ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(38)

by Hla Soewai - Sep 07 2026

ရှေးရိုးစွဲအင်အားစုများသည် ၁၉၉၂ ခုနှစ်ရောက်သည့်အခါ မူဝါဒပိုင်းတွင် ၎င်းတို့ အပေါ် ယုံကြည်ကိုးစားစရာ လုံးဝမကျန်တော့ ဆိုသည်ကို သဘောပေါက်လာကြ၍ မည်သည့်ခုခံမှုကိုမျှ မလုပ်ဆောင်နိုင်ခဲ့ကြ တော့ပေ။ ၎င်းတို့၏ နောက်ပြန်ဆွဲသော စီးပွားရေးမူဝါဒများသည် ၁၉၇၉ ခုနှစ်ကတည်းက တွက်ချက်မည် ဆိုက အဆိုးရွားဆုံး နှစ်နှစ်တာ စီးပွားရေး ဆုတ်ယုတ်မှု ဖြစ်ပေါ်စေခဲ့သည်။ ပါတီ၏ စံနမူနာဖြစ်သော ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပျက်စီးသွားခြင်းက မူလရှိရင်းစွဲ ကွန်မြူနစ်ဝါဒ၏ အတွေးအခေါ်ပိုင်းဆိုင်ရာ ဒေဝါလီခံမှုကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ 

 

ကွန်မြူနစ်ဝါဒကို အလျှော့မပေးဘဲ ပြင်းပြင်းထန်ထန် ရန်လိုလာနေသည့် ပြောင်းလဲသွားသော ကမ္ဘာကြီးထဲတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) အာဏာဆက်လက်တည်မြဲစေရန် တိန့် ရှောင်ဖိန် က မဟာဗျူဟာတရပ်ကို ချမှတ်ထားခဲ့သော်လည်း ရှေးရိုးစွဲ စိတ်မာခက်ထန်သည့် အင်အားစုများတွင်မူ အစားထိုး ရွေးချယ်စရာလမ်းစဉ် ဟူ၍ လုံးဝမရှိခဲ့ပေ။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် တိန့်‌ ရှောင် ဖိန်၏ တိုက်တွန်းချက်သည်လည်း လူထုထံတွင် ထပ်ဆင့်ပဲ့တင်သံ ရိုက်ခတ်နိုင်ခဲ့သည်။ ဤလမ်းစဉ်အစား အခြားရွေးချယ်စရာတခုဖြစ်သည့် ဗဟိုချုပ်ကိုင်သည့် စီးပွားရေးနှင့် အာဏာရှင်ဆန်ဆန် လူမှုရေးထိန်းချုပ်မှုများဆီသို့ ပြန်သွားရန်မှာ မော်ဝါဒ၏ မှောင်မိုက်သောခေတ်ကို ယခုတိုင် အမှတ်ရနေဆဲဖြစ်သော လူထုအတွက် လုံးဝဆွဲဆောင်မှုရှိပုံမပေါ်ခဲ့ပေ။

 

အခြားရွေးချယ်စရာတခုဖြစ်သော နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးခြင်းနှင့်အတူ စီးပွားရေးခေတ်မီအောင် တည်ဆောက်ခြင်းမှာလည်း လက်တွေ့မကျခဲ့ပေ။ တီယန်မင် အကြမ်းဖက်ဖြိုခွင်းမှုသည် အစကတည်းက အားနည်းပြီးဖြစ်သော ဒီမိုကရေစီလိုလားသည့် အင်အားစုများအပေါ် အပြင်းအထန် ထိုး နှက်နိုင်ခဲ့သည်။

 

