ဘကြီးတော်မင်း၏ အာဏာကုန် လွှဲအပ်ထားခြင်း ခံရသူသည် စိတ်ဓါတ် မာကျောပြီး ဇွဲမလျှော့သော စေ့စပ်ညှိနှိုင်းသူတဦးဖြစ်ရကာ နယ်မြေကိစ္စနှင့် ပတ်သက်လာလျှင် ပို၍ပင် အပြောအဆိုကောင်းမွန်စွာ ရှင်းလင်းပြောဆိုခဲ့သည်ဟု စနော့ဂရပ်စ်က ယခုလို မှတ်တမ်း တင် ခဲ့သည်—
“ရခိုင်ကို လက်လွှတ်ပေးရန် ကျွန်ုပ်တို့ တွန့်ဆုတ်နေကြခြင်းမှာ ထိုဒေသ၏ တန်ဖိုးကြောင့် မဟုတ်ပါ။ ရခိုင်ကို ဆက်လက်ပိုင်ဆိုင် ထားခြင်းသည် တနည်းတဖုံအားဖြင့် နိုင်ငံ တော် ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။
ပြည်သူများသည် ရခိုင်ကို အောင်နိုင်သိမ်းပိုက်ခဲ့ခြင်းအပေါ် ယနေ့တိုင် ဂုဏ်ယူဝမ်းမြောက်စွာ အမှတ်ရနေကြပါသည်။ ထို့ကြောင့် ရခိုင်ကို လက်လွှတ်ပေးလိုက်ခြင်းသည် ရခိုင်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော ကျွန်ုပ်တို့၏ ဘိုးဘွားများ၏ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို လုယူခံရ သကဲ့သို့ ပြည်သူများက ယူဆကြမည် ဖြစ်ပါသည်။
ရခိုင်သည် ကျွန်ုပ်တို့၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ရှိလာခဲ့ပါသည်။ ရခိုင်၏ မူလမင်းများသည်လည်း ကျွန်ုပ်တို့၏ မြို့တော်တွင် သက်သောင့်သက်သာနှင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်ကြပါသည်။ ထို့အပြင် ရခိုင်မှရရှိသော ဝင်ငွေတစ်ရပ်လုံးသည်ပင် ထိုပြည်နယ်ကို ထိန်းသိမ်းအုပ်ချုပ်ရန် ကုန်ကျသည့် စရိတ်ကို မလောက်ငှပါ။
သို့သော်လည်း ကျွန်ုပ်တို့အနေဖြင့် ရခိုင်ပြည်နယ်ကို ဆက်လက်ပိုင်ဆိုင်ထားလိုပါသည်။ ထို့ကြောင့် ရခိုင်အစား အခြားတစုံတရာကို တောင်းဆိုပေးစေလိုပါသည်။
ကာဆေး ခေါ် မဏိပူရ နှင့် ပတ်သက်၍မူ ထိုဒေသသည် မြေဩဇာမရှိသော သဲကန္တာရဆန်သည့် နေရာတခုဖြစ်ပြီး ကျွန်ုပ်တို့အတွက်လည်း အသုံးဝင်မှု သိပ်မရှိပါ။
ကျွန်ုပ်တို့၏ ဘုရင်သည် ထိုဒေသ၏ တရားဝင်ရာဇာမင်းက မိမိ၏ လက်အောက်ခံအဖြစ် အကာအကွယ်ပေးရန် တောင်းခံလာသောကြောင့် ထိုရာဇာမင်းကို ဆန့်ကျင် နေသည့် အုပ်စုတစုရန် မှ ကာကွယ်ပေးရန် စစ်တပ်များကို စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ တပ်များက မဏိပူရ မှ ပုန်ကန်သူများကို နှင်ထုတ်ခဲ့ပြီး ယခုအခါ ရာဇာမင်းသည် အင်းဝတွင် နေထိုင်နေပါသည်။
ထို့ကြောင့် ကာဆေး၏ တရားဝင်မင်းသားမှာ ဂမ်ဘီယာဆင်း မဟုတ်ဘဲ ထိုရာဇာမင်းပင် ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့၏ နန်းတော်တွင် နေထိုင်ခြင်းကို ပိုမိုနှစ်သက်ပါသည်။
အကယ်၍ သင်တို့အနေဖြင့် သူ၏ နိုင်ငံကို လွတ်လပ်သော နိုင်ငံတခုအဖြစ် ထားရှိလိုပါက၊ ဘုရင်အဖြစ် ခန့်အပ်သင့်သူမှာလည်း ထိုရာဇာမင်းပင် ဖြစ်ပါသည်။”
