ပုတင်၊ ထရမ့်နှင့် ရှီကျင့်ဖျင်တို့သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နျူကလီးယားလက်နက်တိုက်များကို ထိန်းချုပ်ထားကြသည်။
ကြောက်ရွံ့မှုသည် လူတဦးကို လှုပ်ရှားနိုင်စွမ်းမရှိအောင် အကြောသေစေသည် အထိ ဖြစ်သွားနိုင်သည်။ သို့သော် တခါတရံတွင် ထိုကြောက်ရွံ့မှုကပင် ကမ္ဘာကြီးကို ကယ်တင်ပေးနိုင်ခဲ့သည်။
စစ်အေးတိုက်ပွဲကာလအတွင်း အကြိမ်ကြိမ်ဆိုသလို နျူကလီးယားလက်နက်များကြောင့် လူသားမျိုးနွယ် ပျက်သုဉ်းသွားနိုင်သည့် အန္တရာယ်ကို အမေရိကန်နှင့် ဆိုဗီယက်ခေါင်းဆောင်များ အတူတကွ ကြောက်ရွံ့ခဲ့ကြသည်။ ထိုကြောက်ရွံ့မှု ကြောင့်ပင် ၎င်းတို့အား လူသားတို့၏ အကျင့်စာရိတ္တနှင့် ဆင်ခြင်တုံတရားတို့ကိုပင် အံတုနေသည့် ဖျက်ဆီးနိုင်စွမ်းရှိသော နျူကလီးယားလက်နက်တိုက်များကို မည်သို့ပိုမိုကောင်းမွန်စွာ ထိန်းချုပ်စီမံမည်နည်းဟူသည့် နည်းလမ်းများကို ရှာဖွေစေခဲ့သည်။
ပြိုင်ဘက် အင်အားကြီး နိုင်ငံ ခေါင်းဆောင်များ ထိတ်လန့်ကြောက်ရွံ့လာမှုသည် မကြာမီကျရောက်တော့မည့် ဘေးအန္တရာယ်ကိုပင် တားဆီးပေးနိုင်ခဲ့သည့် ထင်ရှားသော ဥပမာတခုမှာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်း ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနှင့် ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှော့ဗ်တို့သည် ၎င်းတို့၏ တင်းမာသော သဘောထားရှိသည့် အောက်လူ များ၏ အကြံပြုချက်များကို ပယ်ချကာ အကျပ်အတည်းကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
The Brink of War” ဟု အမည်ရသော ရုပ်ရှင်ကားကို မကြာသေးမီက ထုတ်လွှင့်ပြသခဲ့သည်။ ထိုရုပ်ရှင်သည် အမေရိကန်သမ္မတ ရော်နယ် ရီဂင်နှင့် ၎င်း၏ ဆိုဗီယက်ပြိုင်ဘက်ခေါင်းဆောင် မီခေးလ် ဂေါ်ဘာချော့ဗ်တို့ ရေယက်ဗစ်မြို့တွင် တွေ့ဆုံခဲ့သည့် အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ကူးပြသခြင်း ဖြစ်သည်။
ထိုထိပ်သီးအစည်းအဝေးကို ပင်လယ်ကမ်းစပ်ရှိ ကျဉ်းမြောင်းသော အိမ်တလုံးတွင် ကျင်းပခဲ့သည်။ ထိုအိမ်သည် သရဲခြောက်သည်ဟု လူသိများသည့် အိမ်လည်း ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးသည် အလွန်တင်းမာပြီး စိတ်ဖိစီးမှုများပြားကာ လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ပင် ကန့်သတ်ထားသလို ခံစားရသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။
အစည်းအဝေးတွင် ပါဝင်ခဲ့ကြသော သံတမန်များက ခေါင်းဆောင်နှစ်ဦး၏ အစည်းအဝေးခန်းအပြင်ဘက်တွင် ရပ်နေခဲ့ကြသည့် အရာရှိနှစ်ဦးအကြောင်း ပြန်လည်ပြောပြခဲ့ကြသည်။ ထိုအရာရှိနှစ်ဦးအနက် တဦးမှာ အမေရိကန်ဖြစ်ပြီး၊ တဦးမှာ ရုရှားဖြစ်သည်။ ၎င်းတို့သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးအတွက် အသုံးပြုသည့် “Football” ဟု ခေါ်သော အထူးသေတ္တာများကို ကိုင်ဆောင်ထားကြသည်။
ထိုသေတ္တာများမှတစ်ဆင့် အမေရိကန်နှင့် ဆိုဗီယက်ခေါင်းဆောင်နှစ်ဦးသည် စုစုပေါင်း နျူကလီးယားထိပ်ဖူးပေါင်း ၆၀,၀၀၀ ကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
