အို ဘယ့် ..ဗီယက်နမ်

by Hla Soewai - Sep 07 2026

မင်းအောင်လှိုင်သည် ရန်ကုန်တိုင်း တွံတေး မြို့နယ် အတွင်းရှိ ကျွဲနွား မွေးမြူရေး ခြံများကို လိုက်လံ စစ်ဆေးနေသည့် အချိန်တွင် ဗီယက်နမ်နိုင်ငံသည် ပြင်သစ်လက်အောက်မှ လွတ်လပ်ရေးကြေညာသည့် တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်း၏ ၁၉၄၅ ခုနှစ် မိန့်ခွန်းပြောကြားခဲ့သည့် အထိမ်းအမှတ် အားလပ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းပေါင်းများစွာကို စတင်လိုက်ပြီဖြစ်သည်။

 

ကွန်မြူနစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသည် ရထားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများကို တိုးချဲ့တည်ဆောက်နေပြီး ထိုအထဲတွင် တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သည့် ဟိုချီမင်းစီးတီးနှင့် လာမည့်ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော လေဆိပ်မဟာစီမံကိန်းကြီး တည်ရှိရာ လောင်သန်း သို့ ဆက်သွယ်ပေးမည့် မက်ထရိုရထားလမ်းလည်း ပါဝင်သည်။

 

ဗီယက်နမ်နိုင်ငံ၏ ယခုကဲ့သို့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးစရိတ်ကို အကြီးအကျယ် သုံးစွဲနေခြင်းမှာ စီးပွားရေးတိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားသော ၎င်းတို့၏ ကုန်ထုတ်လုပ်မှု အချက်အချာဒေသကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းသည် နှစ်ရှည်လများ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နှိမ်နင်းမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးသွားခဲ့ရပြီးနောက်၊ ယခုအခါ ခေတ်သစ်၏ သြဇာအရှိဆုံး ခေါင်းဆောင်တဦးအောက်တွင် စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေခြင်း ပင် ဖြစ်သည်။

 

လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟနွိုင်းမြို့တမြို့တည်း၌ပင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိသည့် အများပြည်သူ ဖွံ့ဖြိုး ရေး လုပ်ငန်းစီမံကိန်းများကို စတင်လိုက်ပြီဖြစ်သည်။ ယင်းစီမံကိန်းများတွင် မြို့ပတ်လမ်း၊ ရေကြီးမှုထိန်းချုပ်ရေးအစီအမံများမှသည် နိုင်ငံတော်အဆင့် အမြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်းတခုအထိ ကဏ္ဍစုံ ပါဝင်သည်။ 

 

 တရုတ်၏ နေရာတွင် အစားထိုး ဝင်ရောက် မြုပ်နှံနိုင်ရန်ဗီယက်နမ်နိုင်ငံအတွင်းသို့ စီးဝင်လာနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကမူ အခြေခံအဆောက်အအုံစနစ်သည် ထိုနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် အကြီးမားဆုံးသော အတားအဆီးများအနက် တခုဖြစ်ကြောင်း ကာလရှည်ကြာစွာ ထောက်ပြပြောဆိုလာခဲ့ကြသည်။

 

ဗီယက်နမ်လို နိုင်ငံကိုပင် လာရောက်ရင်းနှီးမြုပ်နှံရန် အချိုက လက်တွန့်နေကြသည့် အဖြစ်ကို တွေ့ရမည်ဖြစ်သည်။

 

မင်းအောင်လှိုင်ကတော့ လက်ရှိ တိုင်းပြည် အနေအထားနှင့်ပင် ပြည်ပမှ လာရောက် မြုပ်နှံကြဖို့ တစာစာ ဖိတ်ခေါ်နေခြင်းသည် မသိ၍ မဟုတ်ဘဲ လူထု ကို လှည့်စားရန် လိမ်ညာ နေခြင်း သက်သက်သာ ဖြစ်သည်။

