တိုင်းပြည် သည် ယခုအခါ နိုင်ငံရေးအကျပ်အတည်းတခုတည်းကို ရင်ဆိုင်နေရခြင်း မဟုတ်တော့။ စစ်ပွဲ၊ အကြမ်းဖက်မှု၊ စီးပွားရေးကျဆင်းမှု၊ လူသားချင်းစာနာမှုအကျပ်အတည်းနှင့် နိုင်ငံရေးတရားဝင်မှု ပြဿနာတို့ တပြိုင်နက်တည်း စုပြုံနေသော နိုင်ငံတနိုင်ငံ ဖြစ်လာသည်။
ဤအခြေအနေ၏ အဓိကတာဝန်ရှိသူကို ရှာဖွေရန်လည်း အလွန်ခက်ခဲလှသည် မဟုတ်ပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစ၍ စစ်အုပ်စုသည် နိုင်ငံရေးအာဏာကို လက်နက်အားဖြင့် ဆုပ်ကိုင်ထားခဲ့ပြီး ထိုအာဏာကို ထိန်းသိမ်းနိုင်ရန် စစ်ရေးနည်းလမ်းကို အဓိကထား အသုံးပြုလာခဲ့သည်။ ယနေ့အချိန်အထိလည်း ထိုလမ်းကြောင်းကို ပြောင်းလဲရန် ဆန္ဒရှိကြောင်း အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။
နိုင်ငံကို ကာကွယ်နေသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ကာကွယ်နေခြင်းမှာ နိုင်ငံမဟုတ်ဘဲ ၎င်းတို့၏ အာဏာအတွက် ဖြစ်နေခြင်းကပင် အထက်တွင် ဖေါ်ပြခံ့သော ပြဿနာများ၏ ရေသောက်မြစ် ဖြစ်နေသည်။
#ပြည်သူကိုရန်သူအဖြစ် မြင်သည့် အုပ်ချုပ်ရေး
အစိုးရတရပ်၏ ပထမဆုံးတာဝန်မှာ ပြည်သူများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေးကို ကာကွယ်ပေးရန် မဟုတ်ပါလား။
သို့သော် နိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြေအနေသည် ထိုအခြေခံမူနှင့် ပြောင်းပြန်ဖြစ်နေသည်။
စစ်ရေးပဋိပက္ခများအတွင်း အရပ်သားများ သေဆုံးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်း၊ ကျေးရွာများ မီးရှို့ခံရခြင်းနှင့် လူပေါင်းများစွာ နေရပ်စွန့်ခွာရခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်နေသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများ၊ အမျိုးသမီးများနှင့် အခြားအရပ်သားများ ထိခိုက်သေဆုံးသည့် ဖြစ်ရပ်များလည်း ကြိမ်ဖန်များစွာ ပေါ်ပေါက်နေသည်။
ဤအခြေအနေတွင် “အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဟူသော စကားလုံးကို အကြောင်းပြချက်အဖြစ် ထပ်ခါတလဲလဲ အသုံးပြုခြင်းဖြင့် ပြဿနာ၏ အနှစ်သာရကို မဖုံးကွယ်နိုင်တော့။
လက်နက်ကိုင်တပ်ဖွဲ့ တပ်ဖွဲ့ တဖွဲ့သည် ပြည်သူများကို လက်နက်ဖြင့် ကြောက်ရွံ့အောင် ပြုလုပ်နိုင်သည်။ သို့သော် ထိုကြောက်ရွံ့မှုကို တည်ငြိမ်ရေးဟု ခေါ်ဆို၍ မရပါ။
#“တည်ငြိမ်ရေး” ဆိုသည်မှာ ဘာလဲ
စစ်အုပ်စုက နိုင်ငံတည်ငြိမ်ရေးကို အကြောင်းပြပြီး စစ်ရေးလုပ်ဆောင်မှုများကို အကာအကွယ်ပေးလေ့ရှိသည်။
သို့သော် တည်ငြိမ်ရေးဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
