မင်းအောင်လှိုင်၏ ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သော နိုင်ငံခြားခရီးစဉ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိပ်တိုက်တွေ့မှုများသည် အင်အားကြီးမားမှုကို ပြသသည့် မဟာဗျူဟာထက် “အင်အားရှိသယောင် ဟန်ပြခြင်း” (bravado) ပို၍ဖြစ်နိုင်သည် ဟူ၍ ဦး ဂျိမ်း ရွှေက DVB တွင် ယခုလို သုံးသပ်ထားသည်။
စစ်အုပ်စု အားနည်းလာနေသည်ဟူသော အမြင်ကို ဖုံးကွယ်ရန် ရွေးကောက်ပွဲ၊ သမ္မတရာထူးနှင့် နိုင်ငံခြားခရီးစဉ်များကို အသုံးပြု လာနေသည်။
မင်းအောင်လှိုင် ဘာတွေ လုပ်နေသလဲ” ဆိုတာထက် “သူ့အနေနဲ့ အဘယ်ကြောင့် အင်အားကြီးကြောင်း ပြသဖို့ လိုအပ်နေရတာလဲ” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
ဆောင်းပါးရှင်၏ အရေးကြီးဆုံး ခွဲခြမ်းချက်မှာ Courage နှင့် Bravado ကို ခွဲခြားခြင်းဖြစ်သည်။
Courage ဆိုသည်က အန္တရာယ်ကို သိရှိနားလည်သော်လည်း မိမိယုံကြည်သည့် ရည်မှန်းချက်အတွက် တည်ငြိမ်စွာ လုပ်ဆောင်ခြင်း။
Bravado က အားနည်းချက် သို့မဟုတ် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ပရိသတ်ရှေ့တွင် မိမိကိုယ်ကို အင်အားကြီးသယောင် ပြသလိုခြင်း ဖြစ်သည်။
ထို့ကြောင့် မင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်များ၊ ASEAN အချက်ငါးချက်ကို ပယ်ချခြင်းနှင့် UN အစီရင်ခံစာ ကို တိုက်ခိုက်ခြင်းတို့သည် အမှန်တကယ် အင်အားရှိခြင်းထက် အင်အားရှိကြောင်း ပြသရန် လိုအပ်နေခြင်း၏ လက္ခဏာ များပင် ဖြစ်သည်။ ထိုသို့ပြသခြင်းသည်လည်း ၎င်းတို့ ပြောသမျှကို လူအများက ကိုယ်တိုင်မစစ်ဆေးဘဲ ယုံကြည်မည်ဟု ယူဆထားခြင်း အပေါ် အမြဲလို အခြေခံထား သည်ဟု ရေးသားထားသည်။
ယခုအခါ လင်မယား နှစ် ယောက် ဗီယက်နမ် သွားဖို့ ပြင်နေကြပြန်သည်။
ပြဿနာက ထိုသို့ ခရီးစဉ် များ လှည့်လည် နေခြင်းသည် မည်သို့မျှ အကျိုးထူး မလာသည်ကို ၎င်းတို့အား "ရွေးကောက်ပွဲ" တွင် အနိုင်ရထားသော်လည်း အာဏာကို ပုံအပ်ပေးထားရသည့် ကြံ့ခိုင်ရေး ပါတီ အတွင်း မကျေမနပ် ဖြစ်လာနေသည့် လက္ခဏာများ တွေ့လာရပြီး စက်တင်ဘာလ လယ်တွင် ကျင်းပရန် ရှိနေသည့် ပါတီ ညီလာခံ ကို ရုတ်ခြည်း ဆိုင်းငံ့လိုက်ရသည်ဟု မြန်မာ နောင်း က အတည်ပြု ခဲ့သည်။
မင်းအောင်လှိုင်သည် လက်ရှိ အနေအထားကို မကျေနပ်သေးဘဲ ကြံ့ခိုင်ရေး ကို အာဏာ ထပ်သိမ်းရန် ကြိုးစားလာ၍ မခံမရပ်နိုင် ဖြစ်လာကြ၍ ပါတီ ညီလာခံ ကို ဆိုင်းငံ့လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခင်ကလည်း စိုးဝင်းကို ဖယ်ထုတ်ပြီး ၎င်း၏ ငယ်ကျွန် ကြီးလို ဖြစ်နေသော ရဲဝင်းဦးအား ကာချုပ် ရာထူး ကို ပေးခဲ့သည်။
