မင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် မြန်မာ့နိုင်ငံရေးလမ်း ကြောင်း တွင် နောက်ထပ် စိတ်ဝင်စားစရာ မေးခွန်းတခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ စစ်တပ်၏ လက်ကိုင်တုတ် ပါတီအဖြစ် အသုံးတော်ခံ နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဥက္ကဋ္ဌရာထူးကို မင်းအောင်လှိုင် ကိုယ်တိုင် ရယူမည်လား ဆိုသည့် မေးခွန်းပင် ဖြစ်သည်ဟု အစချီကာ ဧရာဝတီ ၏ သတင်းဆောင်းပါးတွင် ယခုလို သုံးသပ်ထားသည်။
USDP ပါတီညီလာခံကို စက်တင်ဘာလ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရုတ်တရက် ရွှေ့ဆိုင်းလိုက်ခြင်း ကြောင့် အထက်ပါ မေးခွန်းသည် ပိုမိုကျယ် လောင်စွာ ထွက်ပေါ် လာခဲ့ရသည်။ ပါတီအတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ ထိပ်ပိုင်းရာထူးများ ခွဲဝေမှုနှင့် ပတ်သက်၍ မင်းအောင်လှိုင်နှင့် လက်ရှိ USDP ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ဆိုသည်။
အဓိကအချက်မှာ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မဟုတ်သလို USDP ပါတီဝင်လည်း မဟုတ်ပေ။ သို့သော် ၂၀၂၆ ဧပြီလတွင် USDP အမတ်များ၏ ထောက်ခံမှုဖြင့် သမ္မတရာထူးကို ရရှိခဲ့သည်။ ထို့ကြောင့် နောက်ထပ် သက်တမ်းများအထိ အာဏာဆက်လက်ထိန်းထားလိုပါက ၎င်းအတွက် ခိုင်မာသော နိုင်ငံရေးပါတီအခြေခံတခု လိုအပ်လာသည်။
ထိုအခြေအနေတွင် USDP သည် မင်းအောင်လှိုင်အတွက် သဘာဝကျသော နိုင်ငံရေး မောင်းနှင်ယာဉ်ကြီး ဖြစ်လာသည်။
မင်းအောင်လှိုင်က သူ၏ “ပြုပြင်ပြောင်းလဲရေး” လုပ်ငန်းများအတွက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အချိန်လိုနိုင်သည် ဟု ပြောထားဖူးသည်။ ယင်းစကားကို လေ့လာသူများက အနည်းဆုံး သမ္မတသက်တမ်းနှစ်ကြိမ် ဆက်လက်အုပ်ချုပ်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြသနေသည်ဟု သုံးသပ်ကြသည်။
သို့သော် မင်းအောင်လှိုင်အတွက် အခက်အခဲတစ်ခု ရှိနေသည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၆၄ နှင့် ၂၃၂(က) တို့ ဖြစ်သည်။ ထိုပုဒ်မ များ တွင် သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် ပါတီနိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မရှိပေ။ ထို့ကြောင့် သမ္မတရာထူးကို ကိုင်ထားရင်း USDP ဥက္ကဋ္ဌအဖြစ် တရားဝင်တာဝန်ယူရန်မှာ ဥပဒေအရ အခက်အခဲရှိလာသည်။
မင်းအောင်လှိုင်အနေဖြင့် ပါတီကို ထိန်းချုပ်ရန် ဥက္ကဋ္ဌရာထူးကို ကိုယ်တိုင်ယူစရာ တော့ တကယ်တမ်း မလိုအပ်လလှပေ။ သူယုံကြည်ရသူများကို ပါတီထိပ်ပိုင်းရာထူးများတွင် ထည့်သွင်းပြီး နောက်ကွယ်မှ USDP ကို ထိန်းချုပ်နိုင်သည်။ လက်ရှိ ပါတီညီလာခံ ရွှေ့ဆိုင်းမှု၏ နောက်ကွယ်တွင်လည်း ထိုကဲ့သို့ ပါတီခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်ဟု ဆောင်းပါးက သုံးသပ်ထားသည်။
