ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ဘက်မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စု ၏ စစ်ရေယာဉ် အုပ်စုကို ဧရာဝတီ ဒုတိယမြစ်ကျဉ်း၊ ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီး မြစ်ကျဉ်း နေရာများ တွင် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၏ ရေယာဉ်အုပ်စုမှ တစင်းနစ်မြုပ်၊ နှစ်စင်း မီးလောင်ပျက်စီးပြီး နောက်ထပ်နှစ်စင်းကိုလည်း သိမ်းယူ နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက အတည်ပြုခဲ့ကြသည်။
မီးလောင်ပျက်စီးသွားသည့် သင်္ဘောများအနက်မှ သင်္ဘောနှစ်စီးသည် ဇင်းဘုံရွာနှင့် စင်းခန်းတံတားအနီးသို့ ကမ်းကပ်ခဲ့ရပြီး ရေယာဉ်ပေါ်ပါလာသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ကာ KIA ထံသို့ လက်နက်ချခဲ့ကြသည်။
နစ်မြုပ်သွားသော သင်္ဘောမှ စစ်အုပ်စု တပ်သား ၂၀၀ ခန့်သည် ရေထဲ ခုန်ချပြီး ရေကူးထွက်ပြေးခဲ့ကြသော်လည်း အတော်များများ ရေစီးထဲ မျောပါသွားကြပြီး ကမ်းစပ်သို့ ကူးလာနိုင်သူ အနည်းငယ်သာ ရှိ၍ အများအပြား သေဆုံးသွားနိုင်သည်ဟု သိရသည်။
မီးလောင်ပျက်စီးသွားသည့် သင်္ဘောနှစ်စင်း သည် အလံဖြူ ထောင်ကာ တစင်းမှာ ဇင်းဘုံရွာအနီး ကမ်းကပ်ခဲ့ပြီး တစင်းမှာ စင်းခန်းရွာအနီးကမ်းကပ်၍ စစ်အုပ်စု သစ္စာခံ တပ်သား ရာနှင့်ချီ၍ (တရာနီးပါး ထိုထက်မက အရည်အတွက်) KIA ထံတွင် လက်နက်ချခဲ့သဖြင့် ၎င်းတို့အား ကားများဖြင့် ဘေးကင်းရာ သို့ ပို့ ဆောင် ပေးခဲ့ကြောင်း သတင်းဌာနကြီးများက မြေပြင်သတင်းရင်းမြစ်များကို ကိုးကားပြီး ယနေ့ မနက်ပိုင်းတွင် အတည်ပြု ဖော်ပြထားကြပါသည်။
စစ်အုပ်စု၏ ရိက္ခာနှင့် စစ်ကူ ဖြည့်တင်းရေး ရေယာဉ်စုသည် မနက် ၆ နာရီမှာ ရွှေကူမှ ထွက်ခွာလာပြီးနောက် ဇင်းဘုန် အရောက် ချေမှုန်း ခံခဲ့ရခြင်း ဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ခဲ့သည်။
စစ်အုပ်စု မှ တိုက်လေယာဉ် ရှစ်စီး၊ Y-12 လေယာဉ် နှစ်စီး၊ ဒရုန်း များ ဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူ ပေးနေသည့် ကြားမှ ယခုလို အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
ကချင်တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရသည်မှာ တနှစ်ကျော်ရှိပြီဖြစ်သည့် ဗန်းမော်မြို့ကို ရိက္ခာနဲ့ အင်အားဖြည့်တင်းရန် သင်္ဘော (၁၅) စင်းပါသည့် အဆိုပါ ရေယာဉ်စုသည် သြဂုတ် ၂၁ ရက်က မန္တလေး ဂေါ်ဝိန် ဆိပ်ကမ်း မှ စတင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် လမ်းကြောင်းရှင်းနိုင်ရန် အတွက် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများ နှင့် ရမ်းသမ်း ပစ်ခတ် ခဲ့ကြပြီး လေကြောင်းမှ လည်း တိုက်ခိုက်လာခဲ့သည်။ မြေပြင်မှလည်း စစ်ကြောင်းထိုးလာခဲ့ကြသည်ဟု ဆိုသည်။
