အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ်မှ သမ္မတဟု ခံယူလာသူ မင်းအောင်လှိုင်သည် ၎င်းအား ဝိုင်းပယ်ထားသည့် အဖြစ်မှ ထိုးဖောက်နိုင်ရန် မရမက ကြိုးပမ်းလာခဲ့ရာမှ ယခုအခါ ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့် စက်တင်ဘာ ၁၁-၁၂ တွင် သွားဖို့ ရှိနေသည့် ကမ္ဘောဒီယား ကို ပါထည့် တွက်လျင် အာဆီယံ ဆယ်နိုင်ငံ အနက် လေးနိုင်ငံသို့ ခြေချ နိုင်ခဲ့ပြီး ဖြစ်သည်။
ကမ္ဘောဒီယား သည် ၎င်း၏ နောက်ဆုံး ခရီးစဉ် ဖြစ်နိုင်သည်။ ကျန်သည့် ခြောက်နိုင်ငံက ၎င်းအတွက် ကျောက်ဆောင် ကျောက်သားကြီးများလို မားမားမတ်မတ် တာဆီး နေ ပေသည်။
အာဆီယံသည် မြန်မာအား အဖွဲ့ကြီးမှ မထုတ်ပယ်သေးဘဲ အဖွဲ့ဝင် အဖြစ် လက်ခံထားသော်လည်း မင်းအောင်လှိုင်ကိုတော့ အစည်းအဝေး အနားသို့ ယောင်လို့ပင် ကပ်ခွင့် မပေးဘဲ သတိကြီးစွာ ဖြင့် ဆက်ဆံနေသည်။ မူငါးချက်ကိုလည်း လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက် အဖြစ် စွဲမြဲစွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
မင်းအောင်လှိုင်အတွက်မူ အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းအလိုက် ထိတွေ့ဆက်ဆံခြင်းဖြင့် ၎င်းသည် အပယ်ခံ မဟုတ် ကြောင်း ဟိတ်ဟန် ထုတ်နိုင်ပြီး ဒေသတွင်း သံတမန်ရေးရာ လမ်းကြောင်းတခုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဖြေသိမ့်နေရသည့် အဆင့်သာ ရှိသည်။
ဗီယက်နမ်က ဘာကြောင့် အရေးပါသလဲ ဆိုသည်ကို အိန္ဒိယ၏ Outlook စာစောင်က ယခုလို သုံးသပ်ထားသည်။
ဗီယက်နမ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အပြင် နကိုယ်ကတည်းက ၎င်းတို့နှင့် နိုင်ငံရေး၊ စီးပွားရေးဖက်တွင် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံ ဖြစ်၍ ၎င်းအတွက် အထူးပင် အသုံးဝင်လှသည်။
ဗီယက်နမ်သည် ၎င်းတို့ အတွက် စီးပွားရေးမိတ်ဖက်ဖြစ်လာနိုင် ခြင်းနှင့် အာဆီယံ သို့ ပြန်ဝင်နိုင်ရေး တွင် ကြားခံညှိနှိုင်းပေးသူ အဖြစ် အသုံးဝင်လာနိုင်သည်။
ဗီယက်နမ်အစိုးရ အနေဖြင့် လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်မှန်သမျှကို ထောက်ခံအတည်ပြုနေသည်ဟု ယူဆ၍ မရပြန်။ သို့သော်လည်း ၎င်းတို့အတွက် ဆက်လက် လှုပ်ရှားနေနိုင်သည့် အရှေ့တောင်အာရှဒေသတွင်း သံတမန်ရေးရာ ဆက်ဆံရေး လမ်းကြောင်း တခုကို ရရှိလာသည်။