သုံးရက်တိုင်တိုင် စကားစစ်ထိုး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက် မြန်မာသံတမန်များသည် စစ်တိုက်သကဲ့သို့ပင် နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် ငွေကြေးဆိုင်ရာ လွတ်လပ်မှုကို အလျှော့မပေးဘဲ ကာကွယ်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့အနေဖြင့် မိမိတို့အပေါ် အတင်းအကျပ် ပုံချလာသော စည်းကမ်းချက်များကို လက်ခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ငွေပေးချေရန် အချိန်ဆွဲပေးခြင်းမှာ ၎င်းတို့ ရရှိခဲ့သည့် တခုတည်းသော အလျှော့ပေးမှုပင် ဖြစ်သည်။ ဗြိတိသျှစစ်သူကြီး ကမ်းဘဲလ် က လျော်ကြေးငွေ၏ လေးပုံတပုံဖြစ်သော ပေါင် ၂၅၀,၀၀၀ ကို ပေးချေသည်နှင့် တစ်ပြိုင်နက် မိမိ၏ တပ်များ ရန်ကုန်မြို့သို့ ချက်ချင်း ပြန်လည်ဆုတ်ခွာပေးမည်ဟု သဘောတူညီခဲ့သည်။ ဘကြီးတော်ဘုရင်၏ အတည်ပြုချက် ရယူရန်၊ ငွေကြေးလွှဲပြောင်းပေးအပ်ရန်နှင့် အကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးရန်အတွက် ရက်ပေါင်း ၁၅ ရက် အချိန်ပေးရန် သတ်မှတ်ခဲ့သည်။
နယ်မြေလွှဲပြောင်းပေးထားသော ဒေသများမှအပ ကျန်ဗြိတိသျှတပ်များသည် ရက်ပေါင်းတရာအတွင်း နောက်တကြိမ်အရစ်ကျ ငွေပေးချေမှု ပြုလုပ်ပြီးသည်နှင့် မြန်မာနိုင်ငံမှ လုံးဝ ရုပ်သိမ်းထွက်ခွာသွားမည် ဖြစ်သည်။
နောက်ဆုံးတွင် ဘုရင်မင်းမြတ်အနေဖြင့် ကုန်သွယ်ရေးစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးရန်၊ အင်းဝမြို့တော်တွင် ဗြိတိသျှသံအမတ်တဦးကို လက်ခံရန်နှင့် မြန်မာဖက်ကလည်း ကလာကတ္တားမြို့သည် ကိုလိုနီနယ်မြေ သက်သက်သာဖြစ်၍ ဗြိတိသျှ ထီးနန်း စိုက်ရာ စိန့်ဂျိမ်းစ် (St. James) နန်းတော်သို့ သာ သံတမန် စေလွှတ်မည်ဟု အတင်းအကျပ် တောင်းဆိုခဲ့ သော်လည်း စစ်ရေးအရ အသာစီးရထားသည့် ဗြိတိသျှတို့က ကာလကတ္တား ကိုသာ သံစေလွှတ်ဖို့ ဖိအားပေးခဲ့ကြ၍ နောက်ဆုံးတွင် သဘောတူ လက်ခံ လိုက်ရသည်။
ဤသို့ဖြင့် ဗြိတိသျှတို့သည် စစ်ရေးအရ အသာစီးရယူမှုကို ဦးစွာတည်ဆောက်ခဲ့ပြီးနောက် နောက်ထပ် စစ်ရေးအကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟူသော သွယ်ဝိုက်သည့် ခြိမ်းခြောက်မှုအောက်မှပင် ညှိနှိုင်းဆွေးနွေးမှုများဖြင့် အင်ပါယာနယ်မြေကို ချဲ့ထွင်ခဲ့ကြသည်။
ကျေအေးခွင့်ပြုထားသည့် ဆိုင်းငံ့ကာလ မှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ နောင်လာမည့် နှစ်ပတ်အတွင်း နှစ်ဖက်တပ်များအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုများရှိလာခဲ့သည်။ ထို့အတွက် ကျူးကျော်ဝင်ရောက်လာကြသူများ၏ ခက်ခဲကြမ်းတမ်းလှသော ဘဝအတွက် အမောပြေစရာ သက်သာရာရမှုအချို့ကို ဖြစ်စေခဲ့ပြီး မြန်မာလူမျိုးများသည် လူရိုင်းများမဟုတ်ကြဘဲ အချို့သော အနေအထားများတွင် ၎င်းတို့ ထက်ပင် ပိုမိုယဉ်ကျေးသိမ်မွေ့နေကြသည်ကို တွေ့ရှိရသဖြင့် ဗြိတိသျှတို့ အံ့သြသွားခဲ့ကြရသည်။
