မာရီယာ ကော်ဆူနိုဗာက "သတ်တဲ့လူ ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။ အဲဒီမနက်က အိုင် ဆေးနဲ့ တွေ့ခဲ့တာ ကိုက လူ တရာ လောက် ရှိနေတာ၊ အဲဒီထဲက ကိုးဆယ်လောက်၊ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ လူတွေက သူ့ကို ထိုးကြိတ်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်းမှာ သူက လူတိုင်းကို စိတ်အနှောင့်အယှက်ပေးပြီး ဒုက္ခပေးခဲ့တာကိုး" ဟု အမေ နှင့် စကား လက်ဆုံ ကျခိုက် ထည့် ပြောသွားခဲ့သည်။
မာရီယာ သည် လူတိုင်းနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်သူ ဖြစ်၍ သူမ၏ စကားထဲတွင် ရဲ အဖွဲ့ ၏ အမြင်ကို ရောင်ပြန်ဟပ် နေသည်။
ရုရှား လေး သည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့သည်။ သူ၏ပါးများ ချိုင့်ဝင်လာပြီး မျက်ခွံများမှာလေးကာ ပုံမှန်ဝိုင်းစက်နေသော သူ၏မျက်လုံးများကို တဝက်တပျက် ဖုံးအုပ်ထားသလို ဖြစ် နေသည်။ သူ၏အပြုံးများမှာ စိတ်မပါဘဲ အတင်း ပြုံးနေရသကဲ့သို့ ဖြစ်နေပြီး နှာခေါင်းဝမှ နှုတ်ခမ်းစွန်းများဆီသို့ ပါးရေတွန့်ကြောင်း ခပ် ရေးရေး နှစ်ကြောင်းပင် ထင်လာသည်။
သူသည် နေ့စဉ်ကြုံတွေ့နေရသော ကိစ္စလေးများအကြောင်းကို အပြောနည်းသွားသည်။ တဖက်တွင်မူ သူသည် ရဲရဲ တောက် နေသော မီးတောက်ကဲ့သို့ ပို၍မကြာခဏ တောက်လောင်တတ်လာပြီး အနာဂတ်အကြောင်း၊ တောက်ပသော ပွဲတော်ရက်အကြောင်း၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့၏ အောင်ပွဲကို ဆင်နွှဲကြမည့် အကြောင်းတို့နှင့်စပ်လျဉ်း၍ သူ၏ စိတ်အားထက်သန်လှသော စကားများဖြင့် နားထောင်သူများကို ကြည်နူးစိတ်ကြွစေခဲ့သည်။ သူ၏စကားများကို နားထောင်ရင်း ဤမဟာနေ့ထူး နေ့မြတ် ကြီးဆီသို့ ရောက်အောင် အခြားသူများထက် ပိုမိုဝေးလံစွာ လျှောက်လှမ်းခဲ့သူမှာ သူဖြစ်ကြောင်းနှင့် ထိုအနာဂတ်၏ ဝမ်းမြောက်ဝမ်းသာဖြစ်လာစရာ ရှိသည်များကို ကျန်သူများထက် ပိုမိုထင်ရှားစွာ မြင်တွေ့နေရသူမှာ သူပင်ဖြစ်ကြောင်း မိခင်ဖြစ်သူ ခံစားသိရှိလိုက်သည်။ အီဆေး၏ လူသတ်မှုကို စုံစမ်းစစ်ဆေးမှုများ ရပ်တန့်သွားမှု အပေါ် သူက စက်ဆုပ်ရွံရှာစွာဖြင့် ဝမ်းနည်းဖွယ် အပြုံးပြုံးကာ ပြောလိုက်ပြန်သည်။
"လူတွေကို သူတို့ ဖိနပ်အောက်က အမှိုက်သရိုက်လို ဆက်ဆံယုံ တင်မကဘူး၊ လူတွေဆီကို ခွေးလို ရှုးတိုက် လွှတ်ပေးထားတဲ့ သူတို့ရဲ့ လက်ပါးစေ အမာခံတွေကိုတောင် အဲဒီအတိုင်းပဲ ဆက်ဆံကြတာ။ သူတို့အပေါ် သစ္စာရှိတဲ့ ယုဒလို လူမျိုးတွေကို ခြေထောက် အောက်က မြေမှုန့် လောက်တောင် မထင်ဘူး၊ ငွေဒင်္ဂါးတွေကိုပဲ... ငွေဒင်္ဂါးတွေကိုပဲ တန်ဖိုးထားကြတာ"
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက ဆက်ပြောသည် -
"အဲ့တာကို တွေးမိလေလေ၊ ငါ့မှာ သူ့ အပေါ် သနားစိတ် ပိုဖြစ်မိလေလေပဲ။ ငါ သူ့ကို သတ်ချင်လို့ မဟုတ်ဘူး၊ တကယ် မသတ်ချင်ခဲ့တာ!"