မိမိအိမ်ကို ဗုံးကျမည်ကို စိုးရိမ်နေရခြင်းလား။
ညအချိန်တွင် ဖမ်းဆီးခံရမည်ကို ကြောက်နေရခြင်းလား။
သားသမီးများ စစ်ပွဲအတွင်း အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေရခြင်းလား။
စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် မိသားစုများ ထမင်း နပ်မှန်အောင် စားနိုင်ပါ့မလားဟု တွေးပူနေရခြင်း မျိုးလော။
ပြည်သူများသည် နေအိမ်မှ ထွက်ပြေးနေရသည်။ ကလေးများသည် ကျောင်းပညာရေး ဆုံးရှုံးနေကြသည်။ မိသားစုများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေကြသည်။ သန်းနှင့်ချီသော လူများသည် နေရပ်စွန့်ခွာနေရသည်။
ထိုအရာများကို တည်ငြိမ်ရေးဟု ခေါ်ဆိုလျှင် “တည်ငြိမ်ရေး” ဟူသော စကားလုံး၏ အဓိပ္ပာယ်ကိုပင် ၎င်းတို့ကြောင့် ပြောင်းပစ်ရမလို ဖြစ်နေသည်။
တကယ့်တည်ငြိမ်ရေးဆိုသည်မှာ ပြည်သူများ ကြောက်ရွံ့မှုကင်းစွာ နေထိုင်နိုင်ခြင်း ဖြစ်သည်။
#ရွေးကောက်ပွဲဖြင့် အာဏာသိမ်းမှုကို ဒီမိုကရေစီအဖြစ် မပြောင်းလဲနိုင်
စစ်အုပ်စုအတွက် ငွေကုန်ကြေးကျ ခံပြီး ၎င်းတို့ကို ထောက်ခံ နေသူ များ အား မစားရ ဝခမန်း ပေးလာသည့် ကတိဖြင့် ရွေးကောက်ပွဲကို အသုံးချ၍ နိုင်ငံရေးအရ တရားဝင်မှုကို တည်ဆောက် ရန် ကြိုးပမ်းနေခြင်းသည် ယခုအခါ ထင်တိုင်း မပေါက် ဖြစ်လာ၍ အရေးကြီးသော ပြဿနာတခု ဖြစ်လာသည်။
အဘယ့် ကြောင့် ဆို သော ရွေးကောက်ပွဲ လုပ်ပေးယုံ ဖြင့် ဒီမိုကရေစီ ရလာပြီဟု ယုံကြည်နေသူ များသည် တကမ္ဘာလုံး တွင် ၎င်းတို့အုပ်စုသာ ရှိနေ၍ ဖြစ်သည်။
လွတ်လပ်စွာ မဲပေးနိုင်ခြင်း၊ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခြင်း၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိခြင်းနှင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးခြင်းတို့ မရှိလျှင် ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အနှစ်သာရမဟုတ်ဘဲ အာဏာကို တရားဝင်သယောင် ဖန်တီးပေးသည့် အခမ်းအနားတရပ် သာ ဖြစ်သွားခဲ့ပေသည်။
#လက်နက်က နိုင်ငံရေးတရားဝင်မှုကို ဖန်တီးနိုင်မည်လော
စစ်အုပ်စုသည် စစ်အင်အားဖြင့် နယ်မြေတခုကို ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်သည်။ သို့သော် နယ်မြေထိန်းချုပ်မှုနှင့် ပြည်သူ့ယုံကြည်မှုသည် မတူညီ။
သေနတ်ဖြင့် လူတဦးကို တိတ်ဆိတ်သွားအောင်လုပ်နိုင်သည်။ ထောင်ဖြင့် နိုင်ငံရေးအတိုက်အခံတစ်ဦးကို ခေတ္တဖယ်ရှားနိုင်သည်။ ဗုံးဖြင့် အဆောက်အအုံတခုကို ဖျက်ဆီးနိုင်သည်။
