ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာ လက်ရှိအခြေအနေ

by Hla Soewai - Sep 14 2026

၂၀၂၆ ခုနှစ် စက်တင်ဘာလမှ ၂၀၂၇ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၈၁) ကြိမ်မြောက် သက်တမ်း အတွက် အရည်အချင်းစစ် ကော်မတီ (Credentials Committee) ကို ဖွဲ့စည်းပြီး သွားပြီ ဖြစ်သည်။

 

ဤကော်မတီသည် ကုလသမဂ္ဂအတွင်း တရားမဝင်သော အဖွဲ့အစည်းများ သို့မဟုတ် အာဏာသိမ်းအုပ်စုများ အလွယ်တကူ ဝင်ရောက်နေရာယူခြင်း မရှိစေရန်နှင့် နိုင်ငံတကာသံတမန်ရေးရာ စနစ်ကို စည်းစနစ်တကျ ထိန်းကျောင်းရန်အတွက် "တံခါးစောင့်" အဖြစ် မရှိမဖြစ် ဖွဲ့စည်းရခြင်း ဖြစ်သည်။

 

ကုလသမဂ္ဂ အထွေထွေညီလာခံသည် ပထမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ၎င်းကော်မတီတွင် တာဝန်ထမ်းဆောင်ရန် အဖွဲ့ဝင် ၉ နိုင်ငံကို တရားဝင် ခန့်အပ်ခဲ့ပြီး ဖြစ်ပါသည်။ ခန့်အပ်ခြင်းခံရသည့် နိုင်ငံများမှာ ဘဟားမား၊ ဘယ်လ်ဂျီယမ်၊ ဘီနင်၊ တရုတ်၊ ဂျမေကာ ၊ရုရှား၊ ယူဂန်းဒါ၊ အမေရိကန် နှင့် ဗာနုအာတူ တို့ ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်များနည်းတူ (၈၁) ကြိမ်မြောက် ညီလာခံတွင်လည်း စစ်အုပ်စု ဘက်က ၎င်းတို့ခန့်အပ်လိုသူကို မြန်မာသံအမတ်အဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂထံ စာရင်း တင်သွင်းထားပြီး၊ တော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုသာ ဆက်လက်ထားရှိရန် တောင်းဆိုထားကြသည်။

 

ယခင်နှစ်များက ကျင့်သုံးခဲ့သည့် လုပ်ထုံးလုပ်နည်းများအရဆိုမူ အရည်အချင်းစစ်ကော်မတီသည် Defer ခေါ်ဆုံးဖြတ်ချက်ချရန်ဆိုင်းငံ့ထားလေ့ရှိပြီး၊ ထိုသို့ဆိုင်းငံ့ထားစဉ်အတွင်း ယခင်နှစ်က တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၌ ဆက်လက် တာဝန်ယူခွင့်ရရှိနေဆဲ ဖြစ်သည်။ 

 

ထို ကော်မတီတွင် ရုရှား၊ တရုတ်၊ အမေရိကန် တို့က အမြဲတမ်း ကော်မတီ ဝင်များ ဖြစ်ပြီး ကျန် ၆ နိုင်ငံကို အလှည့်ကျ ပေးရသည်၊ ထို နိုင်ငံ သုံး နိုင်ငံ၏ သဘောထား ကို ဆန်းစစ် ဖို့ လိုအပ်လာပေသည်။

 

တရုတ်နှင့် ရုရှားသည် စစ်အုပ်စုအား သံတမန် ရေး အရ အကာအကွယ် ပေးရဖို့ ရှိနေ၍ ၎င်းတို့ကို ကုလသမဂ္ဂစင်မြင့်ထက်တွင် တရားဝင်မှု ရရှိစေချင်ကြသည်။အမေရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယမ် ကဲ့သို့ အနောက်အုပ်စုသည် ဒီမိုကရေစီလိုလားသော အင်အားစုများဘက်က ရပ်တည်ပြီး စစ်အုပ်စု၏ ကိုယ်စားလှယ် လောင်း တင်သွင်းမှုကို အမြဲလို ပယ်ချလေ့ရှိသည်။

 

ထို့ကြောင့် ကော်မတီအတွင်း အငြင်းပွားမှုများကို ရှောင်ရှားရန်အတွက် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နေရာကို မည်သည့်ဘက်သို့မှ အပြတ်အသတ် မဆုံးဖြတ်ဘဲ "ဦးကျော်မိုးထွန်းကိုသာ လက်ရှိအတိုင်း ဆက်ထားရှိရန်" အများသဘောတူညီချက် Consensus ဖြင့် ဆက်လက် ဆိုင်းငံ့ထားမည့် လမ်းစဉ်ကိုသာ ရွေးချယ်နိုင်ခြေ များနေပါသည်။

