ကုလသမဂ္ဂ ဘာကြောင့် ယနေ့တိုင် တည်ရှိနေသေးသနည်း

by Hla Soewai - Sep 07 2026

 

ဤမေးခွန်းသည် ယခုအချိန်တွင် အထူးအရေးပါနေသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ၏ နောက်ထပ် အထွေထွေအတွင်းရေးမှူးချုပ် ကို ရွေးချယ်ရန် ယှဉ်ပြိုင်မှု စတင်နေသောကြောင့် ဖြစ်သည်။ နှစ်ကြိမ် သက်တမ်းတိုးပြီးဖြစ်သော လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ယခုနှစ်ကုန်တွင် တာဝန်မှ အနားယူတော့မည် ဖြစ်သည်။ ယနေ့အထိ ယှဉ်ပြိုင်မည်ဟု ကြေညာထားသော ကိုယ်စားလှယ် ခုနစ်ဦး ရှိပြီးဖြစ်သည်။

 

အနိုင်ရသူ မည်သူပင် ဖြစ်စေ၊ သူသည် မာဖီယား ဂိုဏ်းဆန်ဆန် ကျင့်သုံး‌ နေသော အခြေအနေသို့ ရောက်ရှိနေသည့် ကမ္ဘာကြီးကို ရင်ဆိုင်ရမည် ဖြစ်သည်။

 

သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဗလာဒီမီယာ ပူတင်တို့သည် နိုင်ငံများက လေးစားမှု မပြသပါက အပြစ်ပေးမည်ဟု မာဖီယားဂိုဏ်းခေါင်းဆောင်များကဲ့သို့ ခြိမ်းခြောက်သည့် လေသံမျိုးထွက်နေသည်။ ခြိမ်းခြောက်၍ အတင်းအဓမ္မ တောင်းဆိုခြင်းသည် နိုင်ငံခြားရေး မူဝါဒ၏ ကိရိယာတစ်ခု ဖြစ်လာနေပြီး၊ အဓိက လမ်းကြောင်းများနှင့် ထိန်းချုပ်နိုင်သော အချက်အချာနေရာများကို အကာအကွယ်ပေးကာ ဆက်ကြေး ယူ နိုင်မည့် လုပ်ငန်းများ ဖန်တီးပေးနေသည်။

 

အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့၍ အိမ်နီးချင်းနိုင်ငံများနှင့် ရန်သူများထံမှ အလျှော့အတင်း ရယူရန် ကြိုးပမ်းသည့်အခါ၊ သို့မဟုတ် အမေရိကန်နှင့် တရုတ်တို့က အဖိုးတန် နည်းပညာများနှင့် ကုန်ကြမ်းများကို ထိန်းချုပ်ရောင်းချခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲများ အနိုင်ယူရန် ကြိုးစားသည့်အခါ၊ အားလုံးသည် လူဆိုးဂိုဏ်းများကဲ့သို့ ပြုမူနေကြသည်။

 

ကုလသမဂ္ဂအတွက် ကံဆိုးသည်မှာ ထိုကဲ့သို့ ပြုမူ နေကြသော အမေရိကန်၊ တရုတ်နှင့် ရုရှားတို့သည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များ၊ ထိပ်တန်းရာထူး ခန့်အပ်မှုများ နှင့် ပတ်သက်သည့် ဗီတိုအာဏာကို ကိုယ်စီ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ငွေကြေးအခက်အခဲရှိသော အလယ်အလတ်အင်အားစု နှစ်နိုင်ငံဖြစ်သည့် ဗြိတိန်နှင့် ပြင်သစ်တို့လည်း အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအုပ်စု (P5) တွင် ပါဝင်နေသည်။ (ဗြိတိန်နှင့် ပြင်သစ်တို့သည် သူတို့၏ ဗီတိုအာဏာကို မသုံးရန် ကြိုးစားကြသည်။ တစိတ်တပိုင်းအားဖြင့် ၎င်းတို့အချင်းချင်း အငြင်းပွားမှုကြောင့် ကုလသမဂ္ဂ ရပ်တန့်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး၊ နောက်တ‌ ကြောင်းကလည်း ၎င်းတို့၏ P5 အဆင့်အတန်းသည် ယခင်က အရေးပါမှုမှ အမွေဆက်ခံရရှိထားခြင်းသာဖြစ်ပြီး အခြားနိုင်ငံများက အခွင့်ရလျှင် ထို အဆင့်ကို သိမ်းယူလိုကြမည်ကို သိရှိသောကြောင့်ဖြစ်သည်။)

