ဗီယက်နမ် စစ်တပ်သည် ၁၉၇၈ ဒီဇင်ဘာ ၂၅ ခရစ္စမတ် နေ့တွင် အလုံး အရင်း နှင့် စတင် ကျုးကျော် တိုက်ခိုက်လာခဲ့သည်။ ၁၂ ရက်ကြာ ဇန်နဝါရီ ၇ ရက် တွင် ဖနွမ်းပင် ကို သိမ်းပိုက်ပြီး ပိုပေါ့ အစိုးရ ကို ဖြုတ်ချ နိုင်ခဲ့သည်။
အကြောင်းရင်းမှာ ပိုပေါ့ ၏ ခမာနီအစိုးရက ဗီယက်နမ်နယ်စပ်ကျေးရွာများကို အစဉ်တစိုက် ကျူးကျော်တိုက်ခိုက်ပြီး ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း နှင့် ပထဝီနိုင်ငံရေးအရ တရုတ်-ဆိုဗီယက် ပဋိပက္ခကြား ညှပ်ခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။
ခမာနီခေါင်းဆောင် ပိုပေါ့သည် ဗီယက်နမ်တောင်ပိုင်းရှိ အချို့နယ်မြေများကို ကမ္ဘောဒီယား၏ မူလပိုင်နက်ဟောင်း Khmer Krom ဟု ယူဆပြီး ပြန်လည်သိမ်းပိုက်လိုခဲ့သည်။
၁၉၇၈ ခုနှစ် ဧပြီလတွင် ခမာနီတပ်များသည် ဗီယက်နမ်နိုင်ငံ၊ အန်ဂျန်း ပြည်နယ်ရှိ ဘားထက် (Ba Chúc) ကျေးရွာထဲသို့ ဝင်ရောက်ကာ ဗီယက်နမ် အရပ်သား ပြည်သူ ၃,၀၀၀ ကျော်ကို ကလေး၊ လူကြီးမရွေး ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
(ထိုသို့ ဖြစ်ပျက်ပြီး ရှစ်လ အကြာတွင် ဦးနေဝင်း၏ ကမ္ဘောဒီယား (ထိုစဉ်က ကမ်ပူးချား) ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ထိုစဉ်ကတည်းကပင် မြန်မာ စစ်ခေါင်းဆောင်များ၏ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့် သိက္ခာတရား ပျက်ယွင်းနေသည်ကို အထင်အရှား တွေ့မြင် နိုင်ပေသည်။)
ထိုကဲ့သို့သော နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုများ နှစ်ပေါင်းများစွာ စတင်ဖြစ်ပွားလာသည့်အတွက် ဗီယက်နမ်အစိုးရသည် မိမိနိုင်ငံသားများ၏ လုံခြုံရေးအတွက် စိုးရိမ်လာသဖြင့် ဆိုဗီယက်၏ စစ်ရေးအကူအညီကို ယူကာ ပိုပေါ့အစိုးရကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် ခမာနီ အစိုးရ ၏ အနီးကပ် မဟာမိတ် ဖြစ်နေ၍ ဗီယက်နမ် ကို လက်တုန့်ပြန်သည့် အနေဖြင့် ၁၉၇၉ ဖေဖော်ဝါရီလ ၁၇ ရက်မှ မတ်လ ၁၆ ရက်နေ့အထိ တလ နီးပါး အကြာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ (ထိုစဉ်က ကျွန်တော်သည် ၇ တန်း ကျောင်းသားဘဝ ဖြစ်ပြီး ဗလာစာအုပ် တအုပ်ဖြင့် ထို တိုက်ပွဲ ဖြစ်စဉ်များကို သတင်းစာများမှ နေ့စဉ် ကူးယူ ထားခဲ့ဖူးပေသည်။)
အာဆီယံ သည် ဗီယက်နမ်၏ လုပ်ရပ်ကို သံတမန် ရေးရာ အရ အပြင်းအထန် ကန့်ကွက်ပြီး ဗီယက်နမ်ကို နိုင်ငံတကာ တွင် အထီးကျန်စေရန် အားသွန်ခွန်စိုက် လုပ်လာခဲ့သည်။
ထိုခေတ်က အာဆီယံတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံဟူ၍ မူလအဖွဲ့ဝင် ၅ နိုင်ငံသာ ရှိသေးပြီး (ဗီယက်နမ်နှင့် ကမ္ဘောဒီယားတို့သည် အဖွဲ့ဝင် မဖြစ်သေး)။