 

လေယာဉ် အတက် ကောင်းကင်ယံမှ နေ၍ ဧရာဝတီ မြစ်ကြီး ပေါ်တွင် မီးခိုး တလူ လူ ဖြစ်နေသော် ၎င်း၏ စစ်သင်္ဘောများမှ အသက်လုကာ ရှေ့သို့ အတင်းတက်နေရသူ များကို ငုံ့ကြည့်မှ ကြည့်သွားခဲ့လေသလား။

 

ယနေ့ ခရီးစဉ်သည် စစ်အုပ်စု အတွက် နိုင်ငံတကာမျက်နှာစာ၌ တရားဝင်မှု ရရှိရေး အသည်းအသန် လုံးပမ်းနေရသော အချိန်ကာလလည်း ဖြစ်သည်၊ တကယ်တမ်း ၎င်း သွားရောက်ခဲ့သည့် ဗီယက်နမ် အပါအဝင် နိုင်ငံ ၇ နိုင်ငံတွင် အိန္ဒိယ မှ လွဲ၍ ဒီမိုကရေစီ ဟူ၍ မူးလို့ပင် ရှူစရာ မရှိသည့် နိုင်ငံများသာ ဖြစ်သည်။

 

မြန်မာသည် တရုတ် နှင့် ဗီယက်နမ် အကြား တည်ရှိနေသော တောင်တရုတ် ပင်လယ် အငြင်းပွားမှု တွင် တရုတ်ဖက်ကသာ ရပ်တည်သွားမည်ကို သိနေသော်လည်းမြန်မာနိုင်ငံရှိ ၎င်းတို့၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ (ဥပမာ- Mytel ဆက်သွယ်ရေးလုပ်ငန်း) နှင့် အကျိုးစီးပွားကို ကာကွယ်ရန် စစ်အုပ်စု နှင့် ပတ်သက်ဆက်နွှယ်မှုကို ဆက်လက်ထိန်းသိမ်းရမည့် သဘောရှိသည်။ ထို့အတွက် "တရားဝင်မှု မဝင်မှု ထက် လက်တွေ့မြေပြင် အမှန်တရား (Reality)" ကို ပိုမိုအခြေခံ၍ စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံမှုကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၏ တိုးတက်လာနေသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ (supply chains) ကြောင့် ၎င်းသည် ပို့ကုန်ကဏ္ဍတွင် ကျားကြီး အဆင့် မဟုတ်‌ တော့ဘဲ ထိပ်တန်းဘီလူးကြီးတကောင် ဖြစ်လာခဲ့သည်။ အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံအားလုံးထဲတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံဖြင့် အကြီးမားဆုံး ကုန်သွယ်မှုပိုငွေ ပြသနိုင်ခဲ့သည်။

 

ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သော သမ္မတ တိုလမ်က အထိမ်းအမှတ်နေ့ မိန့်ခွန်းတွင် "စစ်ဘေးဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ နိုင်ငံကနေ၊ အခုအခါ ဗီယက်နမ်ဟာ ကမ္ဘာ့ဈေးကွက်ထဲကို အလားအလာကောင်းကောင်းနဲ့ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းဝင်ရောက်သွားနိုင်တဲ့ ဖွံ့ဖြိုးတက်ကြွတဲ့ စီးပွားရေးနိုင်ငံတခုအဖြစ် ပြောင်းလဲလာခဲ့ပါပြီ။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်တွေမှာလည်း မရှိမဖြစ် အရေးပါတဲ့ အချိတ်အဆက်တစ်ခု ဖြစ်လာခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

 