၁၉၈၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးကို ထိုအချိန်က အောင်မြင်မှု မရခဲ့ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ရီဂင်၏ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ရှူးလ်ဇ်က ထိုအစည်းအဝေးသည် နျူကလီးယားလက်နက် အမျိုးအစား အားလုံးကို ဖျက်သိမ်းပစ်မည့် နောက်ဆက်တွဲစာချုပ်များအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်ဟု အသိအမှတ်ပြုခဲ့သည်။
ဂေါ်ဘာချော့ဗ်ကလည်း ရေယက်ဗစ်မြို့သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ရေး လုပ်ငန်းစဉ် စတင်လှုပ်ရှားခဲ့သည့် နေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် အရေးပါသော အောင်မြင်မှုတစ်ရပ်မှာ အမေရိကန်နှင့် ဆိုဗီယက်ခေါင်းဆောင်နှစ်ဦးက နျူကလီးယားလက်နက်များကို မိမိတို့ ကြောက်ရွံ့ကြသကဲ့သို့ အလွန်မနှစ်မြို့ကြကြောင်း အပြန်အလှန် ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စစ်ရေးအရ တင်းမာသော သဘောထားရှိသည့် အကြံပေးများကိုပင် အံ့အားသင့်စေခဲ့သည့်အချက်မှာ နျူကလီးယားလက်နက်အားလုံးကို ဖျက်သိမ်းပစ်ရန် ရည်မှန်းထားကြောင်း၊ ထိုသို့ ဖျက်သိမ်းမှုသည် ဆယ်နှစ်အတွင်းပင် ဖြစ်နိုင်သည်ဟု ယူဆထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲများသည် “အပြန်အလှန် သေချာပေါက် ပျက်သုဉ်းခြင်း” (Mutually Assured Destruction — MAD) နှင့် ပတ်သက်သည့် အငြင်းပွားမှုကြောင့် လမ်းကြောင်းလွဲသွားခဲ့သည်။ MAD ဆိုသည်မှာ နျူကလီးယား လက်နက်ကို အသုံးပြုလာမည် ဆိုက နောက်ဆုံးတွင် တိုက်ခိုက်သည့်ဘက်နှင့် တိုက်ခိုက်ခံရသည့်ဘက် နှစ်ဖက်စလုံး ပျက်သုဉ်းသွားမည့် အခြေအနေ ဖြစ်ရမည်ဟူသော စစ်ရေးအယူဝါဒ ဖြစ်သည်။
ရီဂင်သည် မိမိတို့၏ အားနည်းချက်ပေါ်တွင် အခြေခံပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမည်ဆိုသည့် အယူအဆကို မနှစ်မြို့သဖြင့် သူ၏ မဟာဗျူဟာမြောက် ကာကွယ်ရေးအစီအစဉ် (Strategic Defence Initiative — SDI) ကို ရပ်တန့်ရန် ငြင်းဆိုခဲ့သည်။ SDI ဆိုသည်မှာ နျူကလီးယားဒုံးကျည်များကို အာကာသ သို့မဟုတ် အခြားကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဖျက်ဆီးနိုင်မည့် ဒုံးကျည်ကာကွယ်ရေးအကာအရံတစ်ခု တည်ဆောက်ရန် ရီဂင်၏ (နောက်ဆုံးတွင် အကောင်အထည်မဖော်နိုင်ခဲ့သော) အိပ်မက် ဖြစ်သည်။
ရုပ်ရှင်ထဲတွင် ရီဂင်က—“အနာဂတ်မျိုးဆက်တွေကို အမေရိကန်တွေဟာ ကြောက်ရွံ့မှုနဲ့ အသက်ရှင်နေရအောင် ကျွန်တော် ခွင့်မပြုနိုင်ဘူး” ဟု ပြောဆိုသည်။ ဤစကားသည် နောက်ပိုင်းတွင် လျှို့ဝှက်အဆင့်မှ လျှော့ချထုတ်ပြန်ခဲ့သော အစည်းအဝေးမှတ်တမ်းများနှင့်လည်း ကိုက်ညီသည်။
ထိုအခါ ဂေါ်ဘာချော့ဗ်က SDI သည် အမေရိကန်ဘက်အား နောင်တချိန်တွင် သဘောတူညီချက်များကို ဖောက်ဖျက်ပြီး ၎င်းတို့ အတွက် အန္တရာယ် လုံးဝမရှိ စေဘဲ ဆိုဗီယက် ကို တိုက်ခိုက်နိုင်မည်ဆိုလျှင်၊ မိမိအနေဖြင့် နျူကလီးယားလက်နက်များကို အဘယ်သို့စတင်လျှော့ချနိုင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။
