ဧရာဝတီတွင် ဖော်ပြထားသော Tony Waters ၏ “What the West Gets Wrong About Myanmar’s Politics of Fear” ဆောင်းပါးသည် ဒေါက်တာ မွန်မွန်မြတ် ရေးသားသည့် Aung San Suu Kyi: The Realities of Power in Burma’s Authoritarian Legacy စာအုပ်ကို အခြေခံ၍ မြန်မာ့နိုင်ငံရေးကို နားလည်ဖို့ ဆိုရာတွင် အနောက်တိုင်း၏ ရိုးရာနိုင်ငံရေးအမြင်များနှင့် မလုံလောက်နိုင်ကြောင်း ဆွေးနွေးထားမှု ကို ကောက်နှုပ်တင်ပြသွားပါမည်။
မြန်မာပြည်သူများသည် လျှို့ဝှက် စစ် ထောက်လှန်းရေးများ၊ သေနတ်များ၊ ကြိုးစင်များနှင့် အကျဉ်းထောင်များကို အသုံးပြု၍ အုပ်ချုပ်ခဲ့ကြသော အာဏာရှင်စနစ် အောက်တွင် ကာလရှည်ကြာစွာ ဒုက္ခခံစားခဲ့ကြရသည်။
ထို့အတွက်ကြောင့် ပြည်သူများသည် လွတ်လပ်ခွင့်များ၊ အထူးသဖြင့် ကြောက်ရွံ့မှုမှ လွတ်မြောက်ခွင့် ကို ရိုးတွင်းချင်ဆီ ထဲမှ တောင့်တလာကြသော်လည်း လက်တွေ့တွင်မူ ကြောက်ရွံ့မှုကြောင့် ခေါင်းငုံ့နေရပြီး အတွင်းစိတ်တွင် မကျေနပ်မှုများဖြင့် တိတ်တဆိတ် အာခံဆန့်ကျင်နေကြရဆဲ ဖြစ်သည်။
ယနေ့ခေတ်တွင် ထိုအခြေအနေသည် မြန်မာစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်ခုခံတော်လှန်မှုများအဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့ရပြီ ဖြစ်သည်။
စာအုပ်ပါ အဓိကအချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများကို အာဏာ၊ စီးပွားရေး၊ စစ်တပ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် အပြင်ပန်းအကြောင်းရင်းများဖြင့်သာ ရှင်းပြ၍ မရနိုင်ခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် လူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကြောက်ရွံ့မှု၊ ယုံကြည်မှု၊ မေတ္တာ၊ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရား တို့သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သုံးသပ်ထားသည်။
မြန်မာ တို့သည် အကြောက်တရား ဆိုသည်ကို သက်ဦးဆံပိုင် ဘုရင်ခေတ်၊ ဗြိတိသျှ ကိုလိုနီ ခေတ်၊ ဂျပန် ဖက်ဆစ် တို့၏ ကျုးကျော်မှု မှသည် လက်ရှိ စစ်အာဏာရှင် စနစ် တလျှောက်လုံး သားစဉ် မြေးဆက် ယဉ်ပါးလာခဲ့ရသူ များ ဖြစ်သည်။
ထိုအမြင်ကို ဒေါ်အောင်ဆန်းစုကြည်၏ “Freedom from Fear” အယူအဆနှင့် ဆက်စပ်ဖော်ပြထားသည်။ ဒီမိုကရေစီဆိုသည်မှာ ရွေးကောက်ပွဲကျင်းပခြင်း သို့မဟုတ် အစိုးရတရပ်ကို ရွေးချယ်ခြင်းမျှသာ မဟုတ်ဘဲ ပြည်သူများသည် အာဏာပိုင်များကို ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြနိုင်ခြင်း၊ အုပ်ချုပ်သူများနှင့် ပြည်သူများအကြား ယုံကြည်မှုရှိခြင်းတို့နှင့်လည်း သက်ဆိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်နက်ကိုင် ဆောင် မှ မဟုတ်၊ မိမိအတွင်းစိတ်ရှိ ကြောက်ရွံ့မှုစိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း နှင့် တဖက်တွင်လည်း ဖိနှိပ်သူက အကြမ်းဖက်လာသည့်တိုင် ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောနာခံရန် ငြင်းဆန်နိုင်ခြင်းတို့သည် “စိတ်ဓာတ် ရေးရာတော်လှန်ရေး” ပင် ဖြစ်သည်။ (မိမိအနေဖြင့် အနီးစပ်ဆုံး ဥပမာ ပြရမည် ဆိုက မင်းအောင်လှိုင်လာမည် ဆို၍ တအိမ်တယောက် ထွက်၍ ကြိုရမည်ဟု အမိန့်ပေးလာခြင်းကို ငြင်းဆန်ခြင်းသည်ပင် လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်းထက် အဆပေါင်းများစွာ ထိရောက်ပေသည်။)
သို့သော် ဒေါ်မွန်မွန်မြတ်၏ စာအုပ် တွင် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တခုကို ထောက်ပြထားသည်မှာ ကြောက်ရွံ့မှုသည် ပြည်သူများဘက်တွင်သာ ရှိနေခြင်းမဟုတ်ဘဲ အာဏာပိုင်များဘက်တွင်လည်း ရှိနေသည် ဟူသည့် အချက်ဖြစ်သည်။ အာဏာကို ဆုံးရှုံးမည်ကို ကြောက်ခြင်း၊ မိမိတို့၏ အတိတ်လုပ်ရပ်များအတွက် တာဝန်ယူရမည်ကို ကြောက်ခြင်း၊ အာဏာလက်လွှတ်လိုက်ပါက လုံခြုံမှု မရှိတော့မည်ကို စိုးရိမ်ခြင်းတို့သည် အာဏာရှင်စနစ်ကို ခိုင်မာသည်ထက် ခိုင်မာ အောင် ပံ့ပိုး ပေးလာခဲ့သည်။