စစ်သင်္ဘောများ တက်မလာမီ ဩဂုတ်လ ၁၈ ရက်မှစတင်၍ ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် စစ်တပ်က ထိုနေ့မှစတင်၍ အနီးပတ်ဝန်းကျင်ဒေသများကို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ယနေ့အထိ အကြိမ်ရေ ၁၀၀ နီးပါးအထိ ရှိခဲ့သည်ဟု KIA အရာရှိက မြန်မာ နောင်းကို ပြောခဲ့သည်။
"တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းက တိုက်ခိုက်မှု တွေ ပေါင်းလိုက်ရင် တောင်မှ အခု ရွှေကူမှာ သုံးလ အတွင်း တိုက်တဲ့ အကြိမ် ကို မမှီသေးဘူး” ဟု ဆိုသည်။
တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ရွှေကူမြို့အနီး ဧရာဝတီမြစ်ကမ်းတလျှောက်မှ ဒေသခံများကို လွန်ခဲ့သည့် နှစ်လခန့်မှစတင်၍ တိမ်းရှောင်ခိုင်းထားသည်ဟု သိရသည်။
တနင်္ဂနွေနေ့တွင် ဇင်းဘုန်ကို ဖြတ်သန်းနိုင်ဖို့ အဆိုပါ ရေယာဉ်စုသည် ပထမဆုံး အကြိမ် ကြိုးပမ်းမှုသည် တွဲဆွဲသင်္ဘော တစင်းနှင့် စစ်ရေးအရ မဟာဗျူဟာ မြောက် အရေးပါလှသည့် တထောက်နား စခန်းတခု လက်လွှတ် ဆုံးရှူံး လိုက်ရသည့် အတွက် ကျရှုံး သွားခဲ့ရသည်။
သင်္ဘော ငါးစီးအထိ မီးလောင် ပျက်စီး သွားခဲ့ပြီးနောက် တစင်းသာ ဆန်တက်သွားနိုင်ပြီး၊ ကျန် သင်္ဘောများ ရောက်ရှိလာခြင်း မရှိသေးဟု သိရသည်။
ဧရာဝတီ ဒုတိယမြစ်ကျဉ်းတိုက်ပွဲ သည် စစ် အုပ်စု အတွက် စစ်ရေးအရ အလွန်ကြီးမားသော အထိနာမှုဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များအတွက် မဟာဗျူဟာမြောက် အောင်ပွဲတခု ပင် ဖြစ်သည်။
ယခုကဲ့သို့ မြစ်ကျဉ်း နေရာတွင် စစ်ရေယာဉ်အုပ်စု တစုလုံးနီးပါး သုံးမရအောင် ပျက်စီးသွားခြင်းသည် ဗန်းမော်ရှိ စစ်ကောင်စီတပ်များအတွက် ရိက္ခာ၊ ခဲယမ်း၊ လောင်စာဆီ နှင့် စစ်ကူ ဖြတ်တောက်ခံလိုက်ရခြင်းပင် ဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိ ကုန်းလမ်းမကြီးများကို KIA က ထိန်းချုပ်ထားပြီး ဖြစ်သည်။
ထို တိုက်ပွဲသည် စစ်အုပ်စု၏ ရေတပ်စွမ်းဆောင်ရည်နှင့် ရေလမ်းကြောင်းလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ပြီ ဖြစ်ကြောင်း KIA နှင့် ပူးပေါင်းတပ်များက သက်သေပြလိုက်ခြင်း ဖြစ်သည်။
