တံတားဦး လေတပ်စခန်း ချေမှုန်းခံခဲ့ရမှု

by Hla Soewai - Sep 14 2026

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် နှစ်နာရီခန့်တွင် တံတားဦး လေတပ်စခန်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က FPV Suicide Drone ၆ စင်းဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရက သတင်း ထုတ်ပြန်ထားသည်။

 

တိုက်ခိုက်မှု ဖြစ်စဉ် တွင် စစ်အုပ်စု ၏ ရုရှားလုပ် Yak-130 အမျိုးအစား အမောင်းသင်နှင့် အပေါ့စားတိုက်လေယာဉ်တစင်းကို FPV ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း စစ်ရေးဆိုင်ရာသတင်းဌာနများလည်း အတည်ပြု လာခဲ့သည်။

 

Yak-130 လေယာဉ်သည် ရုရှားနိုင်ငံ Yakovlev ဒီဇိုင်းဗျူရိုက ထုတ်လုပ်ထားသော အမောင်းသင်နှင့် အပေါ့စားတိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။ ၎င်းလေယာဉ်ကို စစ်ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်မောင်းနှင်မည့် လေသူရဲများကို လေ့ကျင့်သင်ကြားပေးရန် ပုံစံထုတ်ထားခြင်းဖြစ်ပြီး မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရာတွင်လည်း အပေါ့စားတိုက်လေယာဉ်အဖြစ် အသုံးပြုနိုင်သည်ဟု ဆိုသည်။

 

စစ်ကောင်စီဘက်ကမူ ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က တားဆီးနိုင်ခဲ့သဖြင့် လေယာဉ်ပြေးလမ်း၊ ယာဉ်နှင့် လူ ထိခိုက်မှုမရှိဘဲ ဒရုန်းများသာ ပျက်ဆီးသွားကြောင်း ငြင်းဆိုထားသည်။ 

 

သို့သော် ထိုသို့ တိုက်ခိုက်ခဲ့မှု နှင့် ပတ်သက်သော ဗီဒီယို ဖိုင်များ ကိုပါ ထုတ်ပြန်လာခဲ့၍ စစ်အုပ်စု၏ လိမ်ညာမှု ဗူးပေါ်သလို ပေါ်သွားခဲ့ရသည်။ ထိုအထဲတွင် ဒရုန်း အော်ပရေတာ အမျိုးသမီးငယ်များကိုပါ တွေ့ရသည်။

 

တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း လုံခြုံရေး အခြေအနေများကြောင့် လေကြောင်းလိုင်းအချို့ ခရီးစဉ်များ ရပ်ဆိုင်းလိုက်ရပြီး MAI လေယာဉ်များ အနီးစခန်း လေဆိပ်တွင် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။

 

၎င်းတို့ တိုက်လေယာဉ်များ အ ရေး ပေါ် ပျံတက်လှုပ်ရှား နိုင်ရန်၊ နေရာရွှေ့ပြောင်းနိုင်ရန် အနိမ့်ပျံသန်းရသည့်အတွက် လေဆိပ်အနီးတဝိုက် လေပိုင်နက်ကို ‌လွတ်လပ်စွာ အသုံးပြု နိုင်ရန် လိုအပ်လာ၍ လေကြောင်း လိုင်းများကို ရပ်ဆိုင်း ပစ်ခဲ့ရခြင်းပင် ဖြစ်သည်။

 

တံတားဦးသည် လေတပ်စခန်းရော၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါ တွဲ၍ အသုံးပြုနေခြင်း ဖြစ်သော်လည်း တော်လှန်ရေး တပ်များသည် အရပ်ဖက် လေဆိပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဝါဒ ဖြန့် ထုတ်လွှင့်လာခြင်း ဖြစ်သည်။

 

တံတားဦး လေဆိပ်သည် စစ်အုပ်စု ၏ အဓိက အကျဆုံးနှင့် အချက်အချာကျဆုံး လေတပ်စခန်းကြီး တခု ဖြစ်သည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် စစ်ကိုင်း၊ မကွေး စသည့် ဒေသများသို့ လေကြောင်းပစ်ကူပေးရာတွင် ထို စခန်းမှ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ အဓိက ပျံတက်တိုက်ခိုက်လေ့ရှိသည်။

 

ထို့ကြောင့် သတင်းများတွင် "တံတားဦးလေဆိပ် တိုက်ခိုက်ခံရသည်" ဟု အလွယ်တကူ ရေးသားကြသော်လည်း အမှန်တကယ် တိုက်ခိုက်ခံရသည့် ပစ်မှတ်မှာ လေဆိပ်ဝင်းအတွင်း အခြေစိုက်ထားသည့် "စစ်အုပ်စု၏ လေတပ်စခန်း" နှင့် "စစ်ဖက်ဆိုင်ရာ လေယာဉ်ရုံများ" ဖြစ်သည်။

 