လက်ရှိ USDP ထိပ်ပိုင်းခေါင်းဆောင်အချို့သည် အစိုးရဝန်ကြီးများ ဖြစ်လာကြသဖြင့် ပါတီလုပ်ငန်းများတွင် ဆက်လက်ပါဝင်ရန် ဖွဲ့စည်းပုံအရ အခက်အခဲရှိနေသည်။ ထိုရာထူးလစ်လပ်မှုများကို မင်းအောင်လှိုင်နှင့် နီးစပ်သည့် စစ်ဗိုလ်ချုပ်ဟောင်းများ၊ ယုံကြည်ရသူများဖြင့် အစားထိုးနိုင်သည်ဟု သုံးသပ်သူများက ယူဆကြသည်။ အမည်ထွက်ပေါ်နေသူများထဲတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အောင်လင်းဒွေးနှင့် စစ်ဗိုလ်ချုပ်ဟောင်းအချို့ ပါဝင်သည်။
ထို့အပြင် USDP သမိုင်းကိုကြည့်လျှင် ပါတီခေါင်းဆောင်ပိုင်းအာဏာပြိုင်ဆိုင်မှုသည် အသစ်အဆန်းမဟုတ်ပေ။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲမတိုင်မီ သမ္မတဟောင်း ဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတို့အကြား အာဏာပြိုင်ဆိုင်မှုမှသည် “သန်းခေါင်ယံ အာဏာသိမ်းမှု” ဟု လူသိများသည့် ပါတီအတွင်း အပြောင်းအလဲအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း မင်းအောင်လှိုင်၏ ထောက်ခံမှုဖြင့် ခင်ရီက ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ယခု USDP ညီလာခံ ရွှေ့ဆိုင်းမှုသည် ရိုးရိုးအစည်းအဝေးအချိန်ဇယား ပြောင်းလဲခြင်းမျှသာလား၊ သို့မဟုတ် မင်းအောင်လှိုင်က လာမည့်နိုင်ငံရေးသက်တမ်းများအတွက် USDP ကို သူ့လူများဖြင့် ပြန်လည်တည်ဆောက်နေခြင်းလား ဆိုသည်မှာ အရေးကြီးသော မေးခွန်းဖြစ်လာသည်။
အဆုံးတွင် အဓိကစောင့်ကြည့်ရမည့်အချက်မှာ ခင်ရီ ဆက်၍ ဥက္ကဋ္ဌဖြစ်နေမည်လား၊ မင်းအောင်လှိုင်၏ ယုံကြည်ရသူတဦးက အစားထိုးဝင်လာမည်လား ဆိုခြင်းပင် ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်အတွက် အမှန်တကယ်အရေးကြီးသည်မှာ ဥက္ကဋ္ဌရာထူးကို ကိုယ်တိုင်ရယူခြင်းထက် USDP ၏ ဆုံးဖြတ်ချက်များကို သူ့စိတ်ကြိုက်ဖြစ်အောင် ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားလာခြင်းက ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
မိမိအမြင်အရ ဆိုလျှင် “USDP ဥက္ကဋ္ဌရာထူးကို မင်းအောင်လှိုင် ယူမယူ” ဆိုသည်ထက် ထိုထက် ပို၍ ကျယ်ပြန့်သည့် အာဏာတည်ဆောက်ရေး မဟာဗျူဟာအဖြစ် ကြည့်သင့်သည်။
၂၀၂၆ ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲ တွင် ထွက်၍ မဲဆွယ်စရာမလိုဘဲ USDP ရဲ့ နိုင်ငံရေးအောင်မြင်မှုကို မင်းအောင်လှိုင်သည် ၎င်း၏ ကိုယ်ပိုင်အာဏာအဖြစ် ပြောင်းလဲအသုံးချနိုင်ခဲ့ပြီး ဖြစ်သည်။
၂၀၂၁ တွင် မင်းအောင်လှိုင်သည် စစ်တပ်အင်အားကို အသုံးပြုပြီး နိုင်ငံရေးအာဏာကို သိမ်းယူခဲ့ပြီး ဖြစ်သည်။
ယခုအခြေအနေတွင်တော့ စစ်တပ်အာဏာကို တိုက်ရိုက်ကိုင်ထားခွင့်ရသည့် စစ်ခေါင်းဆောင်အဖြစ်ကနေ ပါတီ–လွှတ်တော်–အစိုးရ ယန္တရားအတွင်း မိမိအာဏာကို ရေရှည်တည်မြဲအောင် ပြောင်းလဲတည်ဆောက်ထားနိုင်မှ စိတ်ချရမည်ဟု ရှုမြင်လာနိုင်သည်။
