ရွေးကောက်ပွဲ (၆)

by Hla Soewai - Oct 24 2020

ပြည်ခိုင်ဖြိုး ဥက္ကဌ မီးရထား ဝန်ကြီးဟောင်း ဦးသန်းဌေး က ယခုအခါ တနိုင်ငံလုံး ရဲရဲမတောက်တော့ဘဲ အစိမ်းတွေ ဖြစ်လာနေပြီလို့ ပြောသွားခဲ့ပါတယ်။

 

အမှန်အတိုင်း ပြောရလျှင် ကျွန်တော်လည်း သူတို့ကို ဒီလိုပဲ ယုံကြည်စေချင်နေမိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့ဖက်က ၂၅% ရှိနေပြီ ဖြစ်၍ သေချာပေါက် အစိုးရ ဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်နေ၍ ဒီထက်လည်း လောဘ မကြီးသင့်၊ သို့မဟုတ်က ၂၀၁၀ တုန်းကလို သူတို့ အစိုးရ အဖို့ ကမ္ဘာအလယ်တွင် ခေါင်းဖေါ်နိုင်တော့မည် မဟုတ်၊ မရမက တည်ဆောက်ထားခဲ့သော အမေရိကန်၊ အနောက် နိုင်ငံများ နှင့် ဆက်ဆံရေးက ပျက်ယွင်းသွားတော့မည် ဟူသော စိုးရိမ်စိတ်ဖြင့် အတော်ကို မျှမျှတတ လုပ်ပေးခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲတိုင်းတွင် အစိုးရများသည်သာ ညစ်လုံးအမျိုးမျိုး၊ အနိုင်ကျင့် ရန်လိုမှု ပေါင်းများစွာ နဲ့ အတိုက်အခံများကို ဖိနှိပ်ခဲ့ကြပြီး အာဏာရ ပါတီ ၏ ထောက်ခံသူများကို မည်သူကမျှ မထိရဲ မတို့ရဲ အောင် ဖြစ်နေကြပေမယ့် မြန်မာပြည်မှာက လက်ရှိ အစိုးရသည် နည်းမျိုးစုံဖြင့် ညစ်တွန်း တွန်း ခံနေကြရပြီး၊ အာဏာရ ပါတီကို ထောက်ခံသူများအားလည်း အနိုင်ကျင့် ခံနေရသည့် ဘဝသို့ ပြန်ရောက်နေကြရကာ ပြောင်းပြန်ဖြစ်နေပါတယ်။

 

မနေ့ကပင် AFP သတင်း အချက်အလက် စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်မှာ တခါမျှ မရှိခဲ့သော စစ်တမ်းများအရ ဆိုပြီး ၂၀၂၀ တွင် NLD သည် လူထု ယုံကြည်မှု စစ်တမ်းတွင် ၁၃% သာ ရှိတော့တယ်လို့ သတင်းမှား ထုတ်ပြန်လာခဲ့ပြီး အကြိမ်ပေါင်း ၅၉၀ ကျော် ရှယ် ခဲ့ကြသည်ဟု ဆိုပါတယ်။

 