ကြံ့ခိုင် ရေးသည် စစ်တပ်၏ နိုင်ငံရေးအာဏာ ဆက်လက်တည်မြဲရေးအတွက် အသုံးပြု ခံနေရသည့် လက်ကိုင်တုတ် ပါတီ အဖြစ် ရပ်တည်နေလိုစိတ် မရှိတောပဲ ပုံမှန် နိုင်ငံရေး ပါတီ အဖြစ် တည်ဆောက်လိုလာသည်၊ ဤသည်ကို ရိပ်စား မိလာသော မင်းအောင်လှိုင်က လက်ရှိ ခေါင်းဆောင်ပိုင်း ကို ဖယ်ထုတ်ပြီး ဥက္ကဌ ရာထူး အထိ သိမ်းပိုက်ရန် ကြံစည် လာသော ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။
ထိုသို့ ဆိုလည်း ကြံ့ခိုင်ရေးသည် ဘာမှ မတတ်နိုင်၊ လိုက်လျောရမည်သာ ဖြစ်သည်။ "ရွေးကောက်ပွဲ" အပြီး ထွက်လာသည့် ဝန်ကြီးစာရင်းကို ကြည့်လိုက်ကတည်းက လူထု က သဘောပေါက်ပြီး ဖြစ်နေသည်။
၎င်းတို့ အနေဖြင့် မင်းအောင်လှိုင်အား ပြည်တွင်း တွင် လူထု ၏ ယုံကြည်မှု ရအောင် တည်ဆောက်နိုင်ရန် စီးပွားရေး ကို ဦးစားပေး လုပ်စေလိုသည်၊ ၎င်းသွားနေသည့် နိုင်ငံများကလည်း ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက အကျိုးလို၍ ညောင်ရေ လောင်း ဆက်ဆံနေကြသူများ ဖြစ်နေသည်။ ထိုအုပ်စု ကို အပြင်က မည်သည့် နိုင်ငံကမျှလည်း တိုးပြီး အသိအမှတ်ပြုမလာကြ။ သွားခဲ့သည့် နိုင်ငံများကလည်း မင်းအောင်လှိုင်က "သမ္မတ" ဖြစ်လာပြီ ဆိုကာ ၎င်းအား ဖိတ်ခေါ်ရမည်ဟု အတင်းအကျပ် တောင်းဆိုလာ၍ သာ လိုက်လျော ပေးနေခြင်းမျိုးသာ ဖြစ်သည်။ ထို့အတွက် လက်တွေ့ ကျသော အကျိုး ကျေးဇူးထက် ကော် ဇော်နီ အပေါ် လမ်း လျှောက်ဓါတ်ပုံရိုက် ထုတ်ပြနိုင်သည့် နိုင်ငံရေး အခင်းအကျင်း မျိုးသာ ဖြစ် နေသည်။
လက်ရှိတွင် မင်းအောင်လှိုင် အတွက် ပြဿနာက GDP တိုးတက်ဖို့ မဟုတ်ဘဲ အစိုးရအသုံးစရိတ်၊ နိုင်ငံခြားငွေ၊ သယံဇာတဝင်ငွေ၊ အုပ်ချုပ်ရေးယန္တရားများကို စီးပွားရေးဖွံ့ဖြိုးရေးထက် စစ်ရေးနှင့် အာဏာထိန်းသိမ်းရေး ဆိုသည့် incentive structure ဖြစ်နေသည်။ စီးပွားရေး ပိုင်းတွင် တိုးချဲ့ဖို့ထက် ရှင်သန် နိုင်ရေး ကိုသာ ဦးစားပေး နေရသည်။
ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများ နှင့် ဆက်သွယ်ပြီး ၎င်းတို့ လိုအပ်နေသည့် ကုန်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေတဲ့ ပုံစံ ကို အားပြုလာခြင်း ဖြစ်သည်။
သို့သော် ထိုအစိုးရများက ၎င်းတို့ ဘတ်ဂျက်များထဲမှ ထုတ်နှုတ် ပြီး လာရောက် ရင်းနှီးမြုပ်နှံကြမည် မဟုတ်၊ ထိုနိုင်ငံများရှိ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများက သာ စိုက်ထုတ်ရဖို့ ရှိနေသည်။
ငွေကြေးကို အမှန်တကယ် စိုက်ထုတ်ရမည့်လူများ ဖြစ်စေချင်သည်များ နှင့် စစ်အုပ်စု လုပ်နေသည်များက တောင် နှင့် မြောက် ဖြစ်နေသည်။