 

P5 နိုင်ငံများ၏ ဗီတိုအာဏာများကြောင့် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာရန် ကိုယ်စားလှယ်များသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် အများစုသည် ကမ္ဘာကြီးက မာဖီးယားဆန်ဆန် အလှည့်အပြောင်းသို့ ရောက်ရှိနေခြင်းကို မကျေနပ်ကြ။ နိုင်ငံအများအပြားက အင်အားကြီးသူ အနိုင်ရခြင်းသည် အမှန်တကယ် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးဖြစ်မည်ဟု အမြဲတမ်း သံသယရှိခဲ့ကြသော ကြောင့်လည်းဖြစ်သည်။ 

 

နိုင်ငံအများစုသည် ရန်လိုသည့် စစ်ပွဲများ၊ ကျူးကျော်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တားမြစ်ထားသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခြေခံ စံနှုန်းများကို ကာကွယ်ပေးမည့်သူတဦးကို လိုလားကြသည်။ သို့သော် P5 နိုင်ငံတနိုင်ငံ၏ ဗီတိုအာဏာကို ရင်ဆိုင်ရပါက မည်သူမျှ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာနိုင်မည် မဟုတ်ပေ။

 

ထရမ့် အစိုးရသည် ဗင်နီဇွဲလားရှိ အမေရိကန် ဦးစားပေး အာဏာချုပ်ကိုင်ထားမှုများ၊ ဂရင်းလန်အပေါ် ခြိမ်းခြောက်မှုများ သို့မဟုတ် အီရန် အရပ်သားများအပေါ် ဥပဒေအရ သံသယဖြစ်ဖွယ် တိုက်ခိုက်မှုများကို အများပြည်သူရှေ့တွင် ဝေဖန်ခြင်းကို သည်းခံမည် မဟုတ်ပေ။ ပူတင်၏ ရုရှားသည် ၎င်း၏ ဥပဒေချိုးဖောက်မှုများကို ရှုတ်ချမည့် အထွေထွေအတွင်းရေးမှူးချုပ်ကို မလိုလားဘဲ၊ ယူကရိန်းကို ကျူးကျော်မှုအပေါ် ဝေဖန်ခဲ့သည့်အတွက် မစ္စတာ ဂူတာရက်စ်ကိုပင် မုန်းတီးနေသည်။ တရုတ်နိုင်ငံကမူ ကုလသမဂ္ဂအနေဖြင့် ၎င်းကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အင်ဂျင်တခုအဖြစ် ချီးကျူးစေလိုပြီး၊ ဖိနှိပ်မှုများ သို့မဟုတ် ၎င်း၏ အိမ်နောက်ဖေးရှိ နယ်မြေများ ပိုင်ဆိုင်မှု ကို အတင်းအကျပ်တောင်းဆို‌ နေသည်များ နှင့် ပတ်သက်၍ မသက်ဆိုင်သော မေးခွန်းများ မေးမည်ကို မလို လားပေ။

 