ရီဂင်က SDI နည်းပညာကို ဆိုဗီယက်ယူနီယံနှင့် မျှဝေပေးမည် ဟု ကမ်းလှမ်းခဲ့သော်လည်း ဂေါ်ဘာချော့ဗ်က ထိုကမ်းလှမ်းချက်ကို “စိတ်ကူးယဉ်အိပ်မက်” ဟု ဆိုကာ ပယ်ချခဲ့သည်။
ယနေ့ကမ္ဘာကြီးသည် ပြဿနာအသစ်တရပ် နှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံများသည် မိမိတို့ပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက်များ၏ ကြီးမားလှသော ဖျက်ဆီးနိုင်စွမ်းအပေါ် ထိတ်လန့်ကြောက်ရွံ့မှု မရှိတော့ခြင်း ဖြစ်သည်။
အမေရိကန်၊ တရုတ်နှင့် ရုရှားတို့သည် မိမိတို့၏ နျူကလီးယားလက်နက်တိုက်များကို ပိုမိုကြီးမားအောင် တိုးချဲ့ရန် သို့မဟုတ် ခေတ်မီအောင် ပြုပြင်မွမ်းမံရန် အားထုတ်နေကြသည်။
ထိုအခြေအနေ၏ ရလဒ်အနေဖြင့် ၎င်းတို့သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် တွန့်ဆုတ်နေကြသည်။ သို့မဟုတ် ယခင်က သဘောတူထားခဲ့သော လက်နက်ထိန်းချုပ်ရေးစာချုပ်များကို သက်တမ်းကုန်ဆုံးသွားစေပြီး ဆက်လက် မဆွေးနွေး ကြတော့ခြင်း ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားစစ်ပွဲကို “အန္တိမ ဘေးအန္တရာယ်ကြီး” ဟု ခေါ်ဆိုခဲ့ဖူးသည်။ သို့သော် MAD အယူဝါဒ အလုပ်ဖြစ်နိုင်ရန် လိုအပ်သည့် ဆင်ခြင်တုံတရားမျိုးကို လူသားများတွင် အမှန်တကယ် ရှိမရှိဆိုသည်ကိုမူ သူက သံသယရှိသည်။
၁၉၉၀ ပြည့်နှစ်ကပင် Playboy မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထရမ့်က “လူတိုင်းက နျူကလီးယားလက်နက်တွေ ဘယ်လောက်ဖျက်ဆီးနိုင်တယ်ဆိုတာ သိကြလို့ ဘယ်တော့မှ အသုံးပြုမှာမဟုတ်ဘူး” ဟူသော ယုံကြည်ချက်သည် “အဓိပ္ပာယ်မရှိတဲ့ စကား” ဖြစ်သည်ဟု ပြောခဲ့သည်။
သို့သော် ယခုအခါ အမေရိကန် စစ်တပ်၏ အမြင့်ဆုံးအမိန့်ပေးအရာရှိအဖြစ် တာဝန်ယူနေချိန်တွင်မူ မစ္စတာထရမ့်သည် နျူကလီးယားအန္တရာယ်များကို အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် အလေးအနက် သဘောမထားဘဲ ဖြစ်နေသည်။
အမေရိကန်သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအရေအတွက် ထပ်မံမတိုးပွားလာစေရန် ကာလရှည်ကြာစွာ ကြိုးပမ်းခဲ့သည်။ သို့သော် နိုင်ငံရေးလက်တွေ့ကျင့်သုံးမှု realpolitik အကြောင်းပြချက်များကြောင့် အိန္ဒိယ၊ အစ္စရေးနှင့် ပါကစ္စတန်တို့ နျူကလီးယားလက်နက်များ တည်ဆောက်ပြီးနောက်တွင်မူ ထိုနိုင်ငံများကို ခွင့်လွှတ်လက်ခံခဲ့သည်။
ထရမ့်၏ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု နှင့် ပတ်သက်သည့် အမြင်များကို တိတိကျကျ သတ်မှတ်ရန်မှာ ခက်ခဲသည်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေစဉ်က ထရမ့်က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် ဂျပန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်းသည် အမေရိကန်၏ အကူအညီကို အားကိုးနေရခြင်းထက် ပိုကောင်းနိုင်သည် ဟု ပြောခဲ့ဖူးသည်။