တိုင်းပြည်၏ အဆီအနှစ်များကို ထုတ်နှုတ်စားသုံးကာ လွန်စွာ တန်ဖိုးကြီးလှသော အိမ်ကြီး အိမ်ကောင်း များ တွင် နေထိုင်နေကြရုံမျှမက သားသမီးများ မြေးမြစ်များ ပိုင် ကုမ္ပဏီကြီး များ အလျိုလျို ထူထောင်ကာ တိုင်းပြည်၏ စီးပွားရေး အား ဂုတ်သွေးစုတ် အမြတ်ထုတ်နေကြဆဲ ဖြစ်သူများ ၊ အကျင့် ပျက် ခြစားသူများအား ဆက်လက် ထောက်ခံမှု ပေးနေကြပြီး မိမိကိုယ်ကျိုး အတွက် အိမ်တလုံးပင် မပိုင်ခဲ့ကြသူများအား ယုံကြည်မှု ကျဆင်းလာသည် ဆိုသည့် သတင်းကို ပြည်တွင်းရှိ ဦးနှောက်ရှိသူတိုင်းက မယုံကြည်ကြသော်လည်း မြန်မာတို့၏ national psyche ကို ကမ္ဘာအလယ်တွင် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။ တဖြေးဖြေး နှင့် ထိုကဲ့သို့ ပြုလုပ်ခြင်းသည်ပင် ရာထူးကြီးမြင့်လာပါက မရှိမဖြစ် လုပ်ရမည့် ကိစ္စကြီးအလား ကျောင်းသုံး သင်ခန်းစာထဲတွင် ပင် ထည့်သွင်းပြဠာန်းသည်အထိ ဖြစ်မလာဟု မည်သူမျှ မပြောနိုင်ပေ။ ၎င်းတို့အာဏာရရှိစဉ်က သုံးသိန်းအောက် ဆိုလျှင် လာဘ် စားသည်ဟု မမှတ်ယူနိုင်ကြောင်း နိုင်ငံ အကြီးအကဲ က ဗြောင်ကျကျ ပြောဆိုလာခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း သူ၏အိမ်တွင် လူ ၁၈၀ ခန့် နေထိုင်နေသည်ကကော ဘာများ အဆန်းတကြယ် ဖြစ်စရာ ရှိပေဦးမည်နည်း။

 

ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ၏ လမ်းညွှန်ချက် သည်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကန့်ကွက်လာရသည့်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရပါတယ်။ ၎င်းတို့ အဖို့က သားစဉ်မြေးဆက် တည်တံ့မည့် စီးပွားရေး လုပ်ငန်းများ ထိခိုက်လာတော့မည့် အရေးကို မည်သို့မျှ လက်ပိုက် ကြည့် မနေနိုင်ရှာတော့ပေ။

 

ကြုံတုံး သတိရမိတာလေးကို ပြောချင်လာပါတယ်။ ကျွန်တော် အသက် အစိတ်လောက်က စင်္ကာပူတွင် ပရိုဂျက် အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်နေစဉ်က လုပ်ငန်းခွင်ထဲရှိ ပိုက်လိုင်းတခုအတွက် Valve တလုံး တပ်ဆင်ရာတွင် အလုပ်သမားများအား ဝင်ကူပေးခဲ့တာကို ကျွန်တော့် ရဲ့ ဂျပန် လုပ်ငန်းရှင်က တွေ့မြင်သွားပါတယ်။ နောက်တနေ့ မှာပဲ သူ့ရုံးခန်းကို ခေါ်ပြီး ကျွန်တော်ကို လစာများ ပေးထားသည်မှာ ဒီလို အလုပ်မျိုး လုပ်ဖို့ မဟုတ်ကြောင်း၊ ဒီလို အလုပ်မျိုးကို သာမန် အလုပ်သမား တယောက်အား ခိုင်း၍ရကြောင်း နှင့် ကျွန်တော်၏ အလုပ်သည် ပရိုဂျက်တခုလုံး သတ်မှတ်ထားသည့် အချိန်နှင့် တပြေးညီ ပြီးစီးဖို့သာ လုပ်ရမည်ဟု ပြောဆို သတိပေးခဲ့ပါတယ်။

 

အဲ့ဒီနောက်ပိုင်း ကျွန်တော် စင်္ကာပူတွင် လုပ်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း ဂွရှင် ကို သုံးခါပဲ ကိုင်ခဲ့ဖူးပါတော့တယ်။ ဒါကလည်း ဘာရယ်မဟုတ် နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင်ကြီး ဆိုသူ က ရပ်ကွက်ထဲတွင် ဆေးလိုက်ဖြန်းနေတာ တွေ့ရပြီး သူ၏ ပါတီကပင် publicity အဖြစ် အကြီးအကျယ် အမွှန်းတင်လာတာကို သတိရမိသွားလို့ ဖြစ်ပါတယ်။

 

