မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် တရားမျှတ မှု လုံးဝ မရှိဘဲ ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ၎င်း၏ ငါးနှစ်ကျော်ကြာ အာဏာသိမ်း ခေါင်းဆောင် အဖြစ်မှ ဒီမိုက ရေစီ သမ္မတ အဖြစ် အရေခွံ လဲလာသူ ဖြစ်သည်။
ဒီမိုကရေစီ သမ္မတ ဆိုသည်ကို ကြွေးကြော်နေယုံ ဖြင့် မပြီးသေး၊ နိုင်ငံတကာက အသိအမှတ် ပြုဖို့ လိုလာသည်။ ထို့အတွက် ကမ္ဘာဒီမိုကရေစီ ဘိုးအေ ကြီးဟု အလွယ်တကူ ယူဆနေကြသည့် အိန္ဒိယ သို့ ဆရာသမား ဖြစ်သော တရုတ်ထက်ပင် ဗွေဆော်ဦး သွားရောက်ကာ ကောင်းချီးပေးခြင်း ခံယူခဲ့သည်၊ သူ၏ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယ လို နိုင်ငံမျိုးကတောင် ငါ့ကို ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ် တင်မြှောက်ခံ ရကြောင်း အသိအမှတ် ပြုလိုက်ပြီ၊ မင်းတို့ ဘာပြောချင်သေးလဲ ပုံစံ မျိူး ဖြစ်သည်။
သို့သော် မင်းအောင်လှိုင်သည် ကံဆိုးမိုးမှောင်ကျစွာ အင်တာနက် ခေတ်ကြီး တွင် အာဏာသိမ်းခဲ့သူ ဖြစ်နေသည်ကို ထည့်တွက်ပုံမရ၊ လူထု ၏ နိုင်ငံရေး ရေချိန်သည် ကြေးမုံ၊ လုပ်သား၊ ဗိုလ်တထောင် ခေတ်ထက် လွန်စွာ မြင့်မားလာနေသည်ကိုလည်း လက်မခံနိုင်ဖြစ်နေသည်၊ လူထု က အိန္ဒိယ သည် ဒီမိုကရေစီ ဘိုးအေ ကြီး အဖြစ်မှ သူငယ်ပြန်ကာ နှပ်ချေး တွဲလောင်းဘဝ ရောက်နေပြီ ဆိုသည်နှင့် ၎င်းအား မည်သည့် ရည်ရွယ်ချက် ဖြင့် လက်ခံခဲ့သည်ကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
နိုင်ငံတွင်းရှိ ပြည်သူအများစု၊ ပြည်ပရောက် နိုင်ငံသားများနှင့် တော်လှန်ရေးအင်အားစုများအတွက်မူ ထိုရွေးကောက်ပွဲကြောင့် ဘာမျှပြောင်းလဲသွားခြင်းမရှိသလို၊ စစ်ပွဲကလည်း ပြီးဆုံးသွားခြင်းမရှိပေ။
မင်းအောင်လှိုင် ကတော့ ထိုသို့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ဒေါ်လာ သန်း ၁၄၀ စိုက်ထုတ်ပေးခဲ့သည့် ၎င်း၏ မွေးစား ဖခင်ကြီးရှိရာ ဘီဂျင်းသို့ ချီတက်ခဲ့ပေသည်။
ထို့နောက်တွင်တော့ ရွေးကောက်ပွဲ တရားဝင်မှု ဆိုသည်ကို အလျင်း ဂရုမစိုက်သော အာဏာရှင် နိုင်ငံများသို့ ခရီးဆက်ခဲ့ရာ နောက်ဆုံးတွင် ကမ္ဘောဒီယား တွင် အဆုံးသတ်သွား တော့မည် ဖြစ်သည်။
ထိုနိုင်ငံများထဲတွင် ပြည်သူအများစုက ရွေးချယ် တင်မြှောက်ခံရသော အစိုးရ များ တခုတလေမျှ မပါဝင်၊ ထိုကဲ့သို့သော အစိုးရများကလည်း ၎င်းအား အနားကပ်မခံ။ ထိုင်း အစိုးရ ဆိုသည်ကလည်း ရွေးကောက်ပွဲတွင် ပြည်သူများ တင်မြှောက်ခဲ့သည့် ပါတီ ပင် အစိုးရ ဖွဲ့ခွင့် မရသော စစ်တပ် ချုပ်ကိုင်ထားသည့် အုပ်ချုပ်ရေး အဖွဲ့မျိုးသာ မဟုတ်ပါလား။
