တောလယ် အပြောကြွယ် မောတယ် နှင့် မြန်မာ ဖေ့စ်ဘုတ်

by Hla Soewai - Oct 25 2020

ရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ် အနည်းငယ်သာ လိုတော့ချိန်တွင် မြန်မာ ဆိုရှယ် မီဒီယာ ပင်လယ်ပြင် ကြီးမှာက သတင်း အမှားများ၊ မလိုတမာ စကားများ နှင့် လှိုင်းထန်နေသော်လည်း ရွာရန်ရာနှုန်း သုံည ဖြစ်အောင် ဖေ့စ်ဘုတ်မှ လုံးပမ်းလျှက် ရှိနေပေသည်။

 

၂၀၁၂ ခုနှစ်တွင် မြန်မာ သည် စစ်ဖိနပ်အောင်မှ ရုန်းကြွ ထွက်လာနိုင်ခဲ့သည်။ ထိုအချိန်က လူတဦးချင်း ၏ ကုန်ထုတ်နိုင်စွမ်းသည် ဒေါ်လာ ၁,၀၀၀ သာ ရှိသော်လည်း ဆင်းမ် ကတ်တခု တန်ဘိုးမှာ ဒေါ်လာ ၂,၀၀၀ အထိ ရှိသည်။ အဆိုပါ ဆင်းမ်ကတ်ကို ပိုင်ဆိုင်ခွင့်ရသူသည် ကံထူးရှင်ကြီးအလား စန်းပွင့်နေပြန်သည်။

 

အရပ်သား အစိုးရ အာဏာရလာချိန်တွင် ဆင်ဆာ ကြိုတင်ရသည့် စနစ်ကို အဆုံးသတ်ပေးခဲ့ပြီး ဆက်သွယ်ရေး ကဏ္ဍ ကို ပုဂ္ဂလိက ကုမ္ပဏီများ အတွက် တံခါး ဖွင့်ပေးခဲ့သည်။ ယင်းနှင့်အတူ ဆင်းမ်ကတ်ဈေးသည်လည်း ၂၀၁၄ တွင် တစ်ဒေါ်လာခွဲ အထိ ထိုးကျသွားခဲ့ရသည်။ မိုဘိုင်းဖုန်း သုံးစွဲမှု နှုန်းသည် ၂၀၁၁ တွင် ၂% သာ ရှိခဲ့ရာမှာ ၂၀၂၀ တွင် ၁၂၆% အထိ ထိုးတက်လာခဲ့သည်။

 

ယင်းနှင့် အတူ ဖေ့စ်ဘုတ်သည် မြန်မာတို့၏ စမတ်ဖုန်းများထဲသို့ ထိုးဖေါက်နိုင်ရန် လုံးပမ်းလာခဲ့ပေတော့သည်။ ၂၀၁၆ တွင် Free Basics ဟု ခေါ်သော ပရိုဂရမ် ကို စတင်ခဲ့ပြီး အကောင့် ဖွင့်လာသူများအား သတ်မှတ် ပေးထားသော ဝက်ဘ်ဆိုဒ်များအား အခမဲ့ ကြည့်ရှုခွင့် ပေးခဲ့သည်။

 

ယခုအခါတွင်တော့ ဖေ့စ်ဘုတ်သည် မြန်မာရှိ လူဦးရေ တဝက်နည်းပါး ဖြစ်သော လူ ၂၇ သန်း ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ အရှေ့တောင်အာရှ စံချိန်နှင့် ဆိုလျှင် အကြီးအကျယ် အောင်မြင်ခဲ့သည်ဟု ပြောလို့မရသေးပေ။ ထိုဒေသတွင် လူသုံးဦးလျှင် နှစ်ဦး၌ ဖေ့စ်ဘုတ် အကောင့်များ ရှိနေပြီး ဖြစ်သည်။ သို့သော်လည်း ဖေ့စ်ဘုတ်သည် မြန်မာ ဆိုရှယ်မီဒီယာ ဈေးကွက်တွင် ၉၉.၄% ကို ရရှိထားပြီး ဖြစ်သည်ဟု ဈေးကွက် သုတေသန ကုမ္ပဏီ StatCounter ၏ စစ်တမ်းများတွင် ဖေါ်ပြထားသည်။