ထိပ်တန်းဦးဆောင်မှုအဆင့်တွင် ၎င်းတို့ နောက်မှ အားပေးခဲ့သူဖြစ်သော ကျောက်ကျိယန် မှာလည်း ရာထူးမှ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရပြီးဖြစ်သည်။ ထင်ရှားသော လစ်ဘရယ် အသိဉာဏ်ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများသည်လည်း ပြည်နှင်ဒဏ်ခံရခြင်း သို့မဟုတ် ထောင်ချခံရခြင်းတို့နှင့် ကြုံတွေ့ခဲ့ကြရသည်။ တီယန်မင် ဖြိုခွင်းမှုအပြီးတွင် ချမှတ်ခဲ့သော နိုင်ငံရေးထိန်းချုပ်မှုများက နိုင်ငံရေးအပြောင်းအလဲအတွက် ထောက်ခံပြောဆိုခွင့်ရမည့် လူထုအတွက် ကွက်လပ် မှန်သမျှကို လုံးဝ ပယ်ဖျက်ပစ်ခဲ့လေသည်။

 

ဤကဲ့သို့သော အခြေအနေများအောက်တွင် အာဏာရှင်ဆန်ဆန် ဦးဆောင်သော လမ်းကြောင်း က လူတိုင်းအတွက် တစုံတရာကို ပေးစွမ်းနိုင်လိမ့်မည်ဟု အထင် ရောက်စေခဲ့သည်။ တပါတီအာဏာရှင် စနစ်ကို ဆက်လက်ထိန်းသိမ်းရန် အခိုင်အမာ ဆုံးဖြတ်ထားသူများအတွက်မူ ဤရှင်သန်ရပ်တည်ရေး မဟာဗျူဟာသည် အတွေ့အကြုံအရ အသင့်လျော်ဆုံးနှင့် အလားအလာအကောင်းဆုံး ဖြစ်ခဲ့သည်။ 

 

တပါတီအာဏာရှင်စနစ်ကို ပြုပြင်ပြောင်းလဲလိုကြသူများဖဖက်က စီးပွားရေးအရ ခေတ်မီတိုးတက်အောင် လုပ်ဆောင်ခြင်းသည် အာဏာရှင်စနစ်မှ လွတ်‌ မြောက်ရန် သို့မဟုတ် ဒီမိုကရေစီစနစ် ကူးပြောင်းရန်အတွက် လှည့်ပတ်လုပ်ဆောင်ရမည့် နည်းလမ်းတခု ဖြစ်လာနိုင်ပေသည်။

 

 ဝယ်ယူနိုင်စွမ်းအား တန်းတူညီမျှမှု purchasing power parity (PPP) ) အရ တဦးချင်းဝင်ငွေ ၁,၂၆၂ ဒေါ်လာသာ ရှိခဲ့သည့် ၁၉၉၂ ခုနှစ်က တရုတ်ပြည်သူအများစုအတွက်မူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားလုပ်ဆောင်နေသော အုပ်ချုပ်ရေးစနစ်သည် ထိုသို့ လုပ်ရန် မရည်ရွယ်သော စနစ်တခုထက် အများကြီး ပိုမိုကောင်းမွန်သည်ဟု ထင်မြင်စရာ ဖြစ်လာခဲ့သည်။

 

နောက်ဆုံးအနေဖြင့် ဆိုဗီယက် ပြိုကွဲမှု ကြောင့် သာမန် တရုတ်ပြည်သူတို့၏ အစိုးရအပေါ် အမြင်သဘောထားများ မည်သို့ ရှိလာသည်ကို တိုင်းတာရန် ခက်ခဲသော်လည်း ကြီးမားသော သက်ရောက်မှု တစုံတရာ ရှိခဲ့သည်က အမှန်ပင် ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော မငြိမ်မသက်မှုများ အကြောင်း တရုတ်အစိုးရ၏ တရားဝင် ဝါဒဖြန့်ချိမှုများတွင် ကမ္ဘာပျက်မတတ် ဆိုးရွားလှသည့် ပုံစံမျိုးဖြင့် ပုံဖော်ပြသခဲ့ရာ၊ ယဉ်ကျေးမှု တော်လှန်ရေး၏ မငြိမ်မသက်မှုများကို အမှတ်တရ ရှိနေဆဲဖြစ်ကြသော သာမန် တရုတ်ပြည်သူ တို့အဖို့ ဆိုဗီယက် ပြိုကွဲသကဲ့သို့သော ကြီးမားသည့် ဘေးဥပဒ်ဆိုးမျိုး ကျရောက်လာစေနိုင်သည့် ပြောင်းလဲမှုများထက် တည်ငြိမ်အေးချမ်းမှုနှင့် စည်းစနစ်ကျမှုကိုသာ ပိုမိုနှစ်သက်လာခဲ့ကြသည်။ 