"တော်တော့၊ အန်ဒရေး" ဟု ပါဗယ်က လေသံ မာမာဖြင့် ပြောလိုက်သည်။
"မင်းက သစ်ဆွေးကို သွားတိုက်မိလို့ ပျက်စီးသွားတာ မျိုးပါပဲကွယ်" ဟု အမေက တိုးညှင်းသော အသံဖြင့် ဝင်ပြောလေသည်။
"အမေ ပြောတာ မှန်ပါတယ်... ဒါပေမဲ့ အဲဒါက ကျွန်တော်ကို ဘာမှ နှစ်သိမ့် စရာ ဖြစ်မလာပါဘူး လေ"
ရုရှား လေး သည် အခုလို မျိူး မကြာခဏ ပြောဆိုတတ်သည်။ သူ၏နှုတ်မှ ထွက်လာသော စကားလုံးများသည် ထူးခြား၍ လူ့လောက နှင့် သက်ဆိုင်သော အဓိပ္ပာယ်ကို ဆောင်နေ၍လည်း ခါးသီ ရွံ့ရှာဖွယ် ကောင်းနေတတ်သည်။
နောက်ဆုံးတွင် မေလဆန်းသို့ ရောက်ရှိလာခဲ့ပြီ! ခါတိုင်းလိုပင် စက်ရုံမှ ဥဩသံသည် စူးရှပြင်းထန်ပြီး အာဏာရှင် ဆန်ဆန် ထွက်ပေါ်လာသည်။ တညလုံး တ မှေးမျှပင် အိပ်မပျော်ခဲ့သော မိခင်သည် ကုတင် ပေါ်မှ ဖျတ်ခနဲ့ ထလိုက်ပြီး ညကတည်းက ပြင်ဆင်ထားပြီးသား ရေနွေးအိုးကို မီးမွှေးလိုက်သည်။ ခါတိုင်းလိုပင် အသံကို နားစွင့်ရင်းက သားဖြစ်သူနှင့် အန်ဒရေးတို့ အခန်း တံခါး ကို သွား ခေါက်ရန် စိတ်ကူးလိုက် မိသော်လည်း မနေ့က အကြောင်း သတိရသွားသဖြင့် ပြတင်းပေါက်နားတွင် သွားထိုင်ကာ ပါးနှစ်ဖက် ကို လက်ထောက်လျက် ငေးနေမိလေတော့သည်။
အဖြူနှင့် ပန်းရောင်သမ်းနေသော တိမ်စိုင်တိမ်ခဲများသည် စက်ရုံ မှ မှုတ်ထုတ်လိုက် သော ရေနွေးငွေ့များ၏ ပြင်းထန်သော အူသံကြောင့် လန့်ဖျန့်သွားကြသည့် ငှက်ကြီးများအလား ဖျော့တော့သော ပြာလဲ့လဲ့ကောင်းကင်ယံတွင် လျင်မြန်စွာ ရွေ့လျားသွားကြသည်။ အမေသည် မိမိ၏ အတွေးကမ္ဘာထဲတွင် နစ်မြုပ်လျက် ထိုတိမ်များကို ငေးကြည့်နေ၏။ သူမ၏ ခေါင်းသည် လေးလံနေပြီး၊ တညလုံး အိပ်ရေးမဝခဲ့ရသဖြင့် မျက်စိတို့မှာ ခြောက်သွေ့ကာ ရဲရဲနီနေကြသည်။ သူမ၏ စိတ်သည် ထူးဆန်းစွာပင် ငြိမ်သက်နေပြီး နှလုံးခုန်နှုန်းမှာလည်း ပုံမှန်အတိုင်းပင် ဖြစ်ကာ၊ သူမ၏ စိတ်ထဲတွင်လည်း နေ့စဉ်လုပ် နေကျ အလုပ်များကိုသာ တွေးတောနေမိသည်။
'ငါကလည်း ရေနွေးအိုးကို စောစောစီးစီး တည်မိပါရောလား၊ ရေတွေ ခန်းကုန်တော့မှာပဲ။ ဒီနေ့တော့ သူတို့ကို အိပ်ချင်သလောက် အိပ်ပါစေတော့၊ နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်နေကြရှာပြီလေ'"