ထို့အတွက် ကုလ သည် ခြိမ်းခြောက် အကျပ်ကိုင်သူများနှင့် ပူးပေါင်းလုပ်ကိုင်ရမည်ဟု ဆိုလိုသည်။ ကမ္ဘာ့အစီအစဉ်သည် ၁၉၂၀ ပြည့်လွန်နှစ်များက ချီကာဂိုမြို့နှင့် တူနေသော်လည်း၊ ကုလသမဂ္ဂ၏ မည်သည့်အဖွဲ့ကမျှ ထိုစဉ်က မာဖီယား ဂိုဏ်းချုပ်ကြီး ဖြစ်သူ အယ်လ် ကပုန်းကို အခွန်ရှောင်မှုဖြင့် ထောင်ချခဲ့သော ဖက်ဒရယ်တရားရုံးကဲ့သို့ သြဇာအာဏာ မရှိပေ။ ထိုတရားရုံးသည် တရားမဝင် အရက်ရောင်းသူများ၏ လစာရရှိနေသော ဒေသဆိုင်ရာ ရဲများ၊ တရားသူကြီးများနှင့် နိုင်ငံရေးသမားများ အများအပြားကို ကျော်လွန်၍ အရေးယူနိုင်ခဲ့သည်။ အကောင်းဆုံးအားဖြင့် နောက်ထပ် ကုလသမဂ္ဂ ခေါင်းဆောင်သည် ဂိုဏ်းဂဏများ ပေါများသော မြို့ကြီးတမြို့၏ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသော မြို့တော်ဝန် သို့မဟုတ် ရဲအရာရှိချုပ်နှင့် တူနေမှ ဖြစ်မည်။ 

 

အ‌ ရွေးခံရသူ မည်သူပင် ဖြစ်စေ အရင်ဆုံး အင်အားကြီးနိုင်ငံ များ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား အစရှိသည့် P5 နိုင်ငံများ၏ ခွင့်ပြုချက် နှင့် ကောင်းချီးပေးမှုကို ရမှ တာဝန်စတင်နိုင်မည် ဖြစ်သည်။ ထို့ နောက် တွင်တော့ ဒီရာထူးကို သုံးပြီး ကမ္ဘာကြီး အတွက် အကျိုးရှိမည့် အရာများ လုပ်နိုင်အောင် နည်းလမ်းရှာရပေမည်။

 

နိုင်ငဲတကာ ပဋိပက္ခ များ လေ့လာရေး အဖွဲ့မှ ကုလ အရေး ကျွမ်းကျင်သူ Richard Gowan ပြောသည်က နယူးယောက်ရှိ ကုလသမဂ္ဂ အတွင်းလူများက အထွေထွေအတွင်းရေးမှူးချုပ်ကို နှစ်မျိုး ခွဲပြီး ကြည့်တတ်သည်ဟု ဆိုသည်။

 

ပထမအမျိုးအစားသည်က မဟာအင်အားစု နိုင်ငံရေးကို နားလည်ပြီး၊ ၎င်းတို့ ကြားမှာ ညှိနှိုင်းဆောင်ရွက်တတ်သူ။ဒုတိယအမျိုးအစာ သည် P5 နိုင်ငံများ ပြောသမျှ အမိန့်အတိုင်းပဲ လိုက်နာလုပ်ဆောင်သူ ဟူ၍ ဖြစ်သည်။

 

တရားဝင်မဟုတ်သော သဘောတူညီထား ချက်အရ ယခုအလှည့်သည် လက်တင်အမေရိကကို အထွေထွေ အတွင်းရေးမှူးချုပ် ပေးရမည့်အလှည့်ဖြစ်ပြီး၊ နိုင်ငံအချို့ကလည်း အမျိုးသမီးတဦးကို ဤရာထူးတွင် မြင်လိုကြောင်း ပြောဆိုထားကြသည်။ ချီလီနိုင်ငံ၏ ယခင်သမ္မတ မစ်ရှဲလ် ဘက်ချလက်သည်လည်း ဝင်ရောက်ယှဉ်ပြိုင်နေသည်။ သို့သော် ကုလသမဂ္ဂ ရုံးချုပ်ရှိ ကောလဟာလများအရ သူမသည် ရှုံးနိမ့်ဖို့ သေချာ နေသည်။ 

 