 

လန်ဒန် ရှိ ကွင်းမေရီ တက္ကသိုလ် မှ ရိုနန် လီး ကတော့ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ဖေ့စ်ဘုတ်မှတဆင့် အင်တာနက် ဝက်ဘ်ဆိုဒ်များပါ သုံးစွဲ၍ ရနိုင်သည့် အဖြစ် ကို အများစုက နားမလည်ခဲ့ကြဟု ဆိုသည်။ မြန်မာစကား ဖြင့် “လိုင်းပေါ်တက်တယ်” ဆိုသည်ကပင် ဖေ့စ်ဘုတ်ကို ပြောနေကြခြင်း ဖြစ်သည်။

 

ဂျော့ချ် ဝါရှင်တန် တက္ကသိုလ်ရှိ ယဉ်ကျေးမှု ဆိုင်ရာ မနုဿ ဗေဒ ပညာရှင် ခရစ်စတီးနား ဖင့် က မြန်မာတို့သည် စစ်အစိုးရ ခေတ်တလျှောက်လုံး ပါးစပ်ပိတ်ခံထားရ၍ အခုလို ဖေ့စ်ဘုတ်ပေါ်တွင် ကိုယ်ပြောချင်တာ ပြောခွင့်ရ နေသည့် အဖြစ်ကို အတိုင်းမသိ ရွှင်မြူးအားရ နေကြသည်ဟု ထောက်ပြခဲ့သည်။

 

ထိုသို့ ရရှိလာသော လွတ်လပ်ခွင့် နှင့်အတူ လမ်းပေါ် ဆေးရိုးလှန်းသော အမှုများက ကပ်ပါလာခဲ့ပြန်သည်။ ၂၀၁၂ မှ စ၍ ဗုဒ္ဓဘာသာ မျိုးချစ် ဆိုသူများက ထကြွလာကြပြီး မူဆလင် ကြောက် ရောဂါဖြင့် အွန်လိုင်း ပေါ်တွင် စုစည်း မိလာကြသည်။

 

၂၀၁၇ တွင် မြန်မာ၌ လွန်စွာ ဩဇာတက္ကိမ ရှိသော ဖေ့စ်ဘုတ် အကောင့်များ၊ ပေ့ချ်များ နှင့် ဂရုများသည် ၁၅၀ ကျော်ခန့် ရှိနေသည်ဟု ကုလသမဂ္ဂက ထုတ်ပြောလာခဲ့သည်။ အဆိုပါ အကောင့်ပိုင်ရှင်များက မူဆလင် မုန်းတီးရေး တရားများကို ရေးသားဟောပြောလာခဲ့ကြသည်။ ထိုနှစ်မှာပင် မြန်မာ စစ်တပ်နှင့် ဗုဒ္ဓဘာသာ ရခိုင်များက ၎င်းတို့ ပြည်နယ်အတွင်းရှိ “ရိုဟင်ဂျာ” ကျေးရွာများကို တိုက်ခိုက်လာခဲ့ကြသည်။ ထို့အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ လူ ပေါင်း ၇၂၅,၀၀၀ ခန့် ထွက်ပြေးခိုလှုံသွားခဲ့ကြသည်။ အဆိုပါ လူသတ်ပွဲကြီးကို စုံစမ်းစစ်ဆေးနေကြသော ကုလ ကျွမ်းကျင်သူများက ဖေ့စ်ဘုတ်သည် အမုန်းတရားများ ဖြန့်ချီရာတွင် လွန်စွာ အသုံးဝင်သော ကိရိယာ တခု ဖြစ်လာခဲ့သည်ဟု ထောက်ပြခဲ့ကြသည်။

 