လက်ရှိ USDP ထိပ်ပိုင်းခေါင်းဆောင်အချို့ အစိုးရရာထူးများ ရယူသွားခြင်းကလည်း ပါတီအတွင်း ရာထူးလစ်လပ်မှုများ ဖြစ်ပေါ်လာသည်၊ ထို အခွင့်အရေးကို လက်လွတ်မခံဘဲ USDP ခေါင်းဆောင်မှုကို မင်းအောင်လှိုင်က ၎င်းအပေါ် သစ္စာရှိသူများဖြင့် ပြန်လည်ဖွဲ့စည်းနိုင်ရေးသည် အရေးကြီးလာသည်။
မင်းအောင်လှိုင်သည် စစ်တပ်ကနေ သမ္မတအဖြစ် ပြောင်းသွားသော်လည်း စစ်တပ်အာဏာကို စွန့်လွှတ်လိုက်ခြင်း မဟုတ် ပေ၊ ထိုနည်းတူ USDP ကိုလည်း အမှန်တကယ် လွှတ်ထားပေးလို့ မရ။
အနာဂတ်မှာ ၎င်းအတွက် စစ်တပ် သည် လုံခြုံရေးအာဏာ၊ USDP သည် နိုင်ငံရေးအာဏာ၊ လွှတ်တော် က ၎င်း ပြဠာန်းချင်သည့် ဥပဒေများကို ထုတ်ပြန်ပေးမည့် အာဏာ၊ သမ္မတရာထူး သည် နိုင်ငံတကာတရားဝင်မှုပုံရိပ် ရရှိနေ မည့် အာဏာ ဆိုက အတိုင်းထက် အလွန် တံခွန်ထက်ကုက္ကားပင် မဟုတ်ပါလား။
၂၀၂၁ အာဏာသိမ်းပြီး ၎င်း ရယူခဲ့သည့် အာဏာကို စစ်အုပ်ချုပ်ရေးပုံစံကနေ “တပါတီ အာဏာရှင်စနစ်” အဖြစ် အသွင်ပြောင်းထားနိုင်မှ စိတ်ချရ ပေမည်။
သို့သော် USDP ၏ လွှတ်တော် တွင် အနိုင်ရမှုသည် မြန်မာနိုင်ငံ တခုလုံးကို နိုင်ငံရေးအရ အုပ်ချုပ်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ် ပေ။
အရေးကြီးဆုံးမေးခွန်းက—“မင်းအောင်လှိုင် သမ္မတဖြစ်ပြီးနောက် USDP ကို ဘယ်သူ့လက်ထဲမှာ ထားပြီး ဘယ်လောက်အထိ ကိုယ်တိုင်ထိန်းချုပ်လာမလဲ” ဆိုသည်ပင် ဖြစ်သည်။
USDP ညီလာခံ ရွှေ့ဆိုင်းမှု၊ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ၎င်းအပေါ် သစ္စာရှိသူများကို ထည့်သွင်း နိုင်ရေးတို့ကို ဆက်စပ်ကြည့်ရင် မင်းအောင်လှိုင်သည်အာဏာကို စွန့်လွှတ်ဖို့မဟုတ်ဘဲ စစ်တပ်အာဏာကို ပါတီနိုင်ငံရေးအတွင်း ထည့်သွင်းပြီး ရေရှည်ခံနိုင်အောင် အင်စတီကျူးရှင်းပုံစံပြောင်းနေခြင်းမျိုး ဖြစ်နိုင်ပေသည်။
ခင်ရီ၏ အနာဂတ်သည်လည်း မင်းအောင်လှိုင်၏ အာဏာတည်ဆောက်ရေး တွင် ဘယ်လောက် အထိအသုံးဝင်နေသေးလဲ” ဆိုသည့် အပေါ် မူတည်နေသည်။
လောလောဆယ် ခင်ရီသည် USDP ဥက္ကဋ္ဌ ရာထူးက ဖယ်ရှား ခံခဲ့ရလည်း လွှတ်တော်အတွင်း မင်းအောင်လှိုင်၏ အဓိကနိုင်ငံရေးမိတ်ဖက် တစ်ဦးအဖြစ် ဆက်ရှိနိုင်ပေသည်။
တနည်း ဆိုက— မင်းအောင်လှိုင်အတွက် USDP ဥက္ကဋ္ဌရာထူးသည် ၎င်း၏ ရည်မှန်းချက်ဖြစ်ချင်မှဖြစ် ပေမည်။ USDP တခုလုံးကို မိမိအာဏာဆက်လက်တည်မြဲရေးအတွက် လိုသလို အသုံးချနိုင်ခြင်းသည်သာ အဓိက ရည်မှန်းချက် ဖြစ်နိုင် ပေသည်။
မည်သို့ပင် ဆိုစေ USDP တဖွဲ့လုံးသည် ကျားသနား မှ နွားချမ်းသာ ဆိုသည့် အဖြစ်မျိုး ရောက်နေရပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏ နေဝင်း လမ်းစဉ် ဖြင့် တပါတီ အာဏာရှင် တည်ဆောက်ရေးသည် တနေ့တခြား ကျပ်တည်းလာနေသော လူထု ကြီး အဖို့ စိတ်ဓါတ်များ မငြိမ်မသက် လှုပ်ရှားလာနေသည် ကိုမူ ထည့်သွင်း တွက်ချက်ထားပုံမရ ပေ။
၎င်း နှင့် သားသမီးများသည်သာ သေတပန်သက်တဆုံး တိုင်းပြည် နှင့် လူထု ကို ဂုတ်သွေးစုတ် အမြတ်ထုတ် သွားနိုင်မည်ဟု မိုက်မဲစွာ ယူဆနေခြင်းမျိုးသာ ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!