၎င်းတို့ စဉ်းစားကြမည့် အချက်များက ဥပဒေစိုးမိုးမှု၊နိုင်ငံရေးတည်ငြိမ်မှု၊ လွတ်လပ်ပြီး ခန့်မှန်းနိုင်သော စီးပွားရေးမူဝါဒ၊ နိုင်ငံခြားငွေ လွတ်လပ်စွာလည်ပတ်နိုင်မှယုံကြည်စိတ်ချရသည့် ဘဏ်စနစ်၊ ကုန်သွယ်ရေး ချောမွေ့လွယ်ကူမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် ရေရှည် အာမခံ ပေး နိုင်မည့် လုံခြုံမှု တို့ ပင် ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ တွေ့နေကြရသည်များက စီးပွားရေးလုပ်ငန်းတိုင်းလိုလို ကုန်ကျစရိတ်မြင့်တက်မှု၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး၊ မတည်ငြိမ်သည့် မူဝါဒအကောင်အထည်ဖော်မှု များသာ ဖြစ်သည်။
ပြဿနာက “စီးပွားရေးကောင်းလာရင် နိုင်ငံရေးပြဿနာ ပြေလည်နိုင်မည်" ဆိုသည်ကို မင်းအောင်လှိုင်က လက်မခံ ရဲဘဲ ဖြစ်နေခြင်းပင်။ ၎င်းအတွက် စီးပွားရေး ဖက်တွင် အကျိူးရှိလာနိုင်မည်ကို သိသော်လည်း ထိုသို့ မဖြစ်မီ ၎င်း၏ အာဏာ ဆုပ်ကိုင်ထားနိုင်ရေး အတွက် အန္တရာယ် ရှိလာမည်ကို တွေးပူနေခြင်း ဖြစ်သည်။
ထို့အတွက် “စီးပွားရေးတိုးတက်မှု” ကို နိုင်ငံရေးအာဏာတည်မြဲရေးအတွက် အသုံးချနိုင်သလောက်ပဲ အသုံးချပြီး၊ အာဏာကို ထိခိုက်နိုင်မည့် စီးပွားရေးလွတ်လပ်ခွင့်မျိုးကို ပိတ်ဆို့ထားခဲ့ခြင်းပင် ဖြစ်သည်။
၎င်း ကျင့်သုံး နေသည့် အာဏာရှင်စနစ်အတွက် အရေးအကြီးဆုံးမှာ စီးပွားရေးတိုးတက်မှုမဟုတ်ဘဲ အာဏာတည်မြဲရေးဖြစ်နေခြင်းကြောင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု၊ ယုံကြည်စိတ်ချရ ပြီး ပွင့်လင်းသည့် စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ မက်လုံးမရှိသလောက် ဖြစ်နေသည်။
စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေခြင်းသည် ၎င်းတို့ မလုပ်တတ်၊ မကိုင်တတ် ဖြစ်နေသည့် အမှားတခုတည်း ကြောင့်မဟုတ်ဘဲ အာဏာထိန်းသိမ်းရေးကို ဦးစားပေးသည့် နိုင်ငံရေးမဟာဗျူဟာ၏ ရလဒ် ကြောင့်သာ ဖြစ်ပေသည်။
လက်ရှိတွင် တနှစ်ခွဲကျော်ကြာ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူ ပေးရန် အဓိက လမ်းကြောင်း ဖြစ်နေသည့် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စု အတွက် လုံခြုံရေး ပေးနေသည့် ၎င်းတို့ အတွက် လွန်စွာ အရေးပါလှသော ရွှေကူ မြို တောင်ဖက် ၁၂ မိုင်အကွာရှိ စစ်စခန်းကြီးကို ဩဂုတ်လ ၃၀ ရက်တွင် KIA၊ ကချင်ဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့ (KPDF) ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!