ထို့နောက်တွင် စိတ်ပျက်ဖွယ်ရာ အခြေအနေတခု ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ညဘက်များတွင် ရန်သူဘက်က စစ်ပွဲ ပြန်လည်စတင်ခြင်းမှလွဲ၍ သဘောတူညီချက်အရ ဆုံးရှူံးစရာ သာ ရှိတော့သည်ကို ကောင်းကောင်းသိနေကြသဖြင့် ခံစစ်များကို တိုးမြှင့်ပြင်ဆင်ရန် အပြင်းအထန် ကြိုးပမ်းလာကြသည်ကို တွေ့ရှိခဲ့ရသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကမ်းဘဲလ် က ဆိုးဆိုးဝါးဝါးအလိမ်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ရန်သူ့သံတမန်များက အင်းဝမှနေ၍ အတည်ပြုချက်လည်း ရောက်မလာသေးကြောင်း၊ ငွေကြေး သို့မဟုတ် အကျဉ်းသားများလည်း ပါမလာသေးကြောင်း လာရောက်အကြောင်းကြားခဲ့သောကြောင့်ပင်တည်း။
ယင်းအစား ၎င်းတို့က ပထမအရစ် ငွေပေးချေမှု ပေါင် ၂၅၀,၀၀၀ ထက် လျော့ ပြီး ပေးမည့် ပမာဏကို လက်ခံရန် ကမ်းလှမ်းခဲ့ကြပြီး ဤသည်ကိုလည်း ဗြိတိသျှတို့အနေဖြင့် ပြည်မြို့သို့ ပြန်ဆုတ်သွားမှသာလျှင် ပေးမည်ဟု ဆိုခဲ့ကြသည်။ ကမ်းဘဲလ်က ဤကမ်းလှမ်းမှုကို လုံးဝ လက်မခံဘဲ ပယ်ချခဲ့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် မင်းလှမှ အင်းဝဘက်သို့ ၃၆ နာရီအတွင်း ဆုတ်ခွာသွားမည်ဆိုပါက ဗြိတိသျှတို့ဘက်ကလည်း စာချုပ်ပါ စည်းကမ်းချက်များကိုသာ လိုက်နာဆောင်ရွက်မည် ဖြစ်ပြီး အင်းဝသို့ ချီတက်မှုကို ချက်ချင်း ရပ်ဆဲပေးမည်ဟု အဆိုပြုခဲ့သည်။
၎င်း၏ အဆိုပြုချက်ကို မြန်မာဖက်က ချက်ချင်းပင် ပယ်ချလိုက်သောအခါ ကမ်းဘဲလ် သည် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းလိုက်ပြီး ထိုနေ့ (၁၈၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်) သန်းခေါင်ယံအချိန်မှစ၍ စစ်ပွဲကို ပြန်လည်ဆင်နွှဲမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ သူသည် ယခုတကြိမ်တွင် ရန်သူကို အချိန်ဆွဲမနေဘဲ အမြန်ဆုံး အပြတ်ရှင်းရန် ဆုံးဖြတ်ခဲ့သည်။
မိုးလင်းသည်မှစ၍ လက်နက်ကြီး အားလုံးအပါအဝင် စုစုပေါင်း လက်နက် ၂၈ လက်လုံးဖြင့် ရန်သူ့ခံစစ်များကို ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက ဘက်နှစ်ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
