နေ့သည် တစတစ ရင့်ကျက်လာသည်နှင့်အမျှ တိမ်စိုင်တိမ်လိပ်တို့သည် လေနှင်ရာသို့ တကွဲတပြားစီ လွင့်စင်သွားကြ၏။ နေ့လယ်ဘက်တွင် မိမိတို့အပေါ် မည်သည့်အန္တရာယ် ကျရောက်လာမည်ကို မသိနိုင်ပါလျက်နှင့် ဤကဲ့သို့သော မနက်ခင်းမျိုးတွင် ၎င်းတို့နှစ်ဦးသား အမြဲတမ်းလိုလို ပြုံးပျော်ကာ နောက်ပြောင်နေကြခြင်းမှာ မည်မျှဆန်းကြယ်လှပါ တကားဟု တွေးတောရင်း သူ ကိုယ်တိုင်လည်း အံ့သြစရာကောင်းလောက်အောင်ပင် စိတ်အေးချမ်းနေခဲ့ပြီး တကယ်ကို ပျော်ရွှင်နေသလိုပင် ခံစားနေရ၏။
စောင့်ဆိုင်းရမည့်အချိန်များကို ကုန်လွန်စေရန်အတွက် သူတို့ အားလုံး လက်ဖက်ရည်ဝိုင်းတွင် အချိန်အကြာကြီး ထိုင်နေခဲ့ကြသည်။ ပါဗယ် သည် သူ၏ထုံးစံအတိုင်း ဖန်ခွက်ထဲရှိ သကြားကို ဇွန်းဖြင့် ခပ်ဖြေးဖြေး မွှေနေပြီး, မုန့်လုံး၏အဖျားပိုင်းမှ သူအကြိုက်ဆုံး အမွှေးအကြိုင်ပါသော အပိုင်းကိုလည်း ဆားဖြင့် အကျအန တို့စားနေ လေ၏။
ရုရှားလေး ကမူ တခါတည်းနဲ့ အဆင်ပြေပြေ ထိုင်တတ်လေ့မရှိသူ ဖြစ်၍ စားပွဲအောက်ရှိ သူ့ခြေထောက်များကို ဟို့ ရွှေ့ဒီရွှေ့ လုပ် နေရင်း နံရံနှင့် မျက်နှာကျက်ပေါ်တွင် ယိမ်းထိုး ကခုန် နေသော နေရောင်ခြည်တန်းများကို ငေးကြည့်နေလေတော့သည်။
"ငါ ဆယ်နှစ်သား အရွယ် လောက် ကပေါ့ကွာ နေကို ဖန်ခွက်ထဲ ဖမ်းထည့်ချင်တဲ့ စိတ်ပေါက်လာတယ်။ အဲဒါနဲ့ ဖန်ခွက်ကိုယူ၊ တံတိုင်းနားကို အသာ လေး ကပ်သွားတာ ခွမ်းခနဲပဲ။ လက်လည်းရှ၊ အရိုက်လည်း ခံလိုက်ရတယ်။ အရိုက်ခံပြီးလို့ အပြင်က ခြံဝင်းထဲ ထွက်လာတော့ ရေအိုင်ထဲမှာ နေကို တွေ့ရပြန်ရော။ အဲဒါနဲ့ ခြေထောက်နဲ့ ရွှံ့တွေကို စပြီး နင်းတော့တာပါပဲ။ ကိုယ်ပေါ်မှာလည်း ရွှံ့တွေပေကျံလို့ ဒုတိယအကြိမ် အရိုက်ခံရပြန်ရော။ အဲ့တော့ ငါဘာလုပ်လဲ သိလား"
'မင်း ငါ့ကို နာကျင် အောင် မလုပ်နိုင်ဘူး၊ နီနီရဲရဲ ကောင်ကြီးရ... ငါ နာ သွား တာ မင်းကြောင့် မဟုတ်ဘူး' လို့ နေကို အော်ပြီး လျှာထုတ်ပြလိုက်တယ်။ အဲဒီတော့မှ ငါ့ရင်ထဲမှာ သက်သာရာရသွားတော့တယ်"
"နေမင်းကို မင်းက အဲ့ဒီလောက် ရဲနေတယ်လို့ ဘာလို့ ထင်ရတာလဲ" ဟု ပါဗယ်က ရယ်မောရင်း မေးလိုက်သည်။
"ငါတို့ အိမ်ရှေ့မှာ ပန်းပဲဆရာတစ်ယောက် ရှိတယ်။ သူ့ပါးပြင်ကလည်း နီရဲတွတ် နေပြီး မုတ်ဆိတ်မွှေးတွေကလည်း အနီရောင် ပဲ။ ငါ က နေမင်းကို အဲ့ဒီပန်းပဲဆရာနဲ့ တူတယ်လို့ ထင်နေခဲ့မိတာ"
မိခင်ဖြစ်သူမှာ စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့၍ "ချီတက်ပွဲအတွက် မင်းတို့ရဲ့ အစီအစဉ်တွေကိုသာ ပြောကြစမ်းပါ" ဟု ပြောလိုက်သည်။