ယခု ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်းတွင်လည်း ထရမ့်သည် ဆော်ဒီအာရေဗျနှင့် တောင်ကိုရီးယားကဲ့သို့သော မိတ်ဖက်နိုင်ငံများထံ နျူကလီးယားနည်းပညာများ ရောင်းချရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ပြုရာတွင် ယခင်က အလားတူ သဘောတူညီချက်များတွင် ထားရှိခဲ့သည့် ကန့်သတ်ချက်များ သို့မဟုတ် လုံခြုံရေးအကာအကွယ်များထက် လျော့လျော့ပေါ့ပေါ့ ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။
အမေရိကန်ပြည်တွင်း၌လည်း ထရမ့်သည် ဒုံးကျည်တိုက်ခိုက်မှုများမှ အမေရိကန်ကို ကာကွယ်ရန် “Golden Dome” ဟု အမည်ပေးထားသည့် ကြားဖြတ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို တည်ဆောက်မည်ဟု ကတိပြုထားသည်။
သို့သော် ထိုရည်မှန်းချက်ကို အမှန်တကယ် အလေးအနက်ထားကြောင်း ယူဆ၍ မရအောင်ပင် ထရမ့်သည် ကနေဒါနှင့် အကြိမ်ကြိမ် ပဋိပက္ခဖြစ်အောင် ပြဿနာရှာနေသည်။ အကြောင်းမှာ ထိုကာကွယ်ရေးစနစ်ကို အပြည့်အဝ ထိရောက်စေရန် လိုအပ်သည့် ရေဒါစခန်းများ တည်ဆောက်ရာတွင် ကနေဒါနိုင်ငံ၏ နယ်မြေသည် မဖြစ်မနေ လိုအပ်နေသောကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင် သည် နျူကလီးယားစစ်ပွဲများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ၎င်း၏ သဘောထားသည် ၁၉၅၇ ခုနှစ် မော်စကိုတွင် စုဝေးခဲ့ကြသော ကွန်မြူနစ်အုပ်စုဝင် နိုင်ငံများ၏ ခေါင်းဆောင်များကိုပင် ထိတ်လန့်စေခဲ့သည့် မော်စီတုန်း၏ တော်လှန်ရေးအစွန်းရောက်ဝါဒ နှင့် လုံးဝမတူပေ။
ထိုအချိန်က မော်စီတုန်းသည် လူသားမျိုးနွယ်၏ ထက်ဝက်ခန့် သေဆုံးစေနိုင်သည့် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာခြင်းကိုပင် ကြိုဆိုသည့်သဘောမျိုး ပြသခဲ့သည်။ အကြောင်းမှာ ထိုသို့ဖြစ်ပွားပါက “အင်ပါယာဝါဒသည် မြေပြင်ပေါ်မှ အပြီးတိုင် ပျက်သုဉ်းသွားမည်ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံး ဆိုရှယ်လစ်စနစ် ဖြစ်လာမည်” ဟု သူက ယူဆခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ရှီကျင့်ဖျင်ခေတ် တရုတ်နိုင်ငံ သည် ၂၁ ရာစုအလယ်ပိုင်းတွင် အခြားမည်သည့်နိုင်ငံကမျှ တရုတ်ကို ဆန့်ကျင်ရန် မတတ်နိုင်တော့သည့်အပြင် မဆန့်ကျင်ရဲတော့သည့်အထိ အင်အားကြီးမားလာရန် ရည်မှန်းချက်များ ရှိနေသည်။
ကမ္ဘာစစ်တရပ် ဖြစ်ပွားလာပါက တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာ နေမှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။
တချိန်တည်းမှာပင် တရုတ် သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန်တို့ ပါဝင်မည့် သုံးနိုင်ငံဆွေးနွေးပွဲများ တွင် ပါဝင်ရန် အမေရိကန်၏ တောင်းဆိုချက်ကို ပယ်ချနေသည်။ တရုတ်အရာရှိများက တရုတ်၏ (တဖြည်းဖြည်း တိုးပွားလာနေသော) နျူကလီးယားလက်နက်အင်အားသည် အခြားအင်အားကြီးနိုင်ငံနှစ်နိုင်ငံ၏ လက်နက်တိုက်များထက် များစွာသေးငယ်နေဆဲဖြစ်သည်ဟု အကြောင်းပြကြသည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ နျူကလီးယားထိပ်ဖူးများနှင့် ဒုံးကျည်များကို နှစ်သက်သည်တော့ မဟုတ်သလို၊ အီရန်က နျူကလီးယားဗုံးရရှိရန် ကြိုးပမ်းနေခြင်းကိုလည်း သဘောကျသည်မဟုတ်ပေ။ သို့သော် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကထက် ယခုအခါ ထိုနှစ်နိုင်ငံ၏ နျူကလီးယားရည်မှန်းချက်များကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံရန် သို့မဟုတ် အကောင်အထည်ဖော်ရာတွင် အားပေးကူညီရန် ပိုမိုတွန့်ဆုတ်လာပုံရသည်။