ရန်သူတို့သည် ယခုအခါတွင် တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ပုံ ရသည်။ ဘကြီးတော်၏ ဘဏ္ဍာတိုက်မှာ ယခုအခါ ရွှေကျောင်း ပြောင်ပြောင် ဝမ်း ခေါင်ခေါင် ဖြစ်နေပြီး လျော်ကြေးငွေ၏ ပထမအရစ်ကိုပင် ပေးဆောင်ရန် ငွေမရှိ တော့ ဆိုသည့် သတင်း ပေါက်ကြားသွားခဲ့ခြင်းကြောင့်လည်း ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အလွန်တရာ တိုတောင်းသော အချိန်အတွင်းမှာပင် ဗြိတိသျှတို့သည် ၎င်းတို့ဖက်မှ အကျအဆုံး လူ ၄၀ သာ ရှိခဲ့ပြီး ရန်သူ စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြပြီး ရန်သူများကို အကျအဆုံးကြီးစွာဖြင့် မောင်းထုတ်နိုင်ခဲ့ပြီး အမြောက်များနှင့် ရိက္ခာပစ္စည်းအားလုံးကို သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးအစည်းအဝေးတွင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်ခဲ့သည့် အတိုင်း အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာစလုံးဖြင့် ရေးထိုးထားသော စာချုပ်မူရင်းများကို ပါဝင်ခဲ့သော မြေဒူး မင်းသား ၏ အိမ်တွင် တွေ့ရှိခဲ့ရကြောင်း သတင်းပို့လာသည့်အခါ စစ်ရေးကို ပြန်လည်စတင်ခဲ့ခြင်းမှာ လုံးဝမှန်ကန်ကြောင်း ကမ်ဘဲလ် က သိလိုက်ရသည်။ မင်းသား၏အိမ်မှ ရူပီးငွေ ၄၀,၀၀၀ (ပေါင် ၄,၀၀၀ ခန့်) ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ကမ်းဘဲလ်သည် ဗြိတိသျှတို့ အတည်ပြုလက်မှတ် မရေးထိုးရသေးသော စာချုပ်နှင့်အတူ၊ သိမ်းဆည်းရလာသည့် စာချုပ်စာတမ်းများကို မြန်မာတို့နောက်သို့ လိုက်ပေးရန် သံတမန်တဦးကို အမြန် စေလွှတ်ခဲ့သည်။ စာချုပ်စာတမ်းများမှာ ၎င်းတို့၏ အစိုးရအတွက် ယခုအခါတွင် ပိုမိုအသုံးဝင်ကာ လက်ခံဖွယ်ရှိလိမ့်မည်ဖြစ်ကြောင်း လွှတ်တော် ဝန်ကြီး ထံသို့ စာရေးသားပေးပို့ခဲ့သည်။
ဝန်ကြီးကလည်း ယင်းအတွက် ကျေးဇူးတင်ရှိကြောင်း ယဉ်ကျေးစွာ ပြန်လည်ပြောကြားခဲ့သော်လည်း၊ အတော့်ကို အလောတကြီး ထွက်ခွာခဲ့ကြရစဉ်အတွင်း မေ့လျော့ကျန်ရစ်ခဲ့သည့် ငွေများကိုလည်း ဗြိတိသျှ ဗိုလ်ချုပ်ကြီးမှ ပြန်လည်ပေးအပ်မည့် အချိန်ကို စောင့်ဆိုင်းနေသည့် အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုညှိနှိုင်းဆွေးနွေးပွဲများတွင် တက်ရောက်ခဲ့ကြသည့် ဗြိတိသျှအရာရှိအားလုံးကမူ မြန်မာသံအမတ်ကြီးများသည် ထိုနေရာ၊ ထိုအချိန်မှာပင် စာချုပ်ချုပ်ဆို၍ စစ်ပွဲကို အဆုံးသတ်လိုစိတ် အမှန်တကယ် ရှိကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အာဏာစက်နယ်ပယ်ကို ကျော်လွန် လုပ်ဆောင်မိခဲ့ခြင်းကြောင့် ဖြစ်ပေမည်၊ သို့တည်းမဟုတ် ဘုရင်ကိုယ်တိုင်က နောက်တွန့်သွားကာ စာရွက်စာတမ်းများကို လက်မှတ်မထိုးဘဲ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့်လည်း ဖြစ်ပေမည်။
နောင်ထပ်ရရှိသည့် သတင်းများအရ ဘကြီးတော်မင်းတရားသည် ဗြိတိသျှတို့၏ အဆိုပြုချက်များကို ကြားသိရသောအခါ အလွန်အမင်း ဒေါသထွက်တော်မူခဲ့ပြီး သတင်းပေးပို့လာသည့် တမန်တော်ကို လှံဖြင့် ထိုးခဲ့ကာ စစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန် အမိန့်စာများ ထပ်မံပေးပို့ခဲ့သည်ဟု ဆိုသည်။