ရွှင်လန်းတောက်ပနေသော နေရောင်ခြည် အလင်းတန်းလေး သည် အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သူမသည် လက်ကိုဆန့်တန်းလိုက်ပြီး အခြားလက်တဖက်ဖြင့် ထိုတောက်ပလန်းဆန်းသော နေရောင်ခြည်တန်းလေးကို သိမ်မွေ့ကြင်နာစွာ ပုတ်ခတ်ရင်း အပြုံးဖြင့် အတွေးထဲနစ်မြောနေလေသည်။
ထို့နောက် သူမသည် ထရပ်လိုက်ပြီး အသံ မမြည်အောင် ရေနွေးအိုး ပိုက်ကို ဖြုတ်လိုက်ကာ မျက်နှာသစ်၍ ဘုရားရှိခိုးလေတော့သည်။ ပါးစပ်မှ အသံမထွက်ဘဲ တိုးတိုးလေး ဆုတောင်းနေ ခြင်း ဖြစ်သည်။ သူမ၏မျက်နှာမှာ ကြည်လင် ဝင်းပ နေပြီး ညာဘက်မျက်ခုံးမှာမူ တဖြည်းဖြည်းမြင့်တက်လာလိုက် ရုတ်တရက် ပြန်ကျသွားလိုက် ဖြစ်နေသည်။
ဒုတိယအကြိမ် ဥဩ ဆွဲသံမှာ ပထမအကြိမ် ထက် တိုးပြီး ခါတိုင်း ထက် ပို၍ကြာရှည်စွာ မြည်နေသကဲ့သို့ ထင်ရသည်။ ထိုစဉ် အခန်းထဲမှ ရုရှားလေး ၏ အသံထွက်ပေါ်လာသည် - "ပါဗယ်၊ ကြားရဲ့လား။ သူတို့ခေါ်နေပြီ။"
အမေသည် အခန်းထဲတွင် လျှောက်နေသော ခြေသံများကို ကြားလိုက်ရပြီး တယောက် ယောက်၏ က အားရပါးရသမ်းဝေနေသံ ကိုလည်း ကြားလိုက်ရသည်။
"လက်ဖက်ရည်ကြမ်းအိုး တည်ပြီးပြီ နော်" ဟု သူမက အော်ပြောလိုက်သည်။
"ကျွန်တော်တို့ ထလာပါပြီ" ဟု ပါဗယ်က ခပ်မြူးမြူး အသံ နှင့် ပြန်ဖြေသည်။
"နေ တောင် ထွက်လာပါပကောလား" ဟု ပြောသော ရုရှားလေး ၏ အသံကိုလည်း ကြားရသည်။ " ဒီနေ့တော့ တိမ် တွေက ကိုယ့်နေရာ ကိုယ် မနေပဲ ပြေးလွှား နေကြပါပကောလား"
သူသည် အိပ်ရာမှနိုးလာသဖြင့် ဆံပင်များ ရှုပ်ပွနေသော်လည်း စိတ်လက်ကြည်လင် ရွှင်မြူးလျက် မီးဖိုခန်းထဲသို့ ဝင်သွားပြီး "မင်္ဂလာပါ အမေ၊ အိပ်ပျော်ရဲ့လား" ဟု နှုတ်ဆက်သည်။
အမေက သူ့နား ကပ်သွားပြီး "အန်ဒရူးရှာ၊ သူ့ကို အနားမှာ ကပ်ထားနော်" ဟု တိုးတိုးပြောလိုက်သည်။
"စိတ်ချပါ။ အခြေအနေ ပေးလို့ကတော့ ကျွန် တော်တို့ အမြဲ လို ကျောချင်းကပ် ရင်ချင်းကပ် ရှိနေမှာပါ" ဟု သူက အာမခံလိုက်သည်။
"ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ" ဟု ပါဗယ်က မေးသည်။
"ဘာမှမဟုတ်ပါဘူး။ မိန်းကလေးတွေ ကြည့်ကောင်းအောင် မျက်နှာသစ်ဖို့ အမေက ပြောတာပါ" ဟု လူငယ်လေးက ပြန်ဖြေရင်း မျက်နှာသစ်ရန် ဝရန်တာဘက်သို့ ထွက်သွားသည်။
"ထကြလော့၊ နိုးကြလော့၊ အလုပ်သမားတို့" ဟု ပါဗယ်၏ ခပ်တိုးတိုး သီချင်း ဆိုသံ ထွက်လာပြန်သည်။