ထို့အပြင် အမေရိကန်၏ တောင်းဆိုချက်အတိုင်း တရုတ်၏ ကြီးမားသော စီးပွားရေးအင်အားကို အသုံးပြု၍ မြောက်ကိုရီးယားနှင့် အီရန်တို့ကို ဖိအားပေးရန် လည်း တရုတ်က လက်မခံခဲ့ပေ။
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီးဖြစ်သလို၊ အီရန်၏ အုပ်ချုပ်သူများသည် မိမိတို့၏ အုပ်ချုပ်ရေးအာဏာပင် ဆက်လက်တည်မြဲနိုင်မည် မဟုတ်တော့သည့် အခြေအနေအတွက် စိုးရိမ်နေကြသောကြောင့် ထိုနိုင်ငံများ၏ ဆုံးဖြတ်ချက်နှင့် တွက်ချက်မှုများကို ပြောင်းလဲစေရန် နျူကလီယား နှင့် ခြိမ်းခြောက်နိုင်သည့်အဆင့် ရှိရမည် ဖြစ်သည်။
သို့သော် တရုတ်သည် ထိုမျှပြင်းထန်သော ဖိအားမျိုးကို မပေးလိုပေ။ အကြောင်းမှာ အမေရိကန်ဦးဆောင်သည့် အစိုးရအာဏာပြောင်းလဲပစ်မည့် စစ်ဆင်ရေးများ ကို တရုတ်က ၎င်း၏ မဟာမိတ်/လက်အောက်ခံနိုင်ငံများဟု ယူဆရသော နိုင်ငံများ နျူကလီးယားလက်နက် ပိုင်ဆိုင်လာမည့်အန္တရာယ်ထက် ပို၍ ကြောက်ရွံ့ လာနေသောကြောင့် ဖြစ်သည်။
အထိတ်တလန့်ဖြစ်စရာ အကောင်းဆုံးက ရုရှား၏ ဗလာဒီမာ ပူတင် နှင့် ပတ်သက်နေသည်။
၎င်းက နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီး ဖြစ်လာရေးကို ရည်မှန်းနေခြင်း မျိုး လုံးဝ မရှိတော့ဘဲ ယခုအခါ ပူတင်သည် နျူကလီးယားလက်နက် သုံးမည်ဟူသော ခြိမ်းခြောက်မှုများနှင့် အန္တရာယ်အစွန်းအဖျားအထိ စွန့်စားကစားသည့် မဟာဗျူဟာ ကို အသုံးပြုပြီး အခြားနိုင်ငံများကို ခြိမ်းခြောက်အနိုင်ယူရန် ကြိုးပမ်းနေသည်။
ထို့အပြင် မိမိ၏ ဒေဝါလီခံနေရသည့် မာဖီးယားပုံစံနိုင်ငံ အဖြစ် ရောက် နေရာမှ ယခင်ကလို ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံအဖြစ် ၎င်းတို့ကို သဘောထားးရန်လည်း တောင်းဆိုနေသည်။
စစ်အေးတိုက်ပွဲကာလသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ထိတ်လန့်ကြောက်မက်ဖွယ်ရာများ ပြည့်နှက်နေသည့် ခေတ်ကာလတရပ် ဖြစ်ခဲ့သည်။ သို့သော် တခါတရံတွင် ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည့် အန္တရာယ်အပေါ် ကြောက်ရွံ့ထိတ်လန့်မှုက ထိုခေတ်ခေါင်းဆောင်များအား သာမန်ထက် ထူးကဲမြင့်မြတ်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေခဲ့သည်။
ယနေ့ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ကို အုပ်ချုပ်နေကြသော ခေါင်းဆောင်များသည် ကြောက်ရွံ့မှု လုံးဝကင်းမဲ့သူများတော့ မဟုတ်ကြပေ။ သို့သော် မကြာခဏဆိုသလို ၎င်းတို့၏ စိုးရိမ်ပူပန်မှုများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးပြီး မိမိတို့နိုင်ငံအတွင်းရေးကိုသာ အာရုံစိုက်နေကြခြင်းမျိုး ဖြစ် နေသည်။
(၂၀၂၆ စက်တင်ဘာ ၈ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ
"World leaders are losing their terror of nuclear war" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)