ပြင်းထန် ကျယ်ပြန့်လာသည်နှင့်အမျှ တစ်ဆို့ နေသော ယူကရိန်းစစ်ပွဲ

by Hla Soewai - Sep 07 2026

ကမ္ဘာတဝှန်း တွေ့ကြုံလာနေရသည့် အဖြစ်များ ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်လာနေသော ကမ္ဘာကြီးသည် လေးနှစ်ကျော်လာခဲ့ပြီ ဖြစ်သော ယူကရိန်းစစ်ပွဲမှာ အဆုံးသတ်သွားဖို့ မရှိသည့် အပြင် ပို၍ ပင် ပြင်းထန်လာနေပြီ ဆိုသည့် အသံကို ကြားပင် မကြားလိုတော့ပေ။

 

သို့သော် မိမိတို့ နိုင်ငံများ၏ လုံခြုံရေး အတွက် ရုရှားအား တစက္ကန့်မျှပင် အလစ်မပေးဘဲ စောင့်ကြည့်နေကြသော ဥရောပ မြောက်ပိုင်းရှိ အစိုးရများသည် လာမည့် ဆယ်စုနှစ် ပေါင်းများစွာ အတွင်း ရုရှား ရန်ကို ကာကွယ်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

 

ချမ်းသာကြွယ်ဝ သော ဆွီဒင် သည် အမျှော်အမြင် ရှိစွာဖြင့် ပြီးခဲ့သည့် နှစ် နှစ်ခန့်ကတည်းက နေတိုး အဖွဲ့ကြီးသို့ ဝင်ရောက်လာခဲ့သည်။ ထို့အတွက် ၎င်းတို့ နှစ်ပေါင်း နှစ်ရာ ခန့် ကျင့်သုံးခဲ့သည့် ကြားနေရေး မူဝါဒ ကိုပင် စွန့်ပစ်လိုက်ရသည်အထိ ဖြစ်လာခဲ့ရသည်။

 

ဆွီဒင် ရှိ လက်ဝဲ၊ လက်ယာ ပါတီများအားလုံးက လည်း ပူတင် အား ယုံကြည် စိတ်ချစရာ မရှိဟု ရှူမြင်လာပြီးအချင်းချင်း ငြင်းခုံဆွေးနွေးနေစရာပင် မလိုလောက်အောင် ယူကရိန်းကို တညီတညွတ်ထဲ ထောက်ခံခဲ့ကြသည်။

 

ရုရှားသည် ၎င်းတို့ ပြောနေသ လောက်အားမရှိကြောင်း၊ မစ္စတာ ပူတင်နှင့် ၎င်း၏ အဖွဲ့သည် နိုင်ငံရေး ၊ဘဏ္ဍာရေး အခြေအနေ ဆိုးရွားနေသည်ကို ဖုံးကွယ်နေပြီး ပြည်သူလူထု၏ ကန့်ကွက်မှုများကို နှိမ်နင်းရန် ဖိနှိပ်မှုများကို အသုံးပြုနေကြသည်ကို အိမ်နီးချင်း ဖြစ်သော ဆွီဒင်ကကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

 

ရုရှား၏ ဒုံးကျည်များနှင့် ဂျက်အင်ဂျင်တပ် ဒရုန်းများအား ကြားဖြတ် ဟန့်တား နိုင်မည့် ဒုံးကျည်များသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပြတ်လပ်လာ နေသော်လည်း ယူကရိန်း၏ ခုခံမှု ပြိုကွဲလာမည်ဟု ရုရှားက မမျှော်လင့်သင့်ကြောင်း ယူကရိန်းနိုင်ငံသည် အလွန် ခံနိုင်ရည်ရှိစွာ တိုက်ပွဲ ဝင်နေကြောင်း ဆွီဒင် ဝန်ကြီးချုပ် အူးလ်ဖ် ကရစ်စ်တာဆွန် က ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