ပြည်သူ့ ‌တော်လှန်ရေး တပ်ဖွဲ့များသည် စစ်အုပ်စု၏ တရုတ် နည်းပညာ များ အသုံးပြုထား‌ သော လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ထိုးဖေါက်နိုင်ခဲ့ပြီ ဖြစိသည်။

 

တိုက်ခိုက်မှုအတွင်း လေတပ်စခန်းအတွင်းရှိ စစ်သားအုပ်စုကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်များထွက်ပေါ်လာခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးချက်များအရ အဆိုပါတိုက်ခိုက်မှုသည် လေဆိပ်အတွင်းရှိ လေယာဉ်ရုံ နေရာများတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ဒရုန်းမှတ်တမ်းဗီဒီယိုများအရ လေတပ်စခန်းအတွင်း ရပ်နားထားသော စစ်ကောင်စီ၏ တိုက်လေယာဉ် အနည်းဆုံး ၄ စီး ထိမှန်ခဲ့ကြောင်း သိရသည်၊ ထိုအထဲတွင် ၂ စီးမှာ ပြန်လည်ပြင်ဆင်၍မရတော့ဘဲ လုံးဝပျက်စီးသွားခဲ့သည် ဟု တော်လှန်ရေးအင်အားစုဘက်က အတည်ပြုထားသည်။

 

ဗီဒီယိုမှတ်တမ်းများအရ FPV အသေခံဒရုန်းများသည် လေယာဉ်ရုံများအတွင်း ရပ်နားထားသည့် တိုက်လေယာဉ်များ ကို တည့်တည့်ဦးတည်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် လေတပ်စခန်းအတွင်းရှိ စစ်အုပ်စု တပ်ဖွဲ့ဝင်အုပ်စု ရှိနေသည့်နေရာကို တိုက်ရိုက်ထိမှန်ခဲ့သဖြင့် လေတပ်အရာရှိနှင့် စစ်သည်အချို့ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ 

 

“MPDF” နှင့် “Shwebo B-5” ဟု အမှတ်အသားပြုထားသော ဒရုန်းဗီဒီယိုမှတ်တမ်းများအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နှင့် ရွှေဘိုခရိုင် တပ်ရင်း (၅) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဧရာဝတီ သတင်းက ဆိုသည်။

 

 ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် အထိနာသွား‌ သော စစ်အုပ်စုသည် တံတားဦးလေတပ်စခန်းမှ ၁၃ မိုင်ခန့်အကွာရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

 

ဒရုန်းလွှတ်တင်သည့် လမ်းကြောင်းအတိုင်း လေဆိပ်အပြင်ဘက်သို့ နယ်မြေရှင်းလင်းရန် အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာခဲ့သည့် အမှတ် (၇) လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးလှိုင်ဦး (အချို့က ဗိုလ်မှုးကြီးဟု ဆိုသည်) စစ်ကြောင်းအားနွားခြံကြီးကုန်းကျေးရွာ အနီးတွင် စောင့်ကြိုနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၄) နှင့် အမှတ် (၁၀) ပူးပေါင်းတပ်ဖွဲ့များ၏ မိုင်းဆွဲချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်။

 

တိုက်ပွဲအတွင်း ၎င်းသည် စနိုက်ပါထိမှန်ခြင်းနှင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များက အတည်ပြုခဲ့ကြသည်။

 

၎င်းသည် တံတားဦးမြို့နယ် အခြေစိုက် အမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဖြစ်ပြီး၊ တံတားဦးလေတပ်စခန်းဝင်းအတွင်း လေတပ်လုံခြုံရေး ဗျူဟာမှူးတာဝန်ဖြင့် ရောက်ရှိနေသူ ဖြစ်သည်။

 

ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ကြည့်မည် ဆိုက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒရုန်းများအသုံးပြု၍ စစ်အုပ်စု၏ လေကြောင်းအင်အားကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် တော်လှန်ရေးအင်အားစုများ၏ နည်းဗျူဟာပုံစံ ပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်ဟု အမေရိကန် အခြေစိုက် Defence Blog" (Defence Blog Magazine) သတင်းဌာနက ဖေါ်ပြထားသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၂၀၂၅ ခုနှစ် မေလအတွင်းက ရွှေကူမြို့အနီးတွင် စစ်အုပ်စု ၏ Mi-17 စစ်ဘက်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းကို ဒရုန်းဖြင့် ပစ်ချခဲ့သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း FPV ဒရုန်းတစင်းသည် နမ့်ပေါင်လေတပ်စခန်းရှိ ရေဒါစခန်းတစ်ခုကို ဖျက်ဆီးခဲ့ပြီး၊ သီးခြားအသေခံဒရုန်းတစင်းကမူ မြစ်ကြီးနားလေဆိပ်တွင် ပျံတက်ရန် ပြင်ဆင်နေသည့် ATR-72 လေယာဉ်တစင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!