မင်းအောင်လှိုင်သည် ဟနွိုင် တွင် ဗီယက်နမ်-မြန်မာ စီးပွားရေး ဖိုရမ် ဖြစ်မြောက်အောင် စီစဉ်ခဲ့ပြီး ၎င်း ကိုယ်တိုင် တက်ရောက်ခဲ့သော်ငြားလည်း မည်သို့သော ရင်းနှီး မြုပ်နှံမှု အသစ် ဟူ၍ တခုတလေမျှ ထွက်မလာဘဲ လက်ချည်း ဗလာ နှင့် တနင်္ဂနွေ့နေက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ အာဆီယံ ထိုးစစ် မစမီ ဒေါ်အောင် ဆန်းစုကြည်အား ထုတ်ပြပြီး ပျားရည် နှင့် ဝမ်းချခဲ့သည်၊ အာဆီယံ နိုင်ငံများကလည်း ထိုမျှ လောက်နှင့် ရပြီ ဆိုကာ လက်ခံခဲ့သည်၊ အာဆီယံ အဖွဲ့ကြီးသည် သဘောထား တူညီစွာ ရပ်တည် နိုင်စွမ်း မရှိသည့် အဖွဲ့ကြီး အဖြစ် ကမ္ဘာအလယ်တွင် ဗူးပေါ်သလို ပေါ်သွားခဲ့ခြင်းသာ အဖတ်တင်ခဲ့သည်။
မင်းအောင်လှိုင် အနေနှင့်လည်း ထိုကဲ့သို့ မီးရောက်အောက်တွင် နေခဲ့ရသည့် အချိန်ကလည်း ခဏတာ မျှသာ ဖြစ်သည်။ ၎င်း၏ ကမ္ဘောဒီယား ခရီးစဉ် အပြီးတွင် ပတ်စာခွာ ဖျာသိမ်းရတော့မည် ဖြစ်သည်။
ဤသည်ကလည်း ၎င်း၏ သံတမန် ထိုးစစ် အရှိန်အဟုန်ကို စီးပွားရေး အကျိုးအမြတ်များအဖြစ်သို့ ပြောင်းလဲရန် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်သည်ကို သဘောပေါက်သွား လောက်ပြီ ဖြစ်သည်။
ရင်းနှီးမြုပ်နှံ မှု ဖြစ်လာအောင် ကလည်း တိုင်းပြည်တွင် အလုပ်လုပ် နိုင်သူ အင်အား မကျန်တော့၊ အရွယ်ရောက်သူ တိုင်း စစ်ထဲ ဆွဲသွင်းနေရ၍ စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်သည့် အလုပ်သမား အင်အား ဟူ၍ မယ်မယ်ရရ မရှိတော့သော တိုင်းပြည်သို့ ကိုယ်လူ ကိုယ်ခေါ်၍ လာလုပ်ရမလို ဖြစ်နေ၍ cheap labour ဆိုသည့် ဆွဲဆောင်မှုက အလိုလို နေရင်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
နည်းပညာမြင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်သွားခြင်း၊ လူငယ်များအပြင်သို့ မထွက်ရဲ လောက် အောင် ဖြစ်လာ၍ ဝယ်လိုအား ဆုတ်ယုတ်ကာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ပျက်စီးခြင်း သို့ ဦးတည်လာနိုင်ပေသည်။
ပြည်တွင်းရှိ လူငယ်များ စစ်မှုထမ်းဥပဒေကို ရှောင်ကွင်းပြီး သင်္ဘောသားအလုပ်အကိုင် အကြောင်းပြကာ ပြည်ပသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေသည်ဟု ယူဆလာကာ ပိတ်ဆို့ဖြတ်တောက်လာပြန်သည်။
၎င်း အနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဗျူဟာမြောက် ကူညီမှု ကိုသာ အဓိကအားကိုးရတော့မည် ဖြစ်သည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ ဆိုသည်ကလည်း တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများကို တရုတ်လုပ်သားများနှင့် နည်းပညာအကူအညီဖြင့် အရှိန်မြှင့်တင်ပြီး ဖြတ်သန်းခနှင့် အခွန်အခများမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ ရှာဖွေလာ ပေမည်။