 

အမှန်စင်စစ် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ပြုလုပ်ခဲ့သော လူထုဆန္ဒစစ်တမ်းများအရ တရုတ်ကွန်မြူနစ်ပါတီ (CCP) အပေါ် ထောက်ခံမှုနှုန်းမှာ အံ့သြစရာကောင်းလောက်အောင် မြင့်မားနေသည်ကို တွေ့ရှိရသည်။ ပါတီ၏ စီးပွားရေး စွမ်းဆောင်ရည် အပေါ် ကျေနပ်လာခဲ့ကြသည့် အပြင် ထောက်ခံမှုရရှိရသည့် အဓိက အကြောင်းရင်း တရပ်မှာ လူမှုရေး မငြိမ်မသက်ဖြစ်မည်ကို စိုးရွံ့ကြောက်ရွံ့ခြင်းပင် ဖြစ်ပေသည်။

 

တောင်ပိုင်းခရီးစဉ်ဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီးနောက် တိန့် ရှောင်ဖိန် သည် သူ၏ အာဏာရှင်ဆန်ဆန် ရှင်သန်ရပ်တည်ရေး မဟာဗျူဟာကို မမှိတ်မသုံ အကောင်အထည်ဖော်နိုင်ရန်အတွက် ပါတီ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ချက်ချင်းပင် ပြန်လည် နေရာချထားခဲ့သည်။ 

 

ချန်ယွန်းသည် တိန့် ရှောင်ဖိန်၏ မူဝါဒကို ကန့်ကွက် နေမှုကို အများအားဖြင့် စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ ဤသည်ကလည်း တစိတ်တပိုင်းအားဖြင့် ကျန်းမာရေးမကောင်းခြင်းကြောင့်ဖြစ်နိုင်‌ ပေသည်။ တိန့် ရှောင်ဖိန်သည် ၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် ပါတီညီလာခံ၌ ထိပ်တန်းခေါင်းဆောင်များကို ရွေးချယ်ရာတွင် ၎င်း စိတ်ကြိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် အပြည့်အဝနီးပါး ရရှိခဲ့သည်။ ညီလာခံတွင် ရွေးချယ်ခဲ့သော ထိပ်တန်းခေါင်းဆောင်ပိုင်း၏ ဖွဲ့စည်းပုံ ကို ကြည့်မည် ဆိုလျှင် တိန့် ရှောင် ဖိန်သည် နိုင်ငံရေးအရ အကြွင်းမဲ့ အောင်ပွဲခံနိုင်ခဲ့သည်ဟု ပြော၍ ရပေသည်။ 

 

ဗဟိုကော်မတီတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် တာဝန်ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သည့် တတ်သိပညာရှင် အများအပြား ပါဝင်လာခဲ့သည်။ အမြဲတမ်းကော်မတီ အဖွဲ့ဝင် ခုနစ်ဦးအနက် တိန့် ရှောင် ဖိန်သည် အထွေထွေအတွင်းရေးမှူး ကျန်ဇီမင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ကျူရန် ဂျီ နှင့် ကျန်ဇီမင်း၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ပေးခဲ့သော လူသစ်တန်းမှ ဟူကျင်‌ တောင်း တို့ အပါအဝင် ခြောက်ဦးကို အပြည့်အဝ အားကိုးနိုင်ခဲ့သည်။ အမြဲတမ်းကော်မတီ တွင် တဦးတည်း ကျန်နေသော ရှေးရိုးစွဲဝါဒီမှာ ဝန်ကြီးချုပ် လီပင်း ဖြစ်သည်။

 