 

သို့သော် မြန်မာ ပြည်သူများကတော့ "ဖြစ်နိုင်ခြေ" ဆိုသည်နှင့် တင်းတိမ် ရောင့်ရဲမနေကြ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၅၀ ကျော်သည် ကော်မတီဝင် ၉ နိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ ၎င်းတို့ကို မည်သို့မျှ ကိုယ်စား မပြုသော စစ်အုပ်စု ကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိပေးရန် အိတ်ဖွင့်ပေးစာများ၊ လက်မှတ်ရေးထိုးပွဲများဖြင့် ဖိအားပေး တောင်းဆိုလျက်ရှိကြသည်။ 

 

အထွေထွေညီလာခံ တွင် နိုင်ငံ ခေါင်းဆောင်များ စ၍ မိန့်ခွန်းပြောကြားမည့် အချိန် နှင့် အံကိုက် ဖြစ်ရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် "True Voice of Myanmar" အမည်ရှိ လူထုဆန္ဒပြပွဲကြီးတခုကိုလည်း ပြုလုပ်ရန် စီစဉ်ထားကြသည်။

 

ကော်မတီ၏ လုပ်ငန်းစဉ်များသည် စက်တင်ဘာလအတွင်း စတင်သုံးသပ်မည်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် ဒီဇင်ဘာလ ဝန်းကျင်တွင်မှ ၎င်းတို့၏ အပြီးသတ် အစီရင်ခံစာကို အထွေထွေညီလာခံသို့ တရားဝင် တင်သွင်းလေ့ရှိကြပါသည်။

 

ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ တွင် ပါဝင်လာသည့် ဘဟားမား၊ ဘီနင်၊ ဂျမေကာ၊ ဗာနုအာတူ နှင့် ယူဂန်းဒါးနိုင်ငံများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်သို့ ယိမ်းနိုင်ခြေ သို့မဟုတ် တရုတ်၏ လွှမ်းမိုးမှုကို ခံရနိုင်ခြေ များစွာရှိ နေသည်။ 

 

ထို နိုင်ငံများသည် Global South ‌ဟု သတ်မှတ်ထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြ၍ ပထဝီနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ များ တွင် တရုတ်အပေါ် မှီခိုနေရမှုများနှင့် ကုလသမဂ္ဂအတွင်း ကျင့်သုံးလေ့ရှိသော အလေ့အထများကြောင့် ဖြစ်သည်။

 

ယူဂန်းဒါ နှင့် ဘီနင် ကဲ့သို့ အာဖရိက နိုင်ငံများသည် တရုတ်၏ "ပတ်လမ်းနှင့် လမ်းကြောင်းစီမံကိန်း" အောက်တွင် အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုး‌ ရေး အတွက်ရင်းနှီးမြှုပ်နှံမှုများကို ရယူထားကြရ၍ အ ကြွေး ဝန်ထုပ် ပိနေကြသည်။ အထူးသဖြင့် ယူဂန်းဒါးသည် တရုတ်နှင့် အလွန်နီးကပ်သော စီးပွားရေးမဟာမိတ် ဖြစ်သည်။

 

သမိုင်း ကြောင်းအရ အာဖရိကနိုင်ငံများသည် ကုလသမဂ္ဂမျက်နှာစာတွင် တရုတ်နိုင်ငံအပေါ် ဝေဖန်ကန့်ကွက်မည့် ကိစ္စရပ်များ၌ တရုတ်ဘက်က ရပ်တည်ပေးလေ့ရှိခြင်း သို့မဟုတ် မဲမပေးဘဲ ကြားနေလေ့ရှိခြင်း ဖြင့် တရုတ်ကို ကူညီလေ့ရှိကြသည်။

 

ဗာနုအာတူသည် ပစိဖိတ်သမုဒ္ဒရာဒေသတွင်း တရုတ်နိုင်ငံက ဩဇာချဲ့ထွင်ရန် အပြင်းအထန် ကြိုးပမ်းနေသည့် အဓိကကျွန်းစုနိုင်ငံများထဲမှ တခုဖြစ်သည်။ ၎င်းနိုင်ငံသည် တရုတ်ထံမှ အကူအညီမြောက်မြားစွာ ရယူထားသဖြင့် မြန်မာ့အရေးကဲ့သို့ တရုတ်က အကဲဆတ်သော ကိစ္စရပ်မျိုးတွင် တရုတ်၏ သဘောထားကို ဆန့်ကျင်ရန် ခဲယဉ်းလှသည်။

 

