နှစ်ပေါင်း ၂၆ ကျော်ကြာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် လူ့အခွင့်အရေးများကို ကာကွယ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သော ကိုဘိုကြည် သည် အာရှ၏ နိုဘယ်လ်ဆုဟု ကျော်ကြားသည့် ရမန် မက်ဆာဆေးဆုကို တနင်္လာနေ့က ချီးမြှင့်ခံခဲ့ပြီ ဖြစ်သည်။
ကိုဘိုကြည် သည် ၂၀၀၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပူးတွဲတည်ထောင်သူနှင့် တွဲဖက် အတွင်းရေးမှူး ဖြစ်သည်။ အဆိုပါအဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ၏ ဖမ်းဆီးမှုများနှင့် သေဆုံးမှုများကိုလည်း စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။
ယင်း နှစ်စဉ်ဆုကို ဖီလစ်ပိုင် သမ္မတဟောင်း ရမန် မက်ဆာဆေး၏ အုပ်ချုပ်ရေးဆိုင်ရာသစ္စာရှိမှု၊ ရဲစွမ်းသတ္တိရှိသော ပြည်သူ့ဝန်ဆောင်မှုနှင့် ဒီမိုကရေစီတန်ဖိုးများဆိုင်ရာ စံနမူနာများကို ဆက်လက်ထိန်းသိမ်းရန် ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ကိုဘို ကြည်ကို ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို စစ်တပ်က ဖြိုခွဲချိန်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ပြီး၊ နှစ်ကြိမ်တိုင်တိုင် ထောင်ဒဏ်ချမှတ်ခံခဲ့ရကာ ချုပ်နှောင်ခံရသည့် ကာလ စုစုပေါင်း ၇ နှစ် ရှိခဲ့သည်။
ရမန် မက်ဆာဆေးဆု ဖောင်ဒေးရှင်း က ၎င်း၏ တဘဝတာ လုပ်ရပ်များသည် ထူးကဲသော ကိုယ်ကျင့်တရားဆိုင်ရာ ရဲစွမ်းသတ္တိ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ နှင့် ဒီမိုကရေစီနှင့် လူ့ဂုဏ်သိက္ခာတို့သည် အမြဲတမ်း ကာကွယ်တန်ဖိုးထားရမည့် အရာများဖြစ်သည်ဟူသော မယိမ်းမယိုင် ခိုင်မာသည့်ယုံကြည်ချက်တို့ကို ဖော်ပြနေကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒီဆုကို လက်ခံရရှိတာဟာ နိုင်ငံအတွင်းမှာ တရားမျှတမှုနဲ့ တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်” ဟု ကိုဘိုကြည်က The Irrawaddy သို့ ပြောပြခဲ့သည်။ “ကျွန်တော်ကတော့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား၊ သံတိုင်တွေ နောက်ကွယ်က မိမိတို့ ယုံကြည်ချက် ကို အခိုင်အမာ ဆုပ်ကိုင်ထားကြသူ များ ကိုယ်စား ဒီဆုကို လက်ခံရယူတာ ဖြစ်ပါတယ်”
လက်ရှိအခြေအနေသည် မြန်မာနိုင်ငံ၏ သမိုင်းတ လျောက်တွင် အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့ပြီး ပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်မှုထမ်းဥပဒေနှင့် ပြင်းထန်သော စီးပွားရေးအခက်အခဲများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရကြောင်း အလေးပေးပြောကြားခဲ့သည်။
နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် အရေးပါသော ပထမခြေလှမ်းတရပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။ AAPP ၏ စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်မှာ ၎င်းတို့၏ ယုံကြည်ချက် ကြောင့် အကျဉ်းထောင်များထဲတွင် ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် တရားမျှတမှုနှင့် အမှန်တရားတို့မှသာ ရရှိနိုင်ကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်မှုပေးမည့်အစား နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ ပြည်သူ့ တို့၏ ဆန္ဒကို လေးစားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အဆိုပါဆုကို စင်ကာပူ သံတမန် တော့မီကို (Tommy Koh) နှင့် ဘင်္ဂလားဒေ့ရှ် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းလုပ်ကိုင်သူ ရူနာခန်း (Runa Khan) တို့လည်း အလားတူ လက်ခံ ရရှိခဲ့သည်။
ဆုကြေး အဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀၊ သမ္မတဟောင်း ရမန် မက်ဆာဆေး၏ ရုပ်ပုံပါရှိသော ဆုတံဆိပ် နှင့် ဆုရရှိရခြင်း အကြောင်းရင်းများကို ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာ တို့ လက်ခံရရှိမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၆ ကျော် ကတည်းက ယနေ့တိုင် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းတင်မှုများနှင့် စွန့်လွှတ်စွန့်စားမှုများကို နိုင်ငံတကာအဆင့်မီ အဖွဲ့အစည်းကြီးတစ်ခုက တရားဝင် ဂုဏ်ပြုလိုက်ခြင်းပင် ဖြစ်သည်။
ဤဆုချီးမြှင့်ခံရခြင်းသည် ကိုဘို ကြည်တစ်ဦးတည်းအတွက် ဂုဏ်ယူစရာဖြစ်ရုံသာမက၊ အမှောင်ကျနေသော ကာလတခုတွင် တရားမျှတမှုအတွက် ဆက်လက် ရပ်တည်တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအတွက် ကြီးမားသော အားပေးမှုနှင့် အသိအမှတ်ပြုမှုတစ်ရပ်လည်း ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!