နောက်ဆုံး သွားမည့် ကမ္ဘောဒီယား ကို ကြည့်မည် ဆိုလျင် ၎င်း ရွေးချယ်ပုံ ကို အတိုင်းသား မြင်နိုင်ပေသည်၊ အဘယ်ကြောင့် ဆိုသော ကမ္ဘောဒီယား သည် ရောမ စာချုပ် ကို အတည်ပြု လက်မှတ်ရေးထိုးပြီး အိုင်စီစီ အဖွဲ့ဝင် ဖြစ်လာသည့် တီမော ပြီးလျင် အာဆီယံ တွင် တခုတည်းသော နိုင်ငံ ဖြစ်သည်။
(ဖိလစ်ပိုင်သည် အိုင်စီစီ အဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း ၂၀၁၉ တွင် နှုတ်ထွက်သွားခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်က သမ္မတဟောင်း ဒူတာတေး အား ထိုမတိုင်မီက "မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ" အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အိုင်စီစီက တရားစွဲဆိုလာခြင်း ဖြစ်သည်။- စကားချပ်)
မင်းအောင်လှိုင် မှ ၎င်းအတွက် အိုင်စီစီ ၏ red alert ခေါ် ဖမ်းဝရမ်း ကို လျို့ဝှက် ထုတ်ပြန်ထားခြင်း ရှိမရှိကို တပ်အပ် သေချာ မသိဘဲ ကမ္ဘောဒီယား ကို သွားရဲသနည်း ဟု မေးစရာ ရှိလာသည်။
အဘယ့်ကြောင့် ဆိုသော ကမ္ဘောဒီယား သည် ၎င်းတို့ကဲ့သို့ပင် တရုတ် လက် အောက်ခံ ဖြစ်ပြီး ဒီမိုကရေစီ အမည်ခံ ထားသော်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများကို လူတစုကသာ ချုပ်ကိုင်ထားသည့် အယောင်ဆောင် နိုင်ငံမှန်း ကောင်းစွာ သိရှိနေ၍ ဖြစ်သည်။
၎င်း၏ ရွေးချယ် သွားရောက်သည့် နိုင်ငံများသည် ထိုသို့ ဒီမို ကရေစီ အယောင်ဆောင် များ ဖြစ်ရမည် ဟူသော အချက်ကို အဓိက ထား ထည့်သွင်းစဉ်းစားခြင်း ပင် ဖြစ်သည်။
ကမ္ဘောဒီးယား ခရီးစဉ် သည်လည်း ဘုရင် နိုရိုဒွန် သီဟမုနိနှင့် ဆီနိတ်ဥက္ကဋ္ဌ ဟွန်ဆင် တို့၏ တရားဝင်ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်း လေဆိပ်သို့ဆင်းသည်နှင့် မဖမ်းဆီးပါဟု ဟွန်ဆင် ထံမှ ခိုင်မာသော သံတမန်ရေးရာ လုံခြုံမှု အာမခံချက် ရရှိထားခြင်း ကြောင့်လည်း သွားရဲခြင်း ဖြစ်သည်။
ဆူဒန် သမ္မတ ဘာရှီရား အား တောင်အာဖရိက သမ္မတ မှ ဖိတ်ကြား၍ တရားဝင် အလည် အပတ် ခရီး ရောက်ရှိခဲ့သော်လည်း တောင်အာဖရိက တရားသူကြီး မှ အိုင်စီစီ ဖမ်းဝရမ်း ကို လက်မှတ်ထိုး အတည်ပြုခဲ့၍ ဘာရှီရား ခမျာ ရဲ အဖွဲ့ လက်မှ လွတ်အောင် လေယာဉ်ပေါ် အတင်း တက်ပြေးခဲ့ရသည်အထိ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ဖူးပေသည်။
မင်းအောင်လှိုင် ကလည်း ကမ္ဘောဒီယား၏ တရားစီရင်ရေး စနစ်သည် ၎င်းတို့ကဲ့သို့ပင် အထက်က ကျလာသော စာရွက်ကို ဖတ်ပြရသည့် စနစ်မျိူး ဆိုသည်ကို ကောင်းစွာ သိထားပြီး ဖြစ်သည်။