ထိုင်း ဖက်က မျှော်လင့်၍ ရသည်က လည်း ပင်လယ်ပြင်တွင် သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည်၊ ထိုင်းသည် တနိုင်ငံလုံး မီးလင်းဖို့ သဘာဝ ဓါတ်ငွေ့ ၁၅ ရာနှုန်း ခန့်အား မြန်မာမှ အားကိုးအားထား ပြုနေရသည်။
ဇွန်လအတွင်း မင်းအောင်လှိုင် ဘီဂျင်းသို့ ရောက်ခဲ့စဉ်က လက်ရှိ ဘာမှ ပြန်မစနိုင်သေးဘဲ ရပ်တန့်နေခဲ့သည့် မီးရထားလမ်းနှင့် ကားလမ်းများအပါအဝင် CMEC (တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ) စီမံကိန်းများကို တရုတ်နိုင်ငံအနေဖြင့် ပြန်လည်အသက်သွင်း နိုင်ရန် အလွန်အမင်း မျှော်လင့်နေကြောင်း ၎င်းအား ပြောကြားခဲ့သည်ဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။ ထို့အတွက် CMEC ကို အဆင်ပြေချောမွေ့စေရန်အတွက် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ပြ နေကြရသည်။ ၎င်းအပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တလျှောက်အပြင် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း အဓိကထိုးစစ်များကို စတင်လုပ်ဆောင်နေသည်။
ထိုးစစ်များဟု ခေါင်းစဉ် တပ်ထားသော်လည်း လေကြောင်းမှ ဗုံးကြဲ နေမှု ကို ဖယ်ထားမည် ဆိုလျင် အဓိကအားဖြင့် စစ်တွေ နှင့် ကျောက်ဖြူတဝိုက်ရှိ အာရက္ခ တပ်များကို တွန်းလှန်နေခြင်းသာ ဖြစ်သည်။ စက်တင်ဘာ ၄ ရက်တွင် စစ်တွေ တွင် တပ်အင်အား ဖြည့်တင်းပြီး ပုဏ္ဍားကျွန်း ကို အင်အား။၁,၀၀၀ ခန့် ဖြင့် ထိုးစစ်ဆင်လာသော စစ်အုပ်စု တပ်များသည် အကျအဆုံးများစွာ ဖြင့် တပ်လန်သွားသည်ဟု ဒေသ သတင်းအရင်းအမြစ်များအား ကိုကား၍ ဒီဗီဘီ တွင် ဖေါ်ပြထားသည်။
တပ်မှုး ဆိုသည်များကလည်း အောင်ပွဲ ရစရာလည်း လမ်းမမြင်၍ အနိုင်တိုက်မည်ဟူသော စိတ်ဓါတ်မျိုး မရှိတော့ဘဲ ပုခုံးပေါ်က အပွင့်များ ပြုတ်မသွားအောင် တိုက်ဆိုက တိုက်နေရသည့် ပုံမျိုးသာ ရှိပေတော့သည်။
လူထု အတွက်ကတော့ ပိုက်လိုင်းများ၊ မီးရထားလမ်းများ၊ သဘာဝ ဓါတ်ငွေ့များ အကောင်အထည် ဖေါ်နိုင်ခဲ့မည် ဆိုလျင်ပင် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်ဖို့ နောက်ထပ် လေးငါး ဆယ်နှစ်လောက် စောင့်ရဦးမည် ဖြစ်၍ မည်သူကမျှ လည်း မျှော်လင့် မနေကြတော့၊ နေ့တဒူဝ ရင်ဆိုင်နေရသော အကျပ်အတည်းကိုသာ အာဏာသိမ်း ခဲ့သူ မင်းအောင်လှိုင် နှင့် အဖွဲ့ မည်သို့ ဖြေရှင်းပေးမည်နည်းဟုသာ စောင့်ကြည့်နေကြသည်။
လက်ရှိတွင်တော့ ၎င်း၏ ရွေးကောက်ပွဲ ဆိုသည်ကား တိုင်းပြည်၏ စီးပွားရေး အကျပ်အတည်းများ ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်မလာပဲ ၎င်း ပြည်ပထွက် လူလုံးပြနိုင်ဖို့သာ ဖြစ်လာနေသည်။
