သည် ကုလသမဂ္ဂ တွင် ပထမ ဆုံး နိုင်ငံ အစိုးရပြု ခေါင်းဆောင်များ အဖြစ် အမည် ပေါက် နိုင်မှ ဖြစ်မည် ဆိုသည်ကိုပင် မစဉ်းစား နိုင်လောက်‌ အောင် ဂမူးရှူးထိုး ဖြစ်လာနေသည်။

 

ကုလသမဂ္ဂသည် အစိုးရတရပ်ကို အသိအမှတ်ပြုရာတွင် စစ်ရေးအရ အင်အားသုံး အာဏာလုယူမှုကို တိုက်ရိုက်အသိအမှတ်မပြုဘဲ -ပြည်သူလူထု၏ ထောက်ခံမှု ရှိ၊ မရှိ၊နိုင်ငံတကာ စံနှုန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှု ရှိ၊ မရှိ စသည်တို့ကို ထည့်သွင်းစဉ်းစားလေ့ရှိသဖြင့် မြေပြင်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်နေသည့် စစ်အုပ်စု ကို နေရာပေးချင်ပါသည် ဆိုသည့် တိုင် ပေးဖို့ အလွန်ခဲယဉ်းနေခြင်း ဖြစ်သည်။

 

စစ်အုပ်စုက ဥပဒေကြောင်းအရ စွပ်စွဲချက်မျိုးစုံဖြင့် ဖိအားပေးနေသော်လည်း၊ နိုင်ငံတကာသံတမန်ရေးရာတွင် ၎င်းတို့ အပေါ် "ခွေးလာလာ ပွေးလာလာ" များက လွဲ၍ ယုံကြည်စိတ်ချသူ မျိုး မရှိ ဖြစ်နေသဖြင့် ကုလသမဂ္ဂက ဦးကျော်မိုးထွန်း၏ နေရာကို ဖယ်ရှားပေးမည့် အလားအလာ မရှိသလောက် နည်းပါးနေဆဲ ဟု ပြော၍ ရပေသည်။

 

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများသည် မြေပြင်တွင် စစ်အုပ်စု ၏ စစ်စရိတ်နှင့် လက်နက်ခဲယမ်းဝယ်ယူနိုင်စွမ်းကို များစွာ ကျပ်တည်းသွား စေခဲ့သော်လည်း တရုတ်၊ ရုရှားနှင့် "ခွေးလာလာ ပွေးလာလာများ" က စီးပွားရေးအရ ဆက်လက်ပတ်သက်နေခြင်းကြောင့် ၎င်းတို့ လုံးဝပြိုလဲမသွားဘဲ အသက်ဆက်နိုင်နေခြင်း ဖြစ်သည်။

 

၎င်းကိုသာ ကုလ စင်မြင့်တွင် နေရာပေးလိုက်ပါက နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပြင်းထန်စွာ ရှုတ်ချခံရမည့်အပြင် နိုင်ငံတကာ အသိုက်အဝန်း တွင် ယုံကြည်မှု သုံည ဖြစ်သွားဖို့ ရှိသဖြင့် ကမ္ဘာပျက် နေ တုန်း ထီပေါက်ဖို့ စိတ်ကူး နေသူ လို ဖြစ် နေသည်။ ထိုမျှ လောက်အထိတော့ စိတ်ကူးမယဉ်ပါနှင့် ဆေးမှန်မှန် သောက်ပါ၊ အောက်လူများကိုလည်း အတင်းအကျပ် မလုပ်ခိုင်းပါနှင့်ဟုသာ အကြံပြုလို ပေသည်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!