ပါဗယ်က ဗိုင်ဆော့ရှီ ကော့ လက်ကို ဆုပ်ကိုင်ကာ သူ့ဘက် ဆွဲလိုက်ရင်း..
"လုပ်ကြတာပေါ့ဗျာ!"
ကန့်လန့်ကာနောက်ကွယ်မှ ရုရှား လေး ၏ အသံထွက်လာသည် -
"နီကိုလိုင်း၊ ကိုယ့်လူကို စာစီ နည်း ကျွန်တော် သင်ပေးမယ်၊ ပြီးရင် ခင်ဗျား ကျွန်တော် တို့အတွက် စာစီသမား လုပ်ရမယ်။ ဟုတ်ပြီလား"
နီကိုလိုင်းက သူရှိရာသို့ လျှောက်သွားပြီး "အဲဒါသာ ကျုပ်ကိုသင်ပေးရင် ခင်ဗျားကို ကျုပ်ဓားပေးမယ်" ဟု ပြော၏။
"ခင်ဗျား ဓားကို ဘာလုပ်ရမှာလဲဗျာ!" ဟု ရုရှားလေးက ပြောရင်း အူလှိုက်သဲလှိုက် ရယ်မောလိုက်လေသည်။
"ကောင်းတဲ့ဓားပါဗျ" ဟု နီကိုလိုင်းက မလျှော့ပဲ ဆိုပြန်သည်။
ပါဗယ်လည်း လိုက်၍ ရယ်မောလေတော့သည်။
ဗိုင်ဆော့ရှီ ကော့ သည် အခန်းအလယ်တွင် ရပ်လိုက်ပြီး—
“မင်းတို့က ငါ့ကို ရယ်နေတာလား”
“သေချာတာပေါ့” ဟု ရုရှားလေး က အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ရင်း ပြန် ပြောလိုက် သည်။
“ဒါဆို ဒီလိုလုပ်ကြစို့။ လယ်ကွင်းတွေဘက် လမ်းလျှောက်ထွက်ကြမယ်။ ဒီညက ရာသီဥတုလည်း ကောင်းတယ်။ လရောင်လည်း ထိန်ထိန်သာနေတယ်။ သွားကြစို့!"
“ကောင်းပြီ” ဟု ပါဗယ် က ပြန်ပြောသည်။
“ငါလည်း မင်းတို့နဲ့ လိုက်မယ်!” ဟု နီကိုလိုင် က ဝင်ပြောသည်။ "ရုရှား လေးရေ၊ မင်းရယ်သံကို နားထောင်ရတာ ငါသဘောကျလှသကွာ။”
“ကျွန်တော်ကလည်း ခင်ဗျားက လက်ဆောင်တွေ ပေးမယ်လို့ ကတိပေးတာကိုလည်း သဘောကျတယ်” ဟု ရုရှားလေးက ပြုံးကာ ပြန်ပြောသည်။
အင်ဒရေ မီးဖိုချောင်ထဲဝင်ပြီး အဝတ်အစားလဲ နေစဉ် အမေက “နွေးနွေးထွေးထွေး ဝတ်သွား နော်။ အအေးမိပြီး နေမကောင်းဖြစ် နေမယ်။”
သူတို့အားလုံး ထွက်သွားကြပြီးနောက် မိခင်သည် ပြတင်းပေါက်မှ လိုက်ကြည့်နေသည်။ ထို့နောက် အိုင်ကွန် ပုံတော် ကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်—
“ဘုရားသခင် သူတို့ကို ကူညီစောင့်ရှောက်ပါစေ။”
ထို့နောက် မီးအိမ်ကို ငြှိမ်းလိုက်ပြီး လရောင်ဖွေးဖွေး ဖြာကျ နေသော အခန်းထဲတွင် တဦးတည်း ဆက်၍ ဆုတောင်းနေတော့သည်။
***********
ရက်တွေက အကုန်မြန်လွန်း လှ သဖြင့် မေလ ပထမရက်အကြောင်းကိုပင် အမေသည် သေချာ စဉ်းစားတွေးတောချိန် မရခဲ့ပေ။ နေ့ခင်းဘက်က ဆူညံသံများနှင့် စိတ်လှုပ်ရှားဖွယ် လှုပ်ရှားလာမှု များကြောင့် ပင်ပန်းနွမ်းနယ်လျက် ညရောက်၍ အိပ်ရာဝင်သည့်အခါမှသာလျှင် သူ၏ရင်ထဲတွင် ဧရာမ စိုးရိမ်ပူပန်မှုတို့ အစိုင်အခဲ နှင့် ဖြစ်တည်လာခဲ့သည်။ "အို... ဘုရားသခင်၊ ဒီကိစ္စတွေသာ အမြန်ဆုံး ပြီးဆုံးသွားခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလေ!"