နိုင်ငံသည် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် အာရုံစိုက် ပြင်ဆင်လာနေချိန်တွင် အမုန်းတရားများ နှင့် မမှန်သတင်းများအား တောင်ပုံရာပုံမက ဖြန့်ဖြူးလာနေသည်ကို ဆိုရှယ်မီဒီယာအား စောင့်ကြည့်နေသည့် တသီးပုဂ္ဂလိက အဖွဲ့အစည်းများက တွေ့မြင်လာကြသည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန် သွားပြီ ဆိုသော သတင်းများပင် ပါလာခဲ့သည့်အထိ အလွန်အကျွံ ပြုလုပ်လာကြသည်။

 

အောက်တိုဘာ ၈ ရက်နေ့တွင် ဖေ့စ်ဘုတ်က စစ်တပ်မှ စီမံကိုင်တွယ်နေသည့် လူသိများသော ကွန်ယက်ကြီး တခုကို ဖယ်ရှားပြစ်နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။ အဆိုပါ ကွန်ယက်သည် လူထုအကြား အမုန်းစကားများ ကို ဒိုင်ခံ ဖြန့်ဖြူးပေးနေခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ဖေ့စ်ဘုတ်သည် မြန်မာ ငါးဦးတွင် နှစ်ဦးအတွက် အဓိက သတင်းရယူရာ နေရာတခု ဖြစ်လာခဲ့သည်။ ထို အတွက်လည်း အွန်လိုင်း ပေါ်တွင် မိမိ လိုရာ ဆွဲ သတင်းဖြန့်ဖြူးသူများ ၏ လိုသလို အသုံးချခံရသော သားကောင် ဖြစ်လာနိုင်သည့် အန္တရာယ် လွန်စွာ မြင့်မားနေရပေသည်ဟု မစ္စက် ဖင့် က သုံးသပ်ခဲ့ပြန်သည်။ ကျောင်းများ တွင်လည်း အမှား နှင့် အမှန်ကို ဝေဖန်ပိုင်းခြား နိုင်စွမ်း ရှိအောင် တွေးခေါ်တတ်မှုများ ကင်းမဲ့နေ ခဲ့ရခြင်း သည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။ မြန်မာသည် ကြီးသူကို ရိုသေရမည် ဆိုသည့် အစဉ်အလာလည်း ရှိနေသည့်အတွက် ယခုလို အငြင်းပွားစရာများကို ရေးသားနေသူများမှာ ဆရာတော်ကြီးများ မှသည် ဗိုလ်ချုပ်ကြီး များ အထိ ပါဝင်နေသည်။ ၎င်းတို့က စီးပွားရေး ကို ပြင်ပသို့ ဖွင့်ပေးလာခြင်း နှင့် အတူ ကပ်ပါလာသော စိုးရိမ်ကြောင့်ကြ ဖြစ်လာမှုများအား မူဆလင်များ ကောင်းစားလာတော့မည် ဆိုသည့် အစ္စလမ် အကြောက်တရား အတွက် ကောင်းစွာ အသုံးချလာခဲ့ကြသည်။ ထိုသို့ပြောနိုင်အောင်လည်း ဗြိတိသျှ ကိုလိုနီ ခေတ်က သိန်းနှင့် ချီသော အိန္ဒိယ အလုပ်သမားများကို ခေါ်သွင်းလာခဲ့ကြပြီး အတော်များများက ချမ်းသာကြွယ်ဝသွားခဲ့ကြသည့် အစဉ်အလာကလည်း ရှိနေပြီး ဖြစ်သည်။

 

ဖေ့စ်ဘုတ်က ထိုအရေး ကို ကိုင်တွယ်နိုင်ရန် ယခုအခါ ပို၍ ကောင်းမွန်သော စနစ်များကို တီထွင်လာခဲ့ပြီဟု ပြောလာသည်။ ၎င်းတို့၏ ပလက်ဖေါင်းမှ ဗိုလ်ချုပ်ကြီးများ နှင့် သံဃာတော် အချို့ကို ပိတ်ပင်ခဲ့ပြီး ဖြစ်သည့်အပြင် ယခုအခါ “Integrity System” ခေါ် AI နှင့် လူသားများ နှစ်ခုစလုံး မှ နေ၍ စောင့်ကြည့်သည့် စနစ်ကို အသုံးပြုကာ ဖယ်ရှားပြစ် နေပြီဟု ဖေ့စ်ဘုတ်၏ လူထုဆက်သွယ်ရေး မူဝါဒ ဆိုင်ရာ ညွှန်ကြားရေးမှူး ရာဖေး ဖရန်ကယ်က ဆိုသည်။