သို့သော်—ပြည်သူများ၏ ယုံကြည်မှုကို သေနတ်ဖြင့် တည်ဆောက်၍ မရ။ နိုင်ငံရေးတရားဝင်မှုကို ဗုံးဖြင့် ရယူ၍ မရ၊ နိုင်ငံတနိုင်ငံ၏ အနာဂတ်ကို အင်အားသုံး၍ အမြဲတမ်း ချုပ်ကိုင်ထား၍ မရ။
#စစ်အုပ်စု၏အကြီးမားဆုံးအရှုံး
စစ်အုပ်စုအတွက် အကြီးမားဆုံး အန္တရာယ်မှာ နယ်မြေတစ်ခု ဆုံးရှုံးခြင်း သို့မဟုတ် စစ်ရေးအရ ရှုံးနိမ့်ခြင်းတစ်ခုတည်း မဟုတ်။
အကြီးမားဆုံး အရှုံးမှာ ပြည်သူနှင့် အုပ်ချုပ်သူအကြား ယုံကြည်မှု ပျက်စီးသွားခြင်း ဖြစ်သည်။
ယုံကြည်မှု ပျက်စီးသွားသောအခါ အုပ်ချုပ်ရန် လက်နက်အင်အား ပိုမိုလိုအပ်လာသည်။ လက်နက်အင်အား ပိုမိုအသုံးပြုလေလေ ပြည်သူများ၏ မယုံကြည်မှုက ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။
ထိုသို့ဖြင့် အကြမ်းဖက်မှုက အကြမ်းဖက်မှုကို ပြန်လည်မွေးဖွားပေးသည့် စက်ဝိုင်းတခု ဖြစ်လာသည်။
နိုင်ငံတနိုင်ငံအတွက် ထိုစက်ဝိုင်းသည် အလွန်အန္တရာယ်ကြီးသည်။
မြန်မာ နိုင်ငံတွင် အစိုးရဟု ခေါ်ဆိုသူများသည် ပြည်သူများကို ကာကွယ်ပေးရမည့်အစား ပြည်သူများအတွက် အကြီးမားဆုံး အန္တရာယ်ကြီး အဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
#မြန်မာနိုင်ငံသည်စစ်အုပ်စု၏ အမွေ အနှစ် မဟုတ်
အရေးကြီးဆုံးအချက်မှာ မြန်မာနိုင်ငံသည် မည်သည့် စစ်ခေါင်းဆောင်တဦး၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်သကဲ့သို့ မည်သည့် အဖွဲ့အစည်း၏ ပိုင်ဆိုင်မှုလည်း မဟုတ်ခြင်းပင် ဖြစ်သည်။
နိုင်ငံသည် ပြည်သူများ၏ နိုင်ငံဖြစ်သည်။
နိုင်ငံတော်အာဏာသည် ပြည်သူများထံမှ ဆင်းသက်ရမည်။ ထိုအာဏာကို လက်နက်ဖြင့် သိမ်းယူထားခြင်းသည် မည်သည့်အမည်ဖြင့် အကြောင်းပြသည်ဖြစ်စေ ဒီမိုကရေစီ၏ အခြေခံမူနှင့် ဆန့်ကျင်နေသည်။
မြန်မာ တမျိုးသားလုံး၏ နိုင်ငံရေး အခွင့် အရေး အားလုံးကို ဖိနှိပ်ချုပ်ချယ်ထားမှု များသည် ယခုအခါ တိုင်းပြည်၏ သုံးပုံ နှစ်ပုံခန့်သော လူများသည် လူမွှေးလူတောင် ပင် မပြောင် သည့် အထိ ဖြစ်လာရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြဿနာကို “စစ်တပ်နှင့် ဆန့်ကျင်သူများ၏ ပဋိပက္ခ” ဟူ၍သာ ရိုးရှင်းစွာ သတ်မှတ်၍ မရ တော့။
သမိုင်း တလျှောက် အာဏာရှင်တိုင်း၏ အကြောင်းပြချက်များ ကို ဖယ်ပြီး အနှစ်သာရကို ကြည့်လိုက်ရင် မေးခွန်းတခုတည်း သာ ကျန်တတ်သည်။ ဤသည်က
ဘယ်သူ့အာဏာလဲ။
ပြည်သူ့အာဏာလား။
လူနည်းစုတစ်စု၏ အာဏာလား။
လက်နက်ကိုင်ထားသူတွေရဲ့ အာဏာလား။
