မင်းအောင်လှိုင်သည် ထိုင်း နှင့် ဗီယက်နမ် နိုင်ငံ ခရီးစဉ်များ မော်ကြွား ပြနေသော်လည်း ထို ခရီးစဉ် နှစ်ခု အကြားတွင် မည်သူမျှ သတိမမူ ခဲ့သည့် တရုတ်၏ အရှက်ခွဲ ခံခဲ့ရမှု နှင့် ကြုံတွေ့ခဲ့ရပေသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ကာဂျစ္စတန်နိုင်ငံ၊ ဘီရှကက်မြို့တွင် ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေးတွင် ထူးထူးခြားခြား ဖြစ်စဉ်တခု ထွက်ပေါ်လာခဲ့သည်။
ထိုအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ အပါအဝင် အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ စုံစုံလင်လင် တက်ရောက်ခဲ့ကြ သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ဖိတ်ကြားထားခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ခြင်းပင် ဖြစ်သည်။
ယမန်နှစ် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် လုပ်ခဲ့သည့် SCO အစည်းအဝေးတွင် တော့ တရုတ်၏ ဖိတ်ကြားချက်နဲ့ တက်ရောက်ခွင့်ရခဲ့ပြီး သံတမန်ရေး "အောင်ပွဲ" အဖြစ် ပုံဖော်နိုင်ခဲ့ သော်လည်း ၊ ယခုနှစ်တွင် တော့ ဧည့်သည်တော်စာရင်းမှာပင် မပါဝင်ခဲ့ခြင်းသည် သာမန်ကာ လျံကာ ဖြစ်စဉ် မဟုတ်ဘဲ ထူးခြား သည့် အလှည့်အပြောင်းတခုပင် ဖြစ်သည်။
မင်းအောင်လှိုင်ကလည်း တက်ခွင့်ရလို ရငြား ခရီစဉ် အားလုံးကို ထိုရက် နှင့် လွတ်အောင် ကြိုးစားပမ်းစား စီစဉ် ထားပုံရှိသည်။
မင်းအောင်လှိုင်သည် အစည်းအဝေး ကို တက်ခွင့်ရယုံ နှင့် ကျေနပ်မည့် လူမျိုးမဟုတ်၊ မိုဒီ၊ ပူတင်၊ ရှီကျင့်ပင် တို့နှင့် sideline ဆိုကာ သီးခြားစီ တွေ့ခွင့်ရအောင် နားပူနားဆာ လုပ်ပြီး ဝါဒ ဖြန့်ရေး အတွက် အသုံးချဦးမည်သာ ဖြစ်သည်။ တရုတ်က တခါ ဖိတ်ခေါ်ပေးပြီး တော်လောက်ပြီ ဟု ဆိုကာ ဗြောင်ပင် ချန်လှပ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထိုကိစ္စ အပေါ် ဒီထက် လေးလေးနက်နက် သုံးသပ်ကြည့်မည်ဆိုက တရုတ်၏"စောင့်ကြည့် ကစားခြင်း ဗျူဟာ" ကို တွေ့နိုင်မည် ဖြစ်သည်။
SCO အဖွဲ့ကြီးကို စတင် တည်ထောင်သူလည်း ဖြစ်၊ သြဇာအရှိဆုံးလည်း ဖြစ်သည့် တရုတ်သည် စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံထားသလို၊ ဇွန်လတုန်းကလည်း "အေးအတူပူအမျှ အကျိုးတူ ပါတနာ" အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးခဲ့သည်။
သို့သော်လည်း မြေပြင်တွင် စစ်ရေးအရ နာလန်ထူလာနိုင်သည်ကို မတွေ့ရသေးသည့် အပြင်၊ မန္တလေး၊ ရန်ကုန်လို မြို့ကြီးများ အထိ တရုတ်ကျားဖြန့် ဂိုဏ်းများ ဝင်ရောက်လာမှုကို စိုးရိမ် နေခြင်း များ ကြောင့် နိုင်ငံတကာစင်မြင့်ထက်မှာစစ်အုပ်စု ကို ပေါ်ပေါ်ထင်ထင် နေရာပေးဖို့ တရုတ်ဘက်က နောက်ဆုတ်သွားခြင်းလည်း ဖြစ်နိုင်သည်။
ထို့ပြင် ရွေးကောက်ပွဲ ဖြင့် သမ္မတ တင်မြှောက်ပေးခဲ့သော်လည်း ဘာတခုမျှ မယ်မယ်ရရ ဖြစ်အောင် မလုပ်နိုင်ပဲ အကျိုး မရှိသည့် ပြည်ပ ခရီးစဉ်များ ဖြင့် အချိန်ဖြုန်း လေလွင့်နေသည်ကို ကြည့်မရ ဖြစ်လာ၍ လည်း ဖြစ်ပေမည်။ နိုင်ငံတကာစင်မြင့်ထက်သို့ အတင်းအဓမ္မ ဆွဲတင်ပေးရန် တရုတ်ဘက်က ဝန်လေးနေကြောင်း ယခုဖြစ်ရပ်က သက်သေပြနေသည်။