ဤနေရာ တွင် အလျင်းသင့်၍ ဟွန်ဆန် အကြောင်း အနည်းငယ် ပြောလိုပေသည်။
ဟွန်ဆန် သည် မူလက ခမာနီ စစ်တပ်၏ တပ်ရင်းမှူးတစ်ဦး ဖြစ်ခဲ့သော်လည်း ပိုပေါ့၏ ရက်စက်ကြမ်းကြုတ်သော သွေးချောင်းစီး သုတ်သင်ရှင်းလင်းမှုများကြောင့် အသက်ဘေးမှလွတ်ရန် ၁၉၇၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့သူ ဖြစ်သည်။
ဗီယက်နမ်စစ်တပ်က ၁၉၇၉ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ပြီးနောက် ပိုပေါ့နေရာတွင် အစားထိုးရန် ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး တပ်ဦး (KUFNS) ကို ဖွဲ့စည်းပေးခဲ့ရာတွင် ဟွန်ဆန်သည် ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။
ဗီယက်နမ်က ကျောထောက်နောက်ခံပေးထားသည့် ထိုအစိုးရအသစ်တွင် ဟွန်ဆန်ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် စတင်ခန့်အပ်ခဲ့သည်။ ဗီယက်နမ်စစ်တပ် ကမ္ဘောဒီးယားကို သိမ်းပိုက်ထားစဉ်အတွင်း ၁၉၈၅ ခုနှစ်တွင် အသက် ၃၂ နှစ်အရွယ်သာ ရှိသေးသော ဟွန်ဆန်ကို ဝန်ကြီးချုပ်အဖြစ် ဗီယက်နမ်၏ ထောက်ခံမှုဖြင့် တင်မြှောက်ခဲ့ကြသည်။ ၎င်းသည် ထိုအချိန်မှစ၍ အာဏာကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်များထဲမှ တဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဟွန်ဆန်သည် ဗီယက်နမ်၏ စစ်ရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံဖြင့်သာ ကမ္ဘောဒီးယားနိုင်ငံရေးလောကတွင် အာဏာရလာခဲ့သူ ဖြစ်သည်။
ထိုသို့ သွေးချောင်းစီး သတ်ဖြတ်နေသော ကမ္ဘောဒီယား သို ဗီယက်နမ်တို့ မကျုးကျော်မီ ၁၉၇၈ ကုန်ပိုင်းလောက်တွင် "သမ္မတကြီး ဦးနေဝင်းသည် ကမ်ပူးချား (ကမ္ဘောဒီယားကို အမည်ပြောင်း) သမ္မတ ခယူဆမ်ဖန် ၏ ဖိတ်ကြားချက်အရ မကြာမီ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်မည်ဟု မြန်မာ သတင်းစာများ တွင် ပါရှိလာခဲ့သည်။
မရှေးမနှောင်း မှာပင် ဗီယက်နမ် တပ်များ ဖနွမ်းပင် သို့ ဝင်ရောက်လာပြီး နောက် ထိုစဉ်က မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သည် ကုန်းလမ်းခရီး ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးလာခဲ့ရမှု နှင့် အတူ ခရီးစဉ်လည်း ပျက်သွားခဲ့ရရှာသည်။
ထိုစဉ်က အာဆီယံ၏ တုန့်ပြန်မှု သည် ယခု နှင့် မည်မျှအထိ ကွာခြားခဲ့သည် ဆိုသည်ကို ဆက်လက် တင်ပြသွားပါမည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!