ကျူးကျော်မှုဖြစ်ပွားပြီး ချက်ခြင်းလိုပင် ၁၉၇၉ ခုနှစ် ဇန်နဝါရီလတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ဗီယက်နမ်၏ လုပ်ရပ်သည် ကမ္ဘောဒီယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ကမ္ဘောဒီယားမြေပေါ်ရှိ နိုင်ငံခြားတပ်ဖွဲ့များ (ဗီယက်နမ်စစ်တပ်များ) အားလုံး ချက်ချင်းနှင့် အကြွင်းမဲ့ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။
အာဆီယံသည် ဗီယက်နမ် ၏ ရုပ် သေး ဟင်ဆမ်ရင် အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ပယ်ချခဲ့သည်။
ကုလသမဂ္ဂ တွင် ကမ္ဘောဒီယားနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို ဗီယက်နမ်ကျောထောက်နောက်ခံပြု အစိုးရအား မပေးဘဲ၊ ဖြုတ်ချခံလိုက်ရသည့် ခမာနီအဖွဲ့ ကသာ ဆက်လက်ရရှိစေရန် အာဆီယံက ရှေ့တန်းမှ မဲဆွယ်စည်းရုံးပေးခဲ့သည်။
ကုလသမဂ္ဂတွင် အာဆီယံတင်သွင်းသည့် "ဗီယက်နမ်တပ်များ ရုပ်သိမ်းရေး" အဆို သည် နှစ်စဉ်နှစ်တိုင်း မဲအပြတ်အသတ်ဖြင့် အောင်မြင်ခဲ့ပြီး ဗီယက်နမ်ကို နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေးအရ အကျပ်ရိုက်စေခဲ့သည်။
တဖက်တွင်လည်း ခမာနီတို့၏ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ၎င်းတို့ကို သံတမန်ရေးအရ ဆက်လက်ထောက်ခံပေးရန် ကမ္ဘာ့မျက်နှာစာတွင် အာဆီယံအတွက် သိက္ခာပိုင်းဆိုင်ရာ အခက်အခဲရှိလာခဲ့သည်။
ထို့ကြောင့် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ ကြိုးပမ်းမှုဖြင့် အာဆီယံသည် ၁၉၈၂ ခုနှစ်တွင် ခမာနီအဖွဲ့၊ မင်းသားကြီး သီဟနုအဖွဲ့နှင့် ဟွန်ဆန် ၏ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ ၃ ဖွဲ့ကို ပူးပေါင်းစေပြီး "ကမ္ဘောဒီယား အမျိုးသား ညွန့်ပေါင်းအစိုးရ" ကို ဖွဲ့စည်းပေးခဲ့သည်။ ဤညွန့်ပေါင်းအစိုးရကို ကုလသမဂ္ဂ၌ ကမ္ဘောဒီယား၏ တရားဝင်အစိုးရအဖြစ် တင်မြှောက်ပေးခြင်းဖြင့် ဗီယက်နမ်ကို ပိုမိုဖိအားပေးနိုင်ခဲ့သည်။
အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံသည် ဗီယက်နမ်စစ်တပ်နှင့် ကမ္ဘောဒီယားနယ်စပ်တွင် တိုက်ရိုက် မျက်နှာချင်းဆိုင်လာရသဖြင့် လုံခြုံရေးအရ အကြီးအကျယ် စိုးရိမ်ခဲ့ရသည်။ အာဆီယံသည် ထိုင်းနိုင်ငံအား "ရှေ့တန်း တံတိုင်းနိုင်ငံ" အဖြစ် သတ်မှတ်ကာ နိုင်ငံရေးအရ အပြည့်အဝဝန်းရံပေးခဲ့ပြီး၊ တရုတ်နှင့် အမေရိကန်တို့ထံမှ စစ်ရေး၊ ရိက္ခာ အကူအညီများ ထိုင်းနယ်စပ်မှတစ်ဆင့် ကမ္ဘောဒီယား အတိုက်အခံများထံ စီးဆင်းနိုင်ရေးကို လမ်းဖွင့်ပေးခဲ့သည်။