မင်းအောင်လှိုင်သည် လတ်တလောတွင် ဗီယက်နမ်ထံမှ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အထောက်အပံများ ကို မျှော်မှန်းနေသည်။ တကယ်တမ်းတွင် ဗီယက်နမ် နှင့် ကုန်သွယ် ရေး ပမာဏ သည် သိသိသာသာ ကျဆင်းလာ နေသည်။ ထို့အတွက် အနည်းဆုံး ကုန်သွယ်မှုပမာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိရန် လိုလားသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တယ်လီကွန် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေး (လော့ဂျစ်စတစ်) နှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု အပါအဝင် ကဏ္ဍရပ်များတွင် ဗီယက်နမ်ကုမ္ပဏီများ ပိုမိုပါဝင်လာစေရန် တောင်းဆို ဖို့ ရှိနေသည်။
၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ် ရေးသည် ဒေါ်လာ ၈၅၃ သန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၅၉၀ သန်းအထိ ကျဆင်းခဲ့ပြီး၊ ယခု ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင်မူ ဒေါ်လာ ၃၃၅ သန်းသာ ရှိတော့သည်။ ဤသည်ကလည်း ပြည်ပ သွင်းကုန်များကို ပိတ်ဆို့ထားခြင်း ကြောင့်ပင် ဖြစ်သည်။
မြန်မာသည် ဗီယက်နမ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝသယံဇာတ ထွက်ကုန်များကို အဓိက တင်ပို့ နေသည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံသို့ အထည်အလိပ် လုပ်ငန်း များ အတွက် လိုအပ်သော ကုန်ကြမ်းများ၊ စက်မှုအပိုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ ကို အဓိက တင်ပို့လျက်ရှိသည်။
ယခုအခါ မြန်မာဖက် က ပဲတီစိမ်းနှင့် မတ်ပဲ၊ ပြောင်း၊ နှမ်းနှင့် ငါး၊ ပုစွန် များသာ တင်ပို့နိုင်၍ ကုန်သွယ်မှုလိုငွေ ပြနေသည့် အခြေအနေ ရောက်နေသည်။
မင်း အောင်လှိုင် အနေဖြင့် ၎င်း မည်သို့မျှ ဖြေရှင်း နိုင်ခြင်း မရှိသည့် ရေရှည်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရစဉ်အတွင်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့လာစေရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးသည် အထူးပင် အရေးကြီးလျက်ရှိသည်။
ထို့ကြောင့် သုံးရက်ကြာ ဟနွိုင်းခရီးစဉ်သည် မြန်မာနိုင်ငံ၏ အနေအထားကို ညတွင်းချင်း ပြောင်းလဲပစ်နိုင်မည် မဟုတ်ဘဲ၊ ပတ်ဝန်းကျင် ဒေသတွင်း သံတမန်ရေးရာ အရ ထိတွေ့ခွင့် ရမည့် နယ်ပယ်တခုကို ပြန်လည်တည်ဆောက်ရန် နေပြည်တော်က မည်သို့ကြိုးပမ်းနေသည်ကို ပြသနေခြင်းအဖြစ် ရှုမြင် နိုင်ပေသည်။
သို့သော်လည်း ထင်သလို ဖြစ်မလာနိုင်သည့် ကန့်သတ်ချက်များ ရှိနေသည်များလည်း အထင်အရှား ရှိနေသည်။
မြန်မာနိုင်ငံသည် ပြေလည်မှုမရသေးသည့် ပဋိပက္ခများကြောင့် ဖိအားအောက်တွင် ဆက်ရှိနေဆဲဖြစ်ပြီး၊ အာဆီယံအနေဖြင့်လည်း တိုးတက်မှုဖြစ်ထွန်းမှုများကို ၎င်း၏ "ဘုံသဘောတူညီချက် ၅ ချက်" ဖြင့် သာ ဆက်လက်သုံးသပ် ဆုံးဖြတ်နေဆဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံခြင်းသည် မြန်မာနိုင်ငံ၏ ဒေသတွင်းချိတ်ဆက်မှုများကို အားကောင်းစေနိုင်သော်လည်း၊ ထိုတခုတည်းနှင့်တော့ နေပြည်တော်မှ အာဆီယံကို ချဉ်းကပ် နိုင်မှု တွင် ကြားခံ နေ သော နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ရေးသားထားသည်။