ထိုကဲ့သို့ မသိသား ဆိုးဝါးနေသည့် အတွေးအခေါ်များမှာ မကြာမီက အချို့ ဒေသများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကော်က ကြေငြာချက် ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး တုန့်ပြန်လာမှုများ မှာ အထင်အရှား တွေ့လာရပြန်ပါတယ်။ ရွေးကော် အနေဖြင့် ထိုသို့ ထုတ်ပြန်ခဲ့ရခြင်းမှာလည်း လုံခြုံရေး နှင့် ပတ်သက်၍ တာဝန် မယူနိုင်တော့ဟု တင်ပြလာ၍ ကြေညာရခြင်း ဖြစ်သည်ကို ရိပ်စားမိကြပြီး ဖြစ်ပေမယ့် အကြောင်းပြချက် ပါမလာသည့်အတွက် နည်းအမျိုးမျိုး နဲ့ ဝေဖန်တိုက်ခိုက်လာကြပြန်ပါတယ်။

 

ရွေးကော်၏ ကြေညာချက်သည် မိမိနိုင်ငံတွင် ရေငုပ်သင်္ဘောပိုင်ဆိုင်လာသည့် တပ်မတော်ကြီး အခိုင်အမာ ရှိနေပါလျှက် လုံခြုံရေး ကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကမ္ဘာအလယ်တွင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မည် စိုးသည့် အတွက် ယေဘုယျသာ ကြေညာချက် ထုတ်ပြန်ခြင်းမျိုး ဖြစ်ပါတယ်။

 

လက်ရှိ နိုင်ငံရေး သမားဟု ခံယူထားသူများကတော့ မည်သည့် ကိစ္စကြီးငယ် ကို မဆို ကမ္ဘာနှင့် ယှဉ်၍ မစဉ်းစားတတ်၊ မစဉ်းစားနိုင်၊ ဤကမ္ဘာမြေမဟီဝယ် မြန်မာ တနိုင်ငံတည်းသာ ရပ်တည်နေသည့်အလား ထင်ရာမြင်ရာ များ ပြောဆိုနေကြဆဲပင် ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ ကျင်းပရန် လွန်စွာ နီးကပ်နေပြီ ဖြစ်သော်လည်း မိမိတို့ ပါတီ၏မူဝါဒ များသည် မည်သို့မည်ပုံ ရှိကြောင်း၊ နိုင်ငံကို ဘယ်လို တိုးတက်အောင် ဆောင်ရွက်သွားမည် ဆိုသည်များ အစား အာဏာရပါတီ ကို မျိုးစုံ တိုက်ခိုက်နေတာ မျိုးပဲ တွေ့နေရပါတယ်။ ဒီနေရာမှာ လက်ရှိ အစိုးရ၏ လုပ်ပုံကိုင်ပုံ များ ကို အချက်ကျကျ ထောက်ပြခြင်းမျိုး မတွေ့ရပဲ ပုဂ္ဂိုလ်ရေး လုပ်ကြံ တိုက်ခိုက်မှုများ၊ ရိုးအီနေပြီ ဖြစ်သော အမျိုးဘာသာ သာသနာ များ၊ ဒီနေရာမှာလည်း ဘာသာခြား အမတ်လောင်း အဖြစ် NLD မှ နှစ်ဦးသာ ရှိသော်လည်း ကျေးရွာများ သို့ မဲဆွယ်ရာတွင် USDP လက်ရှိ အမတ်ဖြစ်သူမှ သူ၏ မဲဆွယ် ပွဲတွင် ၄၂ ဦးအထိ ရှိတယ်လို့ လိမ်ညာ ပြောနေတာကိုလည်း အသံဖိုင်နဲ့ တကွ လက်ပူးလက်ကြပ် မိခဲ့ပြန်ပါတယ်။

 

၎င်းတို့၏ အတွေး အခေါ် မဲ့မှု၊ အကြံတုံး ဉာဏ်တုံး ဖြစ်နေသည်က အကြောင်းမဟုတ်၊ ထိုသို့သော အောက်လုံး များဖြင့် နေရာတကာတွင် တိုက်ခိုက်လာနေ၍ ရွေးကော်က ထိုသို့ လူမျိုးဘာသာ ခုတုံးလုပ်ကာ မဟုတ် တန်းတရား ပြောဆိုပြီး အနိုင်ရခဲ့၍ တိုင်တန်းသူ ရှိပါက အမတ်အဖြစ်မှ ရွေးကောက်ခံရပြီးသည့်တိုင် ပြန်လည် ပယ်ဖျက်နိုင်တယ်လို့ သတိပေးလာရသည့်အထိ ဖြစ်လာနေပါတယ်။