ထိုစဉ်က အသက် ၅၀ အရွယ်ရှိ ဟူကျင် တောင်း အား ကျန်ဇီမင်း၏ ဆက်ခံသူအဖြစ် တိန့် ရှောင်ဖိန် က ရွေးချယ်ခန့်အပ်ခဲ့ခြင်းသည် ၂၀၀၂ ခုနှစ်တွင် ကျန်ဇီမင်း ပါတီဥက္ကဋ္ဌ တာဝန် နှစ်ဆက်မြောက် သက်တမ်းကုန်ဆုံးသွားပြီးနောက် ဆက်ခံရေးအတွက် အာဏာလုပွဲများ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ ထိုသို့သော အာဏာလုပွဲမျိုးသည် တည်ငြိမ်မှုကို ပျက်ပြားစေရုံသာမက တိန့် ရှောင်ဖိန် ၏ သမိုင်းဝင် အမွေအနှစ်များကို ခြိမ်းခြောက်နိုင်စွမ်းရှိသော ခေါင်းဆောင်တဦး ထိပ်ဆုံးသို့ ရောက်ရှိလာစေရန် ဖြစ်လာနိုင်ချေ အလွန်များပေသည်။ 

 

ထင်ရှားသော လုပ်ဆောင်ချက် မှတ်တမ်းကောင်း မရှိလှသည့် ပါတီဗျူရိုကရက် တဦးဖြစ်သော ဟူကျင်တောင်းကို တိန့် ရှောင်ဖိန်က အဘယ် ကြောင့် ရွေးချယ်ခဲ့သည် ကိုမူယခုတိုင် ပဟေဠိဆန်ဆန် ရှိနေဆဲဖြစ်သည်။ ဟူကျင်းတောင်သည် အသက်အားဖြင့် နှစ်ပေါင်းလေးဆယ်ခန့် ငယ်ရွယ်ပြီး တိန့် ရှောင်ဖိန် ၏ လက်အောက်တွင် တိုက်ရိုက် လုပ်ကိုင်ခဲ့ဖူးခြင်းမရှိသောကြောင့် ၎င်းတို့နှစ်ဦး ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးကျွမ်းဝင်မှု မရှိသလောက်ပင် ဖြစ်သည်။ 

 

ထို့ကြောင့် တိန် ရှောင်ဖိန် အနေဖြင့် ဟူကျင်းတောင်ကို တောက်လျှောက် ပံ့ပိုးပေးလာခဲ့သူဖြစ်ပြီး ရှေးရိုးစွဲဝါဒီနှင့် ပါတီအမြဲတမ်းကော်မတီဝင် (၁၉၈၉-၁၉၉၂) တဦးဖြစ်သော ရင်းနှီးသည့် မိတ်ဆွေ စုန်ပင်း ၏ အကြံပြုချက်ကို အဓိက အားကိုးခဲ့ဖွယ်ရှိသည်။

 

ထို့အပြင် တိဘက်ပြည်တွင် ၁၉၈၉ ခုနှစ် မတ်လအတွင်းက (ထိုနှစ် နွေဦးပေါက် အရေးအခင်း မတိုင်မီ လအနည်းငယ်အလိုက) ပါတီအကြီးအကဲအနေဖြင့် စစ်ဥပဒေထုတ်ပြန်ကာ တိဘက်လူမျိုးတို့၏ ဆန္ဒပြမှုများကို ရက်စက်စွာ နှိမ်နင်းခဲ့ခြင်းကြောင့် ပါတီအပေါ် ဟူကျင်းတောင်၏ သစ္စာရှိမှုကို တိန့် ရှောင်ဖိန်က စိတ်ချလက်ချ ရှိလာခဲခြင်းလည်း ဖြစ်ပေမည်။ တချိန်တည်းမှာပင် ဟူကျင်းတောင်သည် စျေးကွက်ကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများကို မည်သည့်အခါကမျှ ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း မရှိပေ။ ဤကဲ့သို့သော အခြေအနေများအောက်တွင် ဟူကျင်းတောင်သည် အနာဂတ်ခေါင်းဆောင်တဦး ဖြစ်ရန် အလွန်တရာ အန္တရာယ်ကင်းပြီး စိတ်ချရဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပုံရပေသည်။