ရုရှား၏ အင်ပါယာ လက်သစ် ဝါဒီ ရည်မှန်းချက်နှင့် ယူကရိန်း၏ မျိုးချစ်စိတ်တို့ ထိတ်တိုက် တွေ့လာခဲ့ခြင်းကြောင့် ရပ်တန့်၍ မရတော့သော အခြေအနေ သို့ ရောက်ရှိလာခဲ့သည် နှင့် အမျှ ပဋိပက္ခ၏ ကုန်ကျစရိတ်များကို အရေးမထားနိုင်တော့ဘဲ နှစ်ဖက်စလုံးသည် ရှုံးနိမ့်ရမည့် အရေးသည် ထိုထက် ပို၍ ထိခိုက်နာကျင်စရာ ဖြစ်လာမည်ဟု ယူဆလာကြသည်။

 

ယူကရိန်း သည် စစ်မှုထမ်းခေါ်ယူမှုကို တိုးချဲ့နေပြီး နော့ဒစ်နှင့် ဘောလ်တစ် အိမ်နီးချင်းနိုင်ငံများအပြင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်တို့နှင့် ကာကွယ်ရေးနှင့် လုံခြုံရေး ပိုင်းတွင် ပိုမိုနက်ရှိုင်းစွာ ဆက်နွယ်လာခဲ့သည်။ ဆွီဒင်သည် ယူကရိန်းအား Gripen ဂျက်တိုက်လေယာဉ်များ အား လှုဒန်းခြင်း၊ အချို့ကို ရောင်းချခြင်း များ ဖြင့် ပံ့ပိုးပေးနေသည်။

 

အပစ်အခတ်ရပ်စဲရေး မျိုး ဖြစ်လာပါကလည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မဟုတ်ဘဲ အေးခဲနေသော ပဋိပက္ခသို့သာ ဦးတည်သွားမည်ဟု ဆွီဒင်က ယုံကြည်ထားသည်။

 

ဆွီဒင်သည် ထရမ့်နှင့် ဆက်ဆံရေး ကောင်းနေရန် ကြိုးပမ်းခဲ့သည်။ ဤသည်ကလည်း တရားမျှတမှု ကင်းပြီး လုံခြုံမှု ကို အာမ မခံနိုင်သော ငြိမ်းချမ်းရေးမျိူး bad peaceကို လက်ခံရန် အတင်းအကျပ် ဖိအားပေးလာမည်ကို စိုးရိမ်နေသော ကြောင့် ဖြစ်သည်။ ထရမ့်သည် မိတ်ဆွေနိုင်ငံများအား အမေရိကန်ထုတ် လက်နက်များနှင့် အစိတ်အပိုင်းများ ယူကရိန်းသို့ ပို့ဆောင်ခြင်းကို တားမြစ်ခြင်း၊ အရေးပါသော စစ်မြေပြင် ထောက်လှမ်းရေးကို ဖြတ်တောက်ခြင်း၊ ဘောလ်တစ်နိုင်ငံများ သို့မဟုတ် ပိုလန်မှ တပ်ဖွဲ့များ ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခြင်းတို့ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထရမ့်သည် ယခုအခါ ယူကရိန်းအပေါ် စိတ်ဝင်စားမှု မရှိတော့ဘဲ အီရန်နှင့် တရုတ်တို့ကို အာရုံစိုက်နေသည်။

 

ယူကရိန်း၏ မဟာမိတ်များသည် ရုရှားကို လုံးဝ မယုံကြည်ကြသဖြင့် စစ်ပွဲ သည် ကောင်းကောင်းမွန်မွန် အဆုံးသတ်မည့် လမ်းကြောင်းကို မျှော်မှန်း၍ မရ ဖြစ်‌ နေသည် နှင့် အမျှ ယူကရိန်းအတွက်နှင့် ၎င်းတို့၏ လုံခြုံရေးအတွက်ပါ bad peace ထွက်လာမည်ကို စိုးရိမ် နေကြသည်။ ထို့အတွက် နောက်ထပ် နှစ် ငါးဆယ်ခန့် ရုရှား နှင့် ထိတ်တိုက် ရင်ဆိုင်ရမည့် အရေးကို ကြိုတင်ပြင်ဆင်လာကြပြီ ဖြစ်သည်။

 

(၂၀၂၆ စက်တင်ဘာ ၁ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "The Ukraine war is intensifying, expanding and stuck" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)