ထိုသို့ဖြင့် အာဏာပိုင်များ၏ ကြောက်ရွံ့မှုက ပြည်သူများအပေါ် ဖိနှိပ်မှုကို ဖြစ်ပေါ်စေပြီး၊ ထိုဖိနှိပ်မှုက ပြည်သူများ၏ ကြောက်ရွံ့မှုကို ပိုမိုကြီးမားစေသည့် “ကြောက်ရွံ့မှုစက်ဝိုင်း” ကြီး ထွက်ပေါ်လာခဲ့ရသည်။
အာဏာရှင်စနစ်ဆိုသည်မှာ အုပ်ချုပ်သူများက ကြောက်ရွံ့မှုကို ခြယ်လှယ်အသုံးချ၍ အုပ်ချုပ်ခံပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးချုပ်ကိုင်သည့်အခါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာရှင်စနစ် ပေါ်ပေါက်လာသည့်နေရာတွင် နိုင်ငံရေးယဉ်ကျေးမှုသည် ရက်စက်ကြမ်းကြုတ်လာပြီး၊ နိုင်ငံတော်၏ ရန်သူများဟု သတ်မှတ်ခံရသူများသည် ဖိနှိပ်ညှဉ်းပန်းမှုများ၏ သားကောင်များ ဖြစ်လာကြသည်။
မြန်မာ့နိုင်ငံရေးကို အနောက်တိုင်းဒီမိုကရေစီစံနှုန်းများဖြင့်သာ တိုင်းတာရန် မသင့်ကြောင်းလည်း ထိုစာအုပ် တွင်ထောက်ပြထားသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဘာသာနှင့် ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသော မေတ္တာ၊ သနားကြင်နာမှု၊ ကိုယ်ကျင့်တရားနှင့် အုပ်ချုပ်သူ၏ ကိုယ်ကျိုးစွန့်မှု စသည့် အယူအဆများသည် နိုင်ငံရေးအတွေးအခေါ်အပေါ် သက်ရောက်မှုရှိခဲ့သည်။ ထို့ကြောင့် မြန်မာ့ဒီမိုကရေစီအယူအဆကို အနောက်တိုင်းမှ တိုက်ရိုက်ယူဆောင်လာသည့် အယူအဆတစ်ခုအဖြစ်သာ မြင်ခြင်းသည် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအခြေခံကို လျစ်လျူရှုရာရောက်နိုင်သည်။
ဤနေရာတွင် U Hpo Hlaing ၏ “Burmese Native Democracy” အယူအဆကိုလည်း ကိုးကားထားသည်။ ထိုအမြင်အရ အုပ်ချုပ်သူနှင့် ပြည်သူအကြား ဆက်ဆံရေးသည် အာဏာပိုင်က အမိန့်ပေးပြီး ပြည်သူက နာခံရုံမျှမဟုတ်ဘဲ အပြန်အလှန်တာဝန်ယူမှု၊ လေးစားမှုနှင့် ယုံကြည်မှု တို့အပေါ် တည်ဆောက်ရမည်ဖြစ်သည်။
ဆောင်းပါး၏ နောက်ထပ်အရေးကြီးသော ဝေဖန်ချက်မှာ ၂၀၁၁ မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အနောက်တိုင်း၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ဖြစ်သည်။ အနောက်တိုင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ဒီမိုကရေစီအဖွဲ့အစည်းများ တည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထားခဲ့ကြသော်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ကြောက်ရွံ့မှု၊ သမိုင်းတလျှောက် ဖြစ်ပေါ်လာသော မယုံကြည်မှုနှင့် အာဏာပိုင်–ပြည်သူ ဆက်ဆံရေး၏ စိတ်ပိုင်းဆိုင်ရာအခြေခံများ ကို လုံလောက်စွာ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟု စာရေးသူက ဝေဖန်သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနှင့် စီးပွားရေးအကူအညီများကို ပြင်ဆင်ပေးရုံနှင့် မလုံလောက်နိုင်ပေ။ ကြောက်ရွံ့မှုကို လျှော့ချခြင်း၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားမှု ရှိစေခြင်းနှင့် အာဏာကျင့်သုံးမှုကို ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှုတို့ဖြင့် ထိန်းချုပ်ခြင်း တို့လည်း လိုအပ်သည်ဟု စာအုပ် က အဓိက သဘောတရားအဖြစ် တင်ပြထားသည်။
ဒေါက်တာ မွန်မွန် မြတ်က ရိုဟင်ဂျာများအပေါ် စစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ဒေါ်အောင်ဆန်းစုကြည်က အမွေဆက်ခံရရှိခဲ့သည့် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ် ၏ နောက်ခံအခြေအနေအတွင်း ထည့်သွင်းသုံးသပ်ထားသည်။ သူမ၏ စာအုပ်သည် အဓိကအားဖြင့် မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးသည် နိုင်ငံတကာနိုင်ငံရေးနှင့် ပြည်တွင်းနိုင်ငံရေး နှစ်ရပ်စလုံးတွင် မည်သို့နှင့် အဘယ်ကြောင့် အထိခိုက်ခံ၊ အဖိနှိပ်ခံဘဝသို့ ရောက်ရှိကြရသည်ကို ဒဿနဆန်ဆန် ပြန်လည်သုံးသပ်ထားသည့် စာအုပ် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီနှင့် အာဏာခွဲဝေ၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ရှာဖွေနေသည့် လမ်းကြောင်းတွင် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိရှိမှု၊ တရားမျှတသော ဥပဒေစနစ်