ဂျမေကာ နှင့် ဘဟားမားစ် သည် ကာရစ်ဘီယံ ကျွန်းနိုင်ငံများ ဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ အကူအညီများကို အလုံးအရင်းနှင့် ရရှိထားကြသည်။ သို့သော် ၎င်းတို့သည် အမေရိကန်ပြည်ထောင်စုနှင့်လည်း နီးကပ်သော အိမ်နီးချင်းများ ဖြစ်ကြသဖြင့် အမေရိကန်နှင့် တရုတ်အကြား ဗျူဟာမြောက် ညှိနှိုင်းရမည့် အခြေအနေ တွင် ရှိနေသည်။

 

အထက်ပါအချက်များကြောင့် ကော်မတီအတွင်း အမေရိကန်နှင့် ဘယ်လ်ဂျီယမ် က ဦးကျော်မိုးထွန်းဘက်က ပြတ်ပြတ်သားသား ရပ်တည်ချိန်တွင်၊ တရုတ်နှင့် ရုရှား က စစ်ကောင်စီဘက်က ရပ်တည် ပေလိမ့်မည် ။ကျန်ရှိသည့် ဖွံ့ဖြိုးဆဲ ၅ နိုင်ငံ (ဘဟားမား၊ ဘီနင်၊ ဂျမေကာ၊ ဗာနုအာတူ၊ ယူဂန်းဒါး) သည် တရုတ်နှင့် ထိပ်တိုက်မတွေ့လို၍ ၎င်းတို့၏ စီးပွားရေးအကျိုးအမြတ်အရ တရုတ်နိုင်ငံ စိတ်တိုင်းမကျမည့် ဆုံးဖြတ်ချက် မျိုး ဖြစ်သည့် ဥပမာ- စစ်ကောင်စီကို ပြတ်ပြတ်သားသား ပယ်ချပြီး NUG ကို တရားဝင် တင်မြှောက်ခြင်းမျိုး ကို အားပေးကြမည် မဟုတ်သည်က သေချာ ပေသည်။

 

သို့သော် ၎င်းတို့သည် အမေရိကန်နှင့်လည်း ရန်မဖြစ်လိုကြသဖြင့် ကော်မတီအတွင်း မဲခွဲဆုံးဖြတ်ခြင်းထက် "မည်သည့်ဘက်ကိုမျှ အတည်မပြုဘဲ လက်ရှိ ဦးကျော်မိုးထွန်းကို ဆက်ထားကာ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားရန်" ဟူသော တရုတ်ရော အမေရိကန်ပါ သဘောတူနိုင်သည့် ကြားနေလမ်းစဉ် ကိုသာ ဝိုင်းဝန်း ထောက်ခံကြဖို့ ရှိ နေသည်။

 

နောက်တကြောင်းက ထို နိုင်ငံများသည် တရုတ်ဘက်သို့ ယိမ်းနိုင်ခြေရှိသော်လည်း ပြည်သူများကို ရန်သူသဖွယ်ဘသတ်မှတ်ပြီး စစ်အနိုင်တိုက်ရေး လမ်းစဉ်ကိုသာ ရွေးချယ်ထားကြသည့် စစ်ဝါဒီများကို ကုလသမဂ္ဂထဲ တိုက်ရိုက်ခေါ်တင်ပေးရလောက်အောင်အထိ စွန့်စားရဲစရာ အကြောင်းမရှိဘဲ၊ မြန်မာ့နေရာကို "လက်ရှိအတိုင်း ဆက်လက်ဆိုင်းငံ့ထားရေး" ဆုံးဖြတ်ချက် ထွက်လာစေရန်အတွက်သာ တွန်းအားပေးမည့် နိုင်ငံများ ဖြစ်ကြသည်။

 

ကုလသမဂ္ဂ၏ အရည်အချင်းစစ်ကော်မတီသည် ဥပဒေကြောင်းအရ စိစစ်သည့်အဖွဲ့ဟု ဆိုသော်လည်း လက်တွေ့တွင်မူ အင်အားကြီးနိုင်ငံများ၏ ပထဝီနိုင်ငံရေး အားပြိုင်မှုနှင့် နိုင်ငံငယ်များဖက်က ဟန်ချက်ညီအောင် ထိန်းကျောင်းရသည့် သံတမန်ရေးရာ ကစားကွင်းကြီးတခု သာ ဖြစ်သည်။ ထို့ကြောင့် ဤ (၈၁) ကြိမ်မြောက် သက်တမ်းတွင်လည်း မြန်မာ့နေရာကို မပြောင်းလဲဘဲ ဆိုင်းငံ့ထားမည့် လမ်းစဉ်ကသာ အလားအလာ အရှိဆုံး ဖြစ်နေသည်။

 