ထရမ့် အစိုးရက မစ်စ် ဘက်ချလက်ကို အမေရိကန်၏ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေများအပေါ် ရန်လိုလွန်းသည်ဟု ယူဆပြီး၊ တရုတ်၏ လူ့အခွင့်အရေးအပေါ် တင်းကျပ်စွာ မဆောင်ရွက်နိုင်သူဟု မြင်သည်။ ဇူလိုင် ၃၀ ရက်နေ့တွင် လုံခြုံရေးကောင်စီတွင် ပါဝင်သော နိုင်ငံ ၁၅ နိုင်ငံ၏ ပထမဆုံး ကောက်ခံမဲပေးမှု ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ် သုံးဦးက ရှေ့ပြေးအဖြစ် ပေါ်ထွက်လာခဲ့သည်။ မကြာသေးမီ လများအတွင်း ပြုလုပ်ခဲ့သော အင်တာဗျူးများနှင့် ဆွေးနွေးပွဲများတွင် အထူးစိတ်ဝင်စားဖွယ် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ကော့စတာရီကာနိုင်ငံ၏ ယခင် ဒုတိယသမ္မတနှင့် UNCTAD ဖွံ့ဖြိုးရေးအေဂျင်စီ အကြီးအကဲ ရီဘက်ကာ ဂရင်းစပန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အာဂျင်တီးနားနိုင်ငံသား အကြီးအကဲ ရဖာအယ် ဂရော့ဆီတို့က ဤရာထူးအတွက် လက်တွေ့ကျကျ အမြင်များကို တင်ပြခဲ့ကြသည်။

 

မစ္စက် ဂရင်းစပန်သည် ပထမဆုံး အမျိုးသမီးနှင့် ပထမဆုံး ဂျူးလူမျိုး အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာမည်ဆိုပါက၊ ရုရှား၏ ယူကရိန်းစစ်ပွဲကြောင့် ပိတ်မိနေသော စားနပ်ရိက္ခာ တင်ပို့မှုများကို လွတ်လပ်စွာ တင်ပို့နိုင်အောင် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ပင်လယ်နက် သီးနှံသဘောတူညီချက်တွင် သူမ၏ အခန်းကဏ္ဍကို အသားပေးပြောဆိုခဲ့သည်။ ယင်းသဘောတူညီချက်သည် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အကျပ်အတည်းကို သက်သာစေခဲ့ပြီး၊ ဆိုးရွားသော ကမ္ဘာကြီးအား ကောင်းကျိုး ဖြစ်စေခဲ့သည့် ဥပမာတခုလည်း ဖြစ်သည်။ မစ္စတာ ပူတင်သည် ရုရှား၏ စားနပ်ရိက္ခာနှင့် မြေသြဇာ တင်ပို့မှုများအတွက် ကုလသမဂ္ဂ၏ အကူအညီရရှိရန် အပြန်အလှန်အနေဖြင့် ယူကရိန်းက သီးနှံ တင်ပို့ခွင့်ပြုရန် သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသဘောတူညီချက်ကို စွန့်လွှတ်ခဲ့သည်။

 

မစ္စတာ ဂရော့ဆီက “မဟာအင်အားစု နိုင်ငံရေး ပြန်လည်ပေါ်ထွက်လာခြင်း” အကြောင်း ပြောဆိုသည်။ သူ၏ အဖြေမှာ ယှဉ်ပြိုင်နေသော ဘက်များအကြား နိုင်ငံရေးနေရာရှာဖွေခြင်းနှင့် ခေါင်းဆောင်များ လုပ်ချင်နေသော အလျှော့အတင်းများကို ဖြစ်နိုင်အောင် ကူညီပေးခြင်း ဖြစ်သည်။

 

 သူ၏ ထူးခြားချက်မှာ ရုရှားသိမ်းပိုက်ထားသော ယူကရိန်းရှိ ဇာပိုရစ်ဇျာ အဏုမြူစွမ်းအင် စက်ရုံဖြစ်ပြီး၊ ထိုနေရာတွင် ကုလသမဂ္ဂ စစ်ဆေးရေးမှူးများကို ဝင်ရောက်ခွင့်ပြုရန် စစ်ဖြစ်နေသော ဘက်နှစ်ဘက်ကို သူက ယုံကြည်အောင် စည်းရုံးနိုင်ခဲ့သည်။ ကုလသမဂ္ဂ အတွေ့အကြုံရင့်သူအချို့က မစ္စတာ ဂရော့ဆီကို မယုံကြည်ကြ။ ထရမ့် အစိုးရ၏ ထောက်ခံမှု ရရှိရန် သူ့ဖက်က ပေးလိုက်မည့် ကတိကဝတ်များနှင့် တဖက်တွင် ရုရှားနှင့် ဆက်ဆံရေး အဆင်ပြေ အောင် လုပ်လာမည့် အရေး တို့ နှင့် စိုးရိမ်ပူပန်နေကြသည်။