"အားလုံး အစီအစဉ်တကျ လုပ်ပြီးသားပါ" ဟု ပါဗယ်က ဆိုသည်။
"ဆုံးဖြတ်ထားပြီးသား ကိစ္စတွေကို ထပ်ပြောနေလို့ အကျိုးမရှိပါဘူး။ လူကို စိတ်ရှုပ်ထွေးစေရုံသာ ရှိတယ်" ဟု ရုရှားလေးက ဝင်ပြောသည်။ "တကယ်လို့များ ကျွန်တော်တို့အားလုံး ဖမ်းဆီးခံရရင် နီကိုလိုင်း အီဗန်နိုဗစ် အမေဆီ ရောက် လာပြီး ဘာလုပ်ရမယ်ဆိုတာ လာပြောလိမ့်မယ်။ သူက အမေ့ကို ဘက်စုံ ကူညီ ပေးပါလိမ့်မယ်။"
"ကဲပါလေ..." ဟု မိခင်ဖြစ်သူမှာ သက်ပြင်းချလိုက်ရင်း ပြောလေသည်။
"ငါတို့ အပြင်ထွက်ကြရအောင်" ဟု ပါဗယ်က ပြောလိုက်သည်။
"ဟွန်း၊ အိမ်ထဲမှာပဲ နေတာက ပိုကောင်းမယ်" ဟု အန်ဒရေးက ပြန်ပြောသည်။ "ရဲတွေရဲ့မျက်စိရှေ့မှာ အဲဒီလောက် ခဏ ခဏ လူလုံး မပြနဲ့ ။ သူတို့က မင်းကို ကောင်းကောင်းသိနေပြီ"
ထိုစဉ် စိတ်အား တက်ကြွမှု ကြောင့် ပါးပြင်တခုလုံး နီရဲ နေသော ဖက်ဒယာ မာဇင်က အိမ်ထဲသို့ အမောတကော ပြေးဝင်လာသည်။ သူ၏ တက်ကြွလှုပ်ရှားနေပုံကို ကြည့်ကာ ပါဗယ် တို့ နှစ်ဦးသား စောင့်ဆိုင်းနေရသည့် အဖြစ်ကြောင့် ငြီးငွေ့ နေမှုများပြင် ပြေပျောက်သွားခဲ့ရသည်။
"စနေကြပြီ!" ဟု သူက သတင်းပို့လိုက်သည်။ "လူတွေ အားလုံး လမ်းမပေါ်ထွက်လာကြပြီ၊ သူတို့ရဲ့ မျက်နှာတွေက ပုဆိန်သွားလို စူးရှထက်မြက်နေကြတယ်။ ဗိုင်ဆိုဗ်ချီကော့၊ ဂူဆဲဗ်မိသားစုနဲ့ ဆာမိုလိုဖ်တို့က စက်ရုံဂိတ်ဝမှာ ရပ်ပြီး လူ တွေ ကို မိန့်ခွန်းတွေ ပြောနေကြတယ်။ လူ အတော်များများက စက်ရုံကနေ သူတို့ အိမ်တွေဆီ ပြန်သွားကုန်ကြပြီ။ သွားကြစို့၊ အချိန်ကျပြီလေ။ ဆယ်နာရီတောင် ထိုးနေပြီ"
"ငါ သွားမယ်!" ဟု ပါဗယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ခင်ဗျားတို့ သွားရင် တွေ့ရမှာပါ၊ ထမင်းစားချိန် ပြီးတာနဲ့ စက်ရုံတစ်ခုလုံး ထကြွလာလိမ့်မယ်" ဟု ဖက်ဒယာက ပြောပြောဆိုဆိုနှင့် ထွက်သွား၍ အမေ ဖြစ်သူ၏ "ဖယောင်းတိုင်မီး တောက်လို လေထဲမှာ တုန်ရီလောင်မြိုက်နေလိုက်ကြတာများ" ဟူသော တိုးတိုး ငြင်သာ ပြောလိုက် သော စကားသံများကို မကြားလိုက်တော့။
အမေသည် ထရပ်လိုက်ပြီး အဝတ်အစားလဲရန် မီးဖိုခန်းထဲသို့ ဝင်သွားခဲ့သည်။
"အမေ ဘယ်သွားမလဲဟင်"
"သားတို့နဲ့အတူ လိုက်ခဲ့မလို့"
အင်ဒရေက ပါဗယ် မုတ်ဆိတ် သပ် နေသည်ကို ကြည့်နေ၏။ ပါဗယ်က လက်ဖြင့် ဆံပင်ကို သပ်တင်လိုက်ပြီး မိခင်ဖြစ်သူထံသို့ လျှောက်သွားခဲ့သည်။
"သား အမေ့ကို ဘာမှ မပြောတော့ဘူး။ အမေလည်း သားကို ဘာမှ မပြောနဲ့တော့နော်။ ဟုတ်လား, အမေ"