ကုလသမဂ္ဂ၏ အသိအမှတ် ပြုခံရဖို့လည်း မကြာမီက ထွက်ရှိလာသော ကုလ လူ့အခွင့် အရေး မဟာမင်းကြီး၏ အစီရင်ခံစာအရ ၎င်းတို့အား အပြည်ပြည် ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် လုံခြုံရေး ကောင်စီ နှင့် အဖွဲ့ဝင် နိုင်ငံများသို့ တိုက်တွန်းထားရာ အနေအထားက ဒုံရင်း ဒုံရင်း သာ ဖြစ်ဖို့ ရှိနေပေသည်။
အစီရင်ခံစာ ထဲတွင် စစ်တပ်၏ အရပ်ဘက်အာဏာ ကျင့်သုံးမှုအယောင်ဆောင်ခြင်းကို နိုင်ငံရေးအရ တရားဝင်မှု ပံ့ပိုးပေးခြင်းမှ ရှောင်ကြဉ်" သင့်သည်။ ထို့ပြင် "အတည်ပြုပြီးသား သေဆုံးသူစာရင်း အချက်အလက်များသည် လျှော့တွက်ထားခြင်းသာ ဖြစ်သည်" ဟု လည်းသတိပေးထားသည်။
အမေရိကန် အခြေစိုက် Stimson Center ၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးစစ်တမ်းများ အရ ဖြေဆိုသူ ၉၀ ရာနှန်းက တော်လှန်ရေးသည် စစ်တပ်ကို လက်နက်ကိုင် အောင်ပွဲခံခြင်းဖြင့်သာ ပြီးဆုံးသင့်သည့်ဟု ယုံကြည်ကြကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြပြီး တော်လှန် ရေး ဘက်တော်သားများအားလည်း ပိုမိုစည်းလုံးညီညွတ်မှုနှင့် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုစနစ်တို့ ရှိလာစေရန် ဖိအားပေးတောင်းဆိုလျက်ရှိသည်ဟု ဂျိမ်းရွှေက အေးရှားတိုင်းမ် တွင် ရေးသားထားသည်။
အကျဉ်းကျ ခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အာရစ် သည် သံအမတ်ကြီး ကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရေးအတွက် နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူရန် တနင်္လာနေ့တွင် စုစည်းလှုံ့ဆော်လာခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် နယူး ယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် အပြင်ဘက်၌ ကျင်းပရန် စီစဉ်ထားသော သံအမတ်ကြီး ကျော်မိုးထွန်းကို ထောက်ခံသည့် လူထုစုဝေးပွဲတွင် ပါဝင်ကြရန် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ အကြီးတန်း အာရှအကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟော်စီ က သံအမတ်ကြီး ကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် ဆက်လက်ရှိနေစေရန် အကြိမ်ကြိမ် ဆိုင်းငံ့ခွင့်ပြုခဲ့ခြင်းသည် ဘီဂျင်းနှင့် ဝါရှင်တန်တို့အကြား အလွတ်သဘော သဘောတူညီချက်" ၏ ရလဒ်ဖြစ်ကြောင်း DVB သို့ ပြောကြားခဲ့သည်။
မတ်လ ၂၆ ရက်တွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက မြန်မာစစ် အုပ်စု အား မည်သည့် တရားဝင် အသိအမှတ်ပြုမှုမျိုးကိုမဆို ပယ်ချရန် ကွန်ဂရက်လွှတ်တော်၏ တိုက်တွန်းစာတစောင်ကို ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ထံသို့ ပူးတွဲလက်မှတ်ရေးထိုး ပေးပို့ခဲ့ကြသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!