ဒီမေးခွန်းကို မဖြေနိုင်ဘဲ “နိုင်ငံတော်”၊ “တည်ငြိမ်ရေး”၊ “အမျိုးသားအကျိုးစီးပွား”၊ ဒို့တာဝန် အရေးသုံးပါး ဆိုသည့် စကားလုံးကြီးတွေကို ထပ်ခါတလဲလဲ ပြောနေရုံနှင့် အာဏာသည် ပြည်သူ့အာဏာ ဟု အဘယ်သို့များ ပြောနိုင်ပေမည်နည်း။
၎င်းသည် နိုင်ငံတနိုင်ငံ၏ အာဏာကို မည်သူပိုင်သနည်း၊ ပြည်သူများ၏ ဆန္ဒကို မည်သူက ဆုံးဖြတ်ခွင့်ရှိသနည်း ဆိုသည့် အခြေခံနိုင်ငံရေးမေးခွန်း ဖြစ်လာသည်။
အာဏာသည် ထာဝရမဟုတ်
သမိုင်းတွင် အာဏာကို လက်နက်ဖြင့် သိမ်းပိုက်နိုင်ခဲ့သည့် အုပ်ချုပ်သူများ အများအပြား ရှိခဲ့သည်။ သို့သော် အာဏာကို ထာဝရ ထိန်းထားနိုင်ခဲ့သူ အလွန်နည်းပါးသည်။
အကြောင်းမှာ လက်နက်သည် နိုင်ငံတနိုင်ငံကို ခေတ္တထိန်းချုပ်နိုင်သော်လည်း ပြည်သူများ၏ ဆန္ဒကို ထာဝရ တာဆီး ကန့်သတ်ထား၍ မရသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ယနေ့ လိုအပ်နေသည်မှာ အကြမ်းဖက်မှု ပိုမိုများပြားလာခြင်း မဟုတ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်သော နိုင်ငံရေးစနစ်၊ လူ့အခွင့်အရေးကို လေးစားသော အုပ်ချုပ်ရေးနှင့် ပြည်သူများ၏ ဆန္ဒကို အမှန်တကယ် လေးစားသော ဒီမိုကရေစီစနစ် ဖြစ်သည်။
ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံ၏ အဓိကမေးခွန်းမှာ—“စစ်အုပ်စုသည် အာဏာကို မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း” မဟုတ် တော့ဘဲ “၎င်းတို့ အာဏာမြဲဘို့ အတွက် မြန်မာပြည်သူများ မည်မျှကြာကြာ အသက်ပေး၊ ဘဝပေး၊ အနာဂတ်ပေးနေရဦးမည်နည်း” ဆိုသည့် မေးခွန်းဖြစ်သည်။
ထိုမေးခွန်းကို မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခသည် ပြီးဆုံးနိုင်မည် မဟုတ် ပေ။ ဖြေရှင်းရန် အတွက်ကား ၎င်းတို့ ကြံစည် နေသလို နောက်ထပ် ဗုံးများ၊သေနတ်များနှင့် ထောင်များ မလိုအပ်။
လိုအပ်သည်မှာ ပြည်သူ့အာဏာကို ပြည်သူထံ ပြန်လည်အပ်နှံရန် ဆိုသည့် နိုင်ငံရေးသတ္တိနှင့် တာဝန်ယူမှု ဖြစ်သည်။ ထိုသို့သော သတ္တိမျိုးကား စစ်ဗိုလ်ချုပ်ကြီးများ ထံ မှ မည်သို့မျှ ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိ ဆိုသည်ကို ပြည်သူများက ကောင်းစွာ နားလည် သ ဘော ပေါက် ထားပြီး ဖြစ် နေပြန်သည်။
ထိုမေးခွန်း၏ အဖြေကိုတော့ မိမိတို့ အဖြစ်ကို မိမိတို့မှ တပါး ကယ်မယ့်သူ ပေါ်မလာသည်ကို နားလယ် သဘောပေါက် လာကာ သမိုင်းပေး တာဝန်ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ထမ်းဆောင်လိုသော မြန်မာပြည်သူများ၏ ဆန္ဒနှင့် နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်ယူမှုကသာ ဆုံးဖြတ်သွားမည်ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!