"အေးပါ, အေးပါကွယ်၊ သားတို့ကို ဘုရားသခင် ကောင်းချီး ပေး ပါစေကွယ်!" ဟု သူမက တိုးတိုးလေး ပြောလိုက်သည်။
သူမသည် အပြင်သို့ထွက်လိုက်သောအခါ ပွဲ ဈေးတန်းထဲ ရောက်နေသည့် အလား ဆူဆူညံညံ နှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသံများကို ကြားလိုက်ရသည်—စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်စောင့်စားမှုတို့ ရောနှောနေသော အသံများပင်တည်း။ တံခါးဝများနှင့် ပြတင်းပေါက်တိုင်းတွင် အန်ဒရေးနှင့် သားဖြစ်သူ ကို စူးစိုက်ကြည့်နေကြသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ ဝေဝါးသွားသည်။ အစိမ်းရောင်များပင် မီးခိုးရောင် ဖြစ်သွားသည်။
လူ တွေက သူတို့ကို နှုတ်ဆက်ကြ၏—၎င်းတို့၏ နှုတ်ဆက်ပုံမှာ တမျိုးတဖုံ ထူးဆန်းနေသည်။ သူမသည် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော၊ စကားသံများကို လည်း ဟိုတစ ဒီတစ ကြားလိုက်ရသည်။
"ဟောဒီမှာ၊ ခေါင်းဆောင်တွေ လာပြီ!"
"ခေါင်းဆောင်တွေဆိုတာ ဘယ်သူတွေလဲဆိုတာ ငါတို့မသိဘူး!"
"ဒါနဲ့များ၊ ငါက ဘာအမှားမှ မပြောမိပါဘူး။"
တနေရာ အရောက်တွင် ရပ်ကွက် နေ တဦးက စိတ်လှုပ်ရှားစွာဖြင့် - "ပုလိပ် တွေ လာ ဖမ်းသွားရင် သူတို့လည်း ဇာတ်သိမ်းသွားကြမှာ"
"ဖမ်းမိ တော့ရော ဘာဖြစ်လဲ" ဟု အခြားအသံတသံက ပြန်လှန်ချေပလိုက်သည်။
ထို့နောက် အနည်းငယ် ဆက်သွားသောအခါ ပြတင်းပေါက်မှ နေ၍ လူတယောက်၏ ငိုသံ ပါကြီး ဖြင့် ကြောက်လန့်တကြား အော်လိုက်သည့် အသံကို လမ်းပေါ်မှကြားလိုက်ရသည်။ - "စဉ်းစားကြပါဦး! ခင်ဗျားတို့က လူပျိုလူလွတ် တွေလား၊ ဟင်။ သူတို့က လူပျိုတွေဆိုတော့ ဘာမှပူစရာမလိုဘူးလေ!"
စက်ရုံတွင် မတော်တဆ ဖြစ်၍ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသဖြင့် လစဉ်ထောက်ပံ့ကြေးရနေသော ခြေထောက်မပါသူ ဇိုဆီမော့ဗ်၏ အိမ်ရှေ့ကို သူတို့ဖြတ်သွားစဉ် ဇိုဆီမော့ဗ်က ပြတင်းပေါက်မှ ခေါင်းကိုပြူထွက်လာပြီး - "ပါဗယ်၊ ဒီကောင် လူယုတ်မာ၊ မင်းလုပ်ရပ်တွေအတွက် မင်းတို့ခေါင်းတွေ အဖြတ်ခံရလိမ့်မယ်၊ စောင့်ကြည့်နေပေတော့!" ဟု အော်ဟစ်လိုက်လေသည်။
အမေသည် ကြားလိုက်ရသည့် အသံ ကြောင့် တုန်ရီသွားပြီး သွား နေရာမှ ရပ်လိုက်သည်။ သူမ၏ ရင်ထဲတွင်လည်း ရုတ်ခြည်း ဆိုသလို ဒေါသများ တလိပ်လိပ် ထွက်လာသည်။ သူမသည် ထိုခြေလက်မသန်စွမ်းသူ၏ ဖောယောင်နေသော မျက်နှာကို မော့ကြည့်လိုက်ရာ သူလည်း ဆဲရေးရင်း ပြတင်းပေါက်ထဲသို့ ခေါင်းပြန်ဝင်သွားလေတော့သည်။