အာဆီယံ၏ ထိုစဉ်က တုံ့ပြန်မှုသည် Realpolitik ဆိုသည့်လက်တွေ့ကျသော နိုင်ငံရေးတွက်ချက်မှု အပေါ် အခြေခံပါသည်။ အာဆီယံသည် ခမာနီတို့၏ ရက်စက်မှုကို သဘောကျ၍ မဟုတ်ဘဲ၊ ဗီယက်နမ်က အိမ်နီးချင်းနိုင်ငံတစ်ခုကို စစ်အင်အားဖြင့် ကျူးကျော်သိမ်းပိုက်ကာ အုပ်ချုပ်ရေးစနစ် ပြောင်းလဲပစ်သည့် စံနမူနာဆိုးကို ခွင့်မပြုနိုင်ခြင်းနှင့် ဒေသတွင်း ကွန်မြူနစ်ဩဇာ (ဆိုဗီယက်-ဗီယက်နမ် ဝင်ရိုး) ချဲ့ထွင်လာမည်ကို တားဆီးလိုခြင်းကြောင့် ဖြစ်သည်။
ဤစည်းလုံးသော တုံ့ပြန်မှုသည် အာဆီယံကို စီးပွားရေးအဖွဲ့အစည်းငယ်တစ်ခုအဖြစ်မှ ကမ္ဘာက လေးစားရသည့် နိုင်ငံတကာ သံတမန်ရေးရာ အင်အားစုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပေးခဲ့သည့် သမိုင်းဝင် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ရုံမျှမက၊ ၁၉၉၁ ခုနှစ် ပါရီငြိမ်းချမ်းရေးစာချုပ် ဖြစ်မြောက်လာသည်အထိ လမ်းခင်းပေးနိုင်ခဲ့ပါသည်။
ဗီယက်နမ် တပ်များသည် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အထိ ၁၀ နှစ်ကျော်ကြာ ဆက်လက် ရှိနေခဲ့ပြီး နောက်ပိုင်း အပြီးသတ် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ တပ်များ ပြန်လည်ရုပ်သိမ်းရခြင်း၏ အဓိကအကြောင်းရင်းများမှာ -နိုင်ငံတကာ ဖိအားနှင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဗီယက်နမ်နိုင်ငံ စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးလာခြင်း၊ စစ်စရိတ် ကျောထောက် နောက်ခံပေးနေသည့် ဆိုဗီယက်ယူနီယံက အကူအညီများ ဖြတ်တောက်လိုက်ခြင်း၊ ကမ္ဘောဒီးယားပြည်တွင်းစစ်တွင် ခမာနီအပါအဝင် အတိုက်အခံ ပြောက်ကျားတပ်ဖွဲ့များ၏ ခုခံမှုကြောင့် ဗီယက်နမ်စစ်သားအမြောက်အမြား သေဆုံးဒဏ်ရာရပြီး စစ်ပွဲကာလ ရှည်ကြာလာခြင်း တို့ကြောင့် ပင် ဖြစ်သည်။
ဗီယက်နမ်တပ်များ ရုပ်သိမ်းသွားပြီးနောက်တွင်မှ ကုလသမဂ္ဂ က ကြားဝင်စေ့စပ်ပေးသည့် ၁၉၉၁ ခုနှစ် ပါရီငြိမ်းချမ်းရေးသဘောတူညီချက် ထွက်ပေါ်လာပြီး ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများ ကျင်းပကာ ငြိမ်းချမ်းရေး လမ်းစ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ မင်းအောင်လှိုင် အာဏာသိမ်းခဲ့ချိန်မှစ၍ အာဆီယံသည် ဗီယက်နမ်ကို လုပ်သလို မြန်မာ အရေး အတွက် အားသွန်ခွန်စိုက် လုပ်ခဲ့မည် ဆိုလျင် တရုတ် ရုပ်သေး စစ်အုပ်စု ဆက်ရှိနေဖို့ မကြိမ်းသေတော့။ ကုလသမဂ္ဂတွင်လည်း တခါဖူးမျှ ပြစ်တင် ရှုတ်ချသည့် အဆိုကို မတင်သွင်းခဲ့ဖူးပေ၊ အနည်းဆုံး တော့ ကုလ တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဖက်မှ မားမားမတ်မတ် ရပ်တည် ပေးသင့်လှပေသည်။ (ထို အကြောင်းကို မနက်ဖန် ဆက်လက် ဆွေးနွေးပါမည်။)
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!