ထိုသို့သော သမ္မတ တိုလမ် နှင့် သွားရောက် တွေ့ဆုံမည့် မင်းအောင်လှိုင်၏ အဖြစ်သည် ကော်ဇော်နီ ပေါ် လျှောက်နေရင်းက မည်မျှ လောက် သိမ်ငယ် နေရှာမည့် အဖြစ်ကို စဉ်းစားကြည့်လျင် သိနိုင်ပေသည်။ တိုလမ်သည် ဥပဒေသိပ္ပံ အထူးပြု ဖြင့် ဒေါက်တာဘွဲ့၊ အဆင့်မြင့် နိုင်ငံရေးသီအိုရီ ဒီပလိုမာဘွဲ့ ကို ရရှိထားသူ ဖြစ်နေပြန်သည်။

 

၎င်း ရောက်သွားမည့် အချိန်တွင် မြို့ အတော်များများ၌ စီမံကိန်း များ အတွက် ပန္နက်တင် အခမ်းအနားများ လုပ်ရန်‌ တူးဆွ နေကြချိန်လည်း ဖြစ်သည်။

 

ထို အထဲတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုဌာန တည်ဆောက်နေသည့် ဒါနန်းမြို့ ၊ တရုတ်နိုင်ငံနှင့် ဆက်သွယ်ထားသည့် ဟိုင်ဖုံ ဆိပ်ကမ်းကြီး တည်ရှိရာ ကွမ်နင်းပြည်နယ် နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ စိုက်ပျိုးရေးမြို့များဖြစ်သော ကန်သိုနှင့် ကာမော မြို့များ လည်း ပါဝင်သည်။

 

ဗီယက်နမ်သည် တနိုင်ငံလုံး၏ ထုတ်ကုန် တန်ဖိုး၏ ၈.၂ ရာနှုန်းကို သုံး၍ လျပ်စစ်ဓါတ်အား၊ လေဆိပ်များ နှင့် ကုန်းလမ်း ပို့ဆောင်ရေး ကဏ္ဍများ တွင် သုံးစွဲသွားမည် ဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် စီမံကိန်းပေါင်း ၂၃၄ ခုကို စတင်အကောင်အထည်ဖော်ရန်အတွက် လွန်ခဲ့သော ဒီဇင်ဘာလကလည်း ယခုကဲ့သို့ ကြေညာချက်တရပ်ကို ထုတ်ပြန်ထားခဲ့သည်။

 

အခြေခံအဆောက်အအုံ ပိုင်းတွင် ရှိ နေသည့် ကွာဟချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်း၏ ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှု သုညဖြစ်စေရေး ရည်မှန်းချက်များ အောင်မြင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး၊ ကုန်သွယ်မှုကို မှီခိုနေရသော စီးပွားရေးစနစ်အား တကမ္ဘာလုံး ထိခိုက်လှုပ်ခတ်လာနိုင်မှုများအပေါ် ခံနိုင်ရည်စွမ်းအား ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်။

 

မင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်သည် ၎င်းတို့ အတွက် သံတမန်ရေးရာ ထွက်ပေါက်နှင့် စီးပွားရေးအရ အသက်ရှူချောင်လို ချောင်ငြား ရှာဖွေခြင်းဖြစ်သော်လည်း၊ နိုင်ငံတကာက ကန့်ကွက်နေသည့် မြန်မာ့အကျပ်အတည်းကို စစ်မှန်စွာ ဖြေရှင်းနိုင်မည့် လမ်းစထက် နှစ်နိုင်ငံ အုပ်ချုပ်သူအချင်းချင်း ကြားက ကိုယ့်အကျိုးစီးပွားကိုယ် ကာကွယ်ရေး လက်တွေ့နိုင်ငံရေးဆန်ဆန် ဆက်ဆံမှု သာ ဖြစ်သည်ဟု သုံးသပ်နိုင် ပေသည်။@

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

(၂၀၂၆ စက်တင်ဘာ ၂ ရက်နေ့ ထုတ် နီကီ အေးရှားတွင် ပါရှိသော Vietnam launches infrastructure spree to mark independence ဆောင်းပါးမှ အချက်အလက်များ အား ကိုးကားသည်။