 

ချို့ယွင်းချက်များ ရှိသော်လည်း ကုလသမဂ္ဂသည် အသုံးဝင်နိုင်သောကြောင့် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ ၎င်းသည် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံမှ အရာရှိများ နေ့စဉ် တွေ့ဆုံနေနိုင်သည့် ရှားရှား ပါးပါး ဖိုရမ်တခု ဖြစ်သည်။ ကြောက်စရာကောင်းသော အစိုးရများနှင့် အားပျော့သော အစိုးရများ နှစ်မျိုးလုံးသည် ကပ်ရောဂါများမှသည် ရာသီဥတု ပြောင်းလဲမှုအထိ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်များကို ဖြေရှင်းဖို့ လုပ်ဆောင်ရန် လိုအပ်သည်။ ကုလသမဂ္ဂသည် ၎င်းတို့ကို စုစည်းနိုင်စွမ်း ရှိသည်။ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်သော်လည်း၊ အစိုးရများက ချုပ်ဆိုသော သဘောတူညီချက်များကို ထူးခြားသော ဥပဒေဆိုင်ရာ တရားဝင်မှု ပေးနိုင်ပြီး၊ ယင်းသဘောတူညီချက်များ တည်မြဲအောင် ကူညီပေးသည်။ စစ်ပွဲများ ရှိနေချိန်တွင် အဖွဲ့အစည်းသည် အပစ်အခတ်ရပ်စဲရေးနှင့် ယာယီငြိမ်းချမ်းရေးများကို ညှိနှိုင်းပေးနိုင်သည်။ လုံခြုံရေးကောင်စီက ယင်းတို့ကို စောင့်ကြည့်ရန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို စေလွှတ်နိုင်သည်။

 

သို့သော် အားနည်းသူများကို နင်းခြေ၍ ဝယ်ယူထားသော လူဆိုးဂိုဏ်းများ၏ ငြိမ်းချမ်းရေးကို သတိပြုသင့်သည်။ နှစ်ပေါင်းများစွာ သွေးစွန်းသော ဂိုဏ်းဂဏ စစ်ပွဲများအပြီးတွင် ကပုန်းသည် “မိမိတို့၏ အဖွဲ့အစည်းတွင် ယခုတည်ရှိနေသော ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်ကို ဂုဏ်ပြုပါ” ဟု ဘာသာရေး သမား ပုံစံ ဖမ်းကာ ဖိတ်ခေါ်ခဲ့ဖူးသည်။ တကယ်တော့ သူ့ရဲ့ “ငြိမ်းချမ်းရေး” ဆိုသည်က အားနည်းသူများကို နင်းခြေ၊ သတ်ဖြတ်ပြီး ရရှိထားသည့် ငြိမ်းချမ်းရေးမျိူးသာ ဖြစ်သည်။

 

ယူကရိန်း သို့မဟုတ် ဂါဇာတွင် အင်အားကြီးသူများက အားနည်းသူများကို နင်းခြေပြီး ရယူထားသည့် ကပုန်း ပုံစံ “ငြိမ်းချမ်းရေး” မျိုးသည် တန်ဘိုး ကြီးလွန်းလှသည်။ သို့သော် အားကြီးသူများကိုလည်း လျစ်လျူရှု၍ မရပေ။ အင်အားကြီးသူ အနိုင်ရသည့် ကမ္ဘာတွင် ကုလသမဂ္ဂ၏ အကောင်းဆုံး မျှော်လင့်ချက်မှာ ၎င်းတို့ကို ကောင်းသောအရာ များ ပြုလုပ်ကြရန် ညင်သာစွာ တွန်းအားပေးခြင်း ဖြစ်နိုင်သည်။

 

(၂၀၂၆:ဩဂုတ် ၄ ရက် အီကောနော်မစ်ပါ "Al Capone would recognise today’s world order. That’s not good" ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)