အနောက်အုပ်စုကို တန်ပြန်ဖို့ ဖွဲ့စည်းထားသည့် တရုတ်၏ SCO အဖွဲ့ အဆင့်မြင့်ခေါင်းဆောင်ပိုင်း နေရာကနေ ဖယ်ကြဉ်ခံရခြင်းသည် စစ်အုပ်စု အပေါ် ၎င်းတို့၏ ဆရာသမား များဆီကပါ "ရာနှုန်းပြည့်" ယုံကြည်မှု မရှိတော့ဆိုသည်ကို ပြသနေသည်။
နိုင်ငံတကာဆက်ဆံရေး တွင် "မြေပြင်ကို ဘယ်လောက် ထိန်းချုပ်နိုင်လဲ" ဆိုသည်က အဓိက သော့ချက်ပင် ဖြစ်သည်။ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် များတွင် တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ထံ စစ်စခန်းနဲ့ နယ်မြေအများကြီး ဆုံးရှုံးထားပြီး ပြန်မသိမ်းနိုင် ဖြစ်နေသည့် စစ်အုပ်စု အား အိမ်နီးချင်းနိုင်ငံများက "မြန်မာနိုင်ငံကို ရေရှည်တကယ် ထိန်းချုပ်နိုင်ပါ့မလား" ဆိုသည့် သံသယ ဝင်လာကြပုံရသည်။ ဤသံသယကြောင့်ပင် ၎င်းတို့အား မြင်သာထင်သာရှိသော နိုင်ငံတကာ စင်မြင့်များထက်တွင် နေရာပေးရန် အင်အားကြီးနိုင်ငံများက နောက်ဆုတ်သွားခြင်း ဖြစ်သည်။
တရုတ်နှင့် ရုရှားတို့သည် စစ်အုပ်စု ကို မဟာမိတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သော်လည်း၊ ၎င်းတို့၏ ပထဝီနိုင်ငံရေးပုံရိပ်ကို ထိခိုက်မခံနိုင်သဖြင့် အကန့်အသတ်ဖြင့်သာ ဆက်ဆံတော့မည်" ဆိုသည့် သံတမန်ရေးရာ ပြတ်သားသော အချက်ပြမှု လည်း ဖြစ်သည်။ စစ်အုပ်စု အနေဖြင့် ဒေသတွင်းတွင် တရားဝင်မှုအပြည့်အဝရရန် မျှော်လင့်ချက်သည် ယခင်ကထက် ပိုမိုဝေးကွာသွားခဲ့ပြီ ဟု သုံးသပ်ရပါသည်။
ယခုနှစ်တွင် လာအိုသမ္မတ အပါအဝင် အခြားသော ဆွေးနွေးဖက်နိုင်ငံ များ တက်ရောက်ခွင့်ရခဲ့သော်လည်း မြန်မာနိုင်ငံမှာမူ SCO ၏ ဧည့်သည်တော်စာရင်း တွင်ပင် ထည့်သွင်းခြင်း မခံခဲ့ရပေ။ ထို ဖြစ်စဉ် သည် တရားဝင်မှု ရှာဖွေနေပြီး SCO ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု အတွက် ကြီးမားသော မျက်နှာပျက်စရာ သံတမန်ရေးရာ ထိုးနှက်ချက်ကြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ ယခု သံတမန်ရေး ထိုးစစ်သည် ၎င်းတို့ ပြုတ်ကျမသွားစေရန် ထိန်းထားနိုင်သည့် "အသက်ရှူပေါက် တခု" ဖြစ်လာနိုင်သော်လည်း ရွေးကောက်ပွဲ အပြီး တရုတ်တို့ ဖြစ်စေချင်သည့် ပြည်တွင်း စစ် အဆုံးသတ် ပြီး ၎င်းတို့၏ စီမံကိန်းများ အလျင်အမြန် အကောင်အထည် ဖေါ်နိုင်မှု ဆိုသည်နှင့် က အလှမ်းဝေးနေဆဲပင် ဖြစ်သည်။
၎င်းတို့ မြင်တွေ့နေရသည်က ကချင်ပြည်နယ် (ဥပမာ- ဗန်းမော်ရေကြောင်းတိုက်ပွဲ) နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်အုပ်စု တပ်များ အကြီးအကျယ် ရှုံးနိမ့်နေပြီး နယ်မြေစိုးမိုးမှု လျော့နည်းလာသည်။ သို့သော်လည်း စစ်ရေးအရ ရှုံးနိမ့်မှုကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူခြင်းဖြင့် အဖတ်ဆယ်ရန် ကြိုးပမ်းရင်း ဖြင့် အလုပ်များနေကြသည် ကိုသာ တွေ့ရမည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!