နံနက်စောစော စက်ရုံမှ ဥဩဆွဲသံ မြည်လာသောအခါ သားဖြစ်သူနှင့် ရုရှား လေး တို့သည် လက်ဖက်ရည် အမြန်သောက်၍ ကမန်းကတမ်း စား ကာ မိခင်ဖြစ်သူအတွက် လုပ်ဖို့ ရှိသည့် အချက် တဒါဇင်ခန့် မှာပြီး ထွက်သွားကြသည်။ တနေ့ကုန်လုံး သူမသည် ဂဏှာမငြိမ် လှည့်လည်လှုပ်ရှားနေရ၏။ ညစာချက်ပြုတ်ခြင်း၊ ကြေညာစာရွက်များအတွက် လီလာရောင် ဂျယ်လတင်နှင့် ကော်တို့ကို ကျိုချက်ခြင်းတို့ ပြုလုပ်ရသည်။ အချို့လူများ ရောက်လာကြပြီး ပါဗယ် အား ပေးရန် စာရွက်များအပ်ကာ ထွက်သွားကြသည်၊ သူတို့ စိတ်လှုပ်ရှားနေသည်များက သူမထံသို့ အလိုလို နေရင်း ကူးစက်လာရသည်။
မေလပထမရက် အလုပ်သမား နေ့ ကို ဆင်နွှဲကြရန် ပြည်သူများအား တိုက်တွန်းနှိုးဆော်ထားသော လက်ကမ်းစာစောင်များက ကျေးရွာများနှင့် စက်ရုံတဝိုက်တွင် ပျံ့နှံ့လာခဲ့သည်။ ညစဉ်ညတိုင်း အဆိုပါစာစောင်များကို ခြံစည်းရိုးများပေါ်တွင်သာမက ရဲစခန်းတံခါးများပေါ်တွင်ပါ ကပ်ခဲ့ကြပြီး နေ့စဉ်ရက်ဆက်လည်း စက်ရုံအတွင်း၌ တွေ့ရှိခဲ့ကြရသည်။
နံနက်ခင်းများတွင် ရဲများက ကျိန်ဆဲရင်း လှည့်လည်ကာ ခြံစည်းရိုးများပေါ်မှ ထိုကြော်ငြာစာရွက်များကို လိုက်လံဖြုတ်ချ၊ ခြစ်ထုတ်ကြရသည်။ သို့သော် နေ့လယ်ခင်းရောက်သောအခါတွင်မူ ထိုစာစောင်များသည် လမ်းမများပေါ်သို့ တဖန်ပြန်လည် လွင့်ပျံလာကြပြီး လမ်းသွားလမ်းလာ လူတို့၏ ခြေရင်းတွင် ပလူပျံ အောင် တွေ့လာကြသည်။
မြို့မှ ထောက်လှမ်းရေး စပိုင် များကို စေလွှတ်ခဲ့ပြီး လမ်းထောင့်များတွင် ရပ်ကာ နေ့လယ်စာစားချိန် အဝင်အထွက် ပြုလုပ်နေကြသော အလုပ်သမား များကို စက်ရုံသို့ သွားရာလာရာ လမ်းများတွင် စေ့စေ့စပ်စပ် စောင့်ကြည့်စစ်ဆေးစေခဲ့သည်။ ရဲတို့ ပျာယာ ခပ် နေမှုကို လူတိုင်းက သဘောကျ ကျေနပ်နေကြပြီး အသက်အရွယ် ကြီးရင့် သော လုပ်သားကြီးများပင်လျှင် တဦးကိုတဦး ပြုံးပြလျက်—"ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မင်းတို့တွေ့ကြရဲ့လား" ဟု ပြောဆိုနေကြလေသည်။
နေရာတကာ တွင် လူများသည် ကိုယ် အုပ်စုလိုက် ကိုယ် စုရုံးပြီး ခေါင်းခြင်းဆိုင်ကာ စာရွက်ပါ လှုံ့ဆော်ထားသည့် တိုက်တွန်းချက်များကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ အခြေအနေတွေ့က ရေဆူမှတ်ကို ရောက်နေပြီ ဖြစ်သည်။