ဗီယက်နမ်သည် အာဆီယံအဖွဲ့ဝင်ဖြစ်သည့်အတွက် အဖွဲ့ကြီး၏ မူဝါဒကို ကျော်လွန်၍ စစ်အုပ်စု ကို နိုင်ငံရေးအရ အပြည့်အဝ ထောက်ခံ၍မရ။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းထားသင့်သော်လည်း ဘုံသဘောတူညီချက် ၅ ချက်ကို လက်တွေ့ကျကျ ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ဗီယက်နမ်တွင် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်နေရင်းက ၎င်း၏ ခေါင်းထဲတွင် ငါတို့လည်း ဈေးကွက် စီးပွားရေး ကို ပြောင်းခဲ့တာပဲ၊ သူတို့ကျ ငါတို့ထက် ပိုဆိုးတဲ့ပြာပုံဘဝ ကနေ ဘယ်လိုလုပ် အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ နည်းပညာအင်ပါယာကြီး ဖြစ်သွားတာလဲ..." ဟု တွေးနေမည်သာ ဖြစ်သည်။
လာရောက် ကြိုဆို ပေးရှာသော ဗီယက်နမ် သမ္မတရုံး ဝန်ကြီးကလည်း ၁၉၆၀ ဝန်းကျင်တွင် GDP တွင် တောင်ကိုရီယား နှင့် နင်လားငါလား ဖြစ်နေသော နိုင်ငံသည် အဘယ့်ကြောင့်များ ထို အခြေ ဆိုက်နေရသနည်းဟု တွေးနေမည်သာ ဖြစ်သည်။
သို့သော် သူ့အတွက် အဖြေကို ကြာကြာ မစဉ်းစားလိုက်ရ၊ လေယာဉ် ပေါ်မှ ဆင်းလာသည့် သမ္မတ ကတော် ဆိုသူ ကိုင်လာသော ဒေါ်လာ သောင်းကျော် တန်သည့် အိတ်ကို မြင်လိုက်ရ၍ သဘောပေါက်သွားခဲ့ရသည်။
တကယ်တမ်းတွင် ဗီယက်နမ်သည် "နိုင်ငံရေး တည်ငြိမ်မှုကို အခြေခံ၍ ကမ္ဘာနှင့် မိတ်ဆွေဖွဲ့ကာ နည်းပညာအခြေပြု စက်မှုစီးပွားရေး" သို့ ကူးပြောင်းအောင်မြင်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့မှာမူ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့သည်မှာ မှန်သော်လည်း အရေးပါသော နိုင်ငံပိုင်လုပ်ငန်း များနှင့် ကုန်သွယ်မှုအခွင့်အလမ်းများကို စစ်ဘက်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများ (MEHL, MEC) နှင့် ရင်းနှီးသော ခရိုနီလုပ်ငန်းရှင်အနည်းငယ်ကသာ လက်ဝါးကြီးအုပ် ရယူခဲ့ကြသဖြင့် အများပြည်သူအကျုံးဝင်ပြီး လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သော ဈေးကွက်စနစ် ထွက်ပေါ်မလာခဲ့ပေ၊ ထို့အပြင် ဘယ်သူ မပြု မိမိမှု ဆိုကာ ပေါ်ထွက်လာခဲ့သော "နိုင်ငံရေး မတည်ငြိမ်မှု၊ အထီးကျန်ဆန်မှုနှင့် သယံဇာတအပေါ် အမှီပြုမှု" တို့ကြောင့် စီးပွားရေးစနစ် ကူးပြောင်းမှုမှာ လိုရာမရောက်ဘဲ လမ်းခုလတ်တွင် ပိတ်မိနေသည့် သဘောဖြစ်သည်။
If the shoe doesn’t fit, must we change the foot?
Gloria Steinem
“ဖိနပ်က ခြေထောက်နဲ့ မတော်ရင် ခြေထောက်ကို ဖြတ်ပြီး အံဝင်ခွင်ကျဖြစ်အောင် လုပ်ရမှာလား။”— ဂလိုရီယာ စတိုင်းနမ်း
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!