ကော်မတီအတွင်း မဲခွဲဆုံးဖြတ်ခြင်းမျိုးကို အဖွဲ့ဝင်နိုင်ငံအားလုံးက အတတ်နိုင်ဆုံး ရှောင်လေ့ရှိကြသည့် အစဉ်အလာက ရှိခဲ့ပြီး ဖြစ်သည်၊ ဤသည်ကလည်း အကြောင်းရှိနေသည်၊ မဲခွဲလိုက်မည်ဆိုက - နိုင်ငံကြီးများအကြား (ဥပမာ အမေရိကန် နှင့် တရုတ်/ရုရှား) တင်းမာမှု ပိုမိုမြင့်မားသွားနိုင်ပြီး၊ ကြားက ဖွံ့ဖြိုးဆဲ ၅ နိုင်ငံသည်လည်း ဘက်တစ်ခုခုကို အတင်းအကျပ် ရွေးချယ်ရသကဲ့သို့ ဖြစ်ကာ ရန်မီး ပွားမည့် အခြေအနေကို ရင်ဆိုင်ရမည်ကို စိုးရိမ် သော ကြောင့် ဖြစ်သည်။ ထို့ကြောင့် "မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားခြင်း" (Deferral) သည် တရုတ်၏ မျက်နှာကိုလည်း မပျက်စေသလို၊ အမေရိကန်၏ ရပ်တည်ချက်ကိုလည်း ဗြောင်ကျကျ ဆန့်ကျင်ရာမရောက်သည့်အတွက် ၎င်းတို့အားလုံးအတွက် အကောင်းဆုံးနှင့် ဘေးအကင်းဆုံး နိုင်ငံရေးထွက်ပေါက် ဖြစ်လာခဲ့သည်။

 

အမေရိကန် ကို သာ ဆန့်ကျင်ရမည် မဟုတ်ဘဲ အီးယူ နိုင်ငံများ၏ သဘောထား ကို ကိုယ်စားပြုမည့် ဘယ်လ်ဂျီယံ ကိုပါ အတိုက်အခံ လုပ်သလို ဖြစ်သွားပေလိမ့်မည်။ ထိုနိုင်ငံများသည် အီးယူ ထံမှ ကုန်သွယ်ရေး အခွင့်အရေးများနှင့် ဖွံ့ဖြိုးရေးအကူအညီများ ရရန် မျှော်လင့် နေကြ၍ ဖြစ်သည်။

 

သံအမတ်ကြီး ဦး‌ ကျော်မိုးထွန်း အနေဖြင့်လည်း မြန်မာပြည်တွင်းရှိ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြေပြင်အခြေအနေမှန်များနှင့် တော်လှန်ရေးအင်အားစုများ၏ ရပ်တည်ချက်များကို အဆိုပါ ၅ နိုင်ငံမှ သံအမတ်များအား "အလွတ်သဘော" သွားရောက်တွေ့ဆုံပြီး ၎င်းတို့ နားလည်သဘောပေါက်လာအောင် တိုက်ရိုက်စည်းရုံး ရှင်းလင်းခွင့် ရရှိ နေသည့် အားသာချက်ကလည်း ရှိနေသည်။

 

မြန်မာ နိုင်ငံသားများ၏ True Voice of Myanmar အစီအစဉ်အား နိုင်ငံ ခေါင်းဆောင်များ စတင် မိန့်ခွန်း ပြောကြမည့် စက်တင်ဘာ ၂၂ ရက် ကို ရွေးချယ်ထားပြီး အချိန်ကို မနက် ဆယ်နာရီ မှ စတင်ပြီး နေ့လည် နှစ်နာရီ အထိ သတ်မှတ်ထားသည်ဟု သိရသည်။

 

နံနက်ပိုင်းတွင် ကုလသမဂ္ဂဌာန ချုပ် Dag Hammarskjöld Plaza ရှေ့၌ စုဝေးပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ တော်လှန်ရေးခေါင်းဆောင်များ၏ မိန့်ခွန်းများကို နားထောင်ခြင်း။ထို့နောက် Times Square ရင်ပြင်အထိ လူထုလမ်းလျှောက် ချီတက်ဆန္ဒပြခြင်း များ ပါဝင်မည် ဖြစ်သည်။

 

ဤပွဲသည် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် မြန်မာ့ကိုယ်စားလှယ်နေရာအတွက် "သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာပြည်သူတို့၏ စစ်မှန်သောအသံဖြစ်သည်" ကို ကမ္ဘာ့ခေါင်းဆောင်များ သိရှိစေရန် ရည်ရွယ်သည့် အလွန်အရေးကြီးသော လူထုလှုပ်ရှားမှု ကြီး ပင် ဖြစ် ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရ‌မည်!!!