ယခုနွေဦးသည် လူတိုင်းအတွက် စိတ်ဝင်စားစရာ ပိုကောင်းလာနေပြီး အားလုံးအတွက် အသစ်အဆန်းများကို ဖန်တီးပေးလာသည်။— အချို့အတွက်ကတော့ အုံကြွလှုံ့ဆော်သူတွေအပေါ် သူတို့၏ ဒေါသများ ပုံချဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်တခု ဖြစ်လာသည်၊ အချို့ကတော့ မျှော်လင့်ချက်များ နှင့် အတူ တွေဝေပူပန်လာကြသည်။ ထိုအထဲတွင် လူနည်းစုဖြစ်သည့် အချို့ကတော့ ၎င်းတို့ကို လှုပ်ရှားတုန်ခါစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည့် အတွက် ရင်ခုန်ကြည်နူးမှုကို တလှိုက်လှိုက် ခံစားလာကြရသည်။
ပါဗယ် နှင့် အန်ဒရေးတို့ အိပ်ရာဝင်သည် ဟူ၍ မရှိသလောက်ပင် ဖြစ်လာသည်။ ၎င်းတို့သည် စက်ရုံမှ နံနက်ခင်း ဥဩ မဆွဲမီ လေး တွင်မှ ပင်ပန်းနွမ်းနယ်စွာဖြင့် အသံများ အက်ကွဲကာ ဖြူဖတ်ဖြူ ရော် နှင့် အိမ်သို့ ပြန်လာကြသည်။ ၎င်းတို့သည် တောစပ်နှင့် စိမ့်တောထဲများတွင် လျှို့ဝှက်အစည်းအဝေးများ ကျင်းပကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက မြို့ရွာတဝိုက်တွင် မြင်းများဖြင့် ကင်းလှည့်နေကြကြောင်း၊ သူလျှိုများကလည်း နေရာအနှံ့ ပျံ့နှံ့နေပြီး တကိုယ်တည်း သွားလာနေသော အလုပ်သမားများကို တားဆီးရှာဖွေခြင်း၊ လူစုလူဝေးများကို ဖြိုခွင်းခြင်းနှင့် တခါတရံ အဖမ်းအဆီး များ ပြုလုပ်နေကြကြောင်း အမေ သည် သိရှိထားပြီး ဖြစ်သညိ။
သားဖြစ်သူ နှင့် အန်ဒရေးတို့ တညမဟုတ် တည ဖမ်းဆီးခံရနိုင်သည်ကိုလည်း သူမ နားလည်သဘောပေါက်ထား၏။ ဤသို့ဖြစ်ခြင်းကပင်လျှင် သူတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု တခါတရံ တွေးမိသည်။
ထူးဆန်းသည်မှာ စာရင်းကိုင် အိုင်ဆေး၏ လုပ်ကြံခံရမှုအား စုံစမ်း စစ် ဆေး နေမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်းပင်တည်း။ ဒေသခံ ရဲအဖွဲ့သည် ထိုကိစ္စနှင့် ပတ်သက်၍ လူဆယ်ယောက်ခန့်ကို နှစ်ရက်တိုင်တိုင် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ထို အမှုအပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွား တော့သည်။