အထူးခြားဆုံးအချက်မှာ စစ် အုပ်စု တပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် အလံဖြူထောင်ကာ ဆက်မတိုက်တော့ဘဲ လက်နက်ချခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို ကြည့်မည် ဆိုက စစ်အုပ်စု၏ တပ်သားများအကြား တိုက်ခိုက်လိုစိတ် အလွန်အမင်း ကျဆင်းနေပြီး၊ အထက်တပ်မှူးများ၏ အမိန့်ထက် မိမိအသက်ရှင်သန်ရေးကိုသာ ရွေးချယ်လာကြကြောင်း ပြသနေသည်။
စစ်အုပ်စု သည် တိုက်ပွဲတိုင်းတွင် လေကြောင်းပစ်ကူ ကို အလွန်အကျွံ အားကိုးပြီး စစ်ပွဲအလှည့်အပြောင်းလုပ်ရန် ကြိုးစားလေ့ရှိ သော်လည်း မြေပြင် နှင့် ရေပြင် ထိတွေ့တိုက်ပွဲ ပြင်းထန်ချိန်၌ လေကြောင်းပစ်ကူသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အနီးကပ်ကြားဖြတ်စီးနင်းမှုကို မတားဆီးနိုင်ခဲ့ကြောင်း ဤတိုက်ပွဲက သက်သေပြလာပြီ ဖြစ်သည်။
ယခု အောင်ပွဲကြောင့် KIA နှင့် ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ကို ပိုမိုပိတ်ဆို့ ဖြတ်တောက်လာနိုင်ပြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မြစ်ကြောင်းတလျှောက် စိုးမိုးမှုကို ပိုမိုရရှိလာမည်ဖြစ်သည်။ စစ်အုပ်စု ဘက်ကမူ ၎င်း တို့ ယခုလို အကြီးအကျယ် အထိနာသွားမှုကို တုံ့ပြန်ရန်အတွက် အနီးအနားရှိ ကျေးရွာများကို လေကြောင်းမှ ဒဏ်ခတ်သည့်အနေဖြင့် ပိုမိုဗုံးကြဲတိုက်ခိုက်လာနိုင်ခြေ ရှိသဖြင့် စစ်ရေးသတိ အလွန်ရှိရမည့် အခြေအနေမျိုး ဖြစ်လာသည်။
လက်ရှိ အနေအထား အရ ဗန်းမော် ရှိ စစ်အုပ်စု တပ်များသည် စစ်ကူနှင့် ရိက္ခာ ရောက်ရှိမည့် မျှော်လင့်ချက် လုံးဝပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။
ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီ၏ အဓိက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)၊ စစ်လက်နက်ပစ္စည်း တပ်ရင်း (နမ့်ဖားရပ်ကွက်ရှိ တပ်မ ၈၈ အထိုင်တပ်) နှင့် ခလရ (၄၇)၊ ခမရ (၉၃၃) တပ်ရင်းများကို KIA ပူးပေါင်းတပ်များက မြို့တွင်း/မြို့ပြင်အထိ အနီးကပ် ဝိုင်းရံပိတ်ဆို့ကာ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သတင်းများက ဆိုသည်။
ဗန်းမော်မြို့နယ်နှင့် ကပ်လျက်ရှိသော မိုးမောက်၊ မန်စီ၊ လွယ်ဂျယ် စသည့် မြို့များကို KIA က သိမ်းပိုက်ထားပြီးဖြစ်၍၊ ဗန်းမော်မြို့၏ ဆင်ခြေဖုံးကျေးရွာများ (ဥပမာ- နမ့်ဖားရွာ) အနီးအနားအထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။
ဗန်းမော်မြို့အခြေအနေသည် စစ်အုပ်စု အတွက် အဆိုးရွားဆုံး အကျပ်အတည်းသို့ ဆိုက်ရောက်နေပြီး KIA က မြို့သိမ်းတိုက်ပွဲကို အပြတ်ဖြတ် နိုင်ရန် ဆက်လက်ဖိအားပေးလာတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!