 

ယခင်က ခွင့်ပြုထားခဲ့သော အသုံးအနှုန်းများကိုလည်း ဖယ်ထုတ်နိုင်ရန်အထိ ဆန့်ထုတ်လာခဲ့ပြီဟု ဆိုသည်။ ရွေးကောက်ပွဲအား ထိခိုက်စေမည့် သတင်းမှားများကိုပါ ပိတ်ပင်ခဲ့ကြသည်။ ထို့အတွက် ယခုအခါ မြန်မာ၏ ဖေ့စ်ဘုတ် ပလက်ဖေါင်းတွင် အမုန်းတရားများ စံချိန်တင်အောင် နည်းပါးသွားခဲ့ပြီ ဖြစ်သည်ဟု ဖရန်ကယ်က ပြောပြခဲ့သည်။

 

စောင့်ကြည့်နေသူများ အဖို့ကလည်း မသက်သာလှပေ။ ယခုနှစ် ဒုတိယ လေးလပတ်အတွင်း အကြောင်းအရာ ပေါင်း ၂၈၀,၀၀၀ အား ဖယ်ရှားနိုင်ခဲ့ကြပြီး ပထမ လေးလပတ်ထက် ငါးဆခန့်များသည်ဟု ဆိုသည်။ ပို့စ်တခုအား ၂၄ နာရီ အတွင်း ဖယ်ရှားပြစ်နိုင်အောင် ကြိုးပမ်းနေကြရသည်။ သို့သော် ဖေ့စ်ဘုတ်၏ AI နည်းပညာသည် မြန်မာ ဘာသာ ကိုသာ ဆန်းစစ်နိုင်စွမ်း ရှိနေ၍ အခြားတိုင်းရင်းသား ဘာသာစကားများကိုပါ ထည့်သွင်းနိုင်ရန် လုပ်ရဦးမည်ဟု လည်း ပြောခဲ့သည်။

 

ဖေ့စ်ဘုတ်ကလည်း ပြဿနာပေါင်း စုံလှသည်၊ မနေ့ကပင် ဦးသန့်မြင့်ဦးက သူရေးသော Nikkei Asia Review ပါ ဆောင်းပါး အား ဘာသာပြန်ဆိုခြင်းကို သူငယ်ချင်း တယောက်မှ တဆင့် ကန့်ကွက်လာသည်၊ သူဖာသာ ပြန်ဆိုရန် ရည်ရွယ်ပြီး ဖြစ်၍ ကန့်ကွက်ခြင်း ဖြစ်သည်ဟု ဆိုသည်၊ ကျွန်တော်လည်း public domain ထဲ ရောက်လာသော ဆောင်းပါး ထင်၍ ထူးထူးထွေထွေ ခွင့်တောင်းမိခြင်း မရှိ၊ ကျွန်တော့် အနေဖြင့် သိသင့်သော အကြောင်းအရာ မှန်သမျှ ကို ဗဟုသုတ အနေဖြင့် ရေးခြင်းသာ ဖြစ်သည်။ အရင်ကလည်း ထိုစာစောင်ပါ ဆောင်းပါးပေါင်း များစွာကို ပြန်ဆိုခဲ့ပြီး အချို့ ဒေသခံ ဆောင်းပါးရှင် သတင်းထောက်များကပင် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်များ ရှိ၍ ပြဿနာ မရှိလှဟု ထင်မိခြင်း ဖြစ်သည်၊ သို့သော် ကာယကံရှင်က ကန့်ကွက်လာ၍ ကျွန်တော် ပြန်ဖြုတ်ပေးခဲ့ကြောင်း စာဖတ်သူများ အား အသိပေးလိုပါသည်။

 

(၂၀၂၀ အောက်တိုဘာ ၂၂ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “In Myanmar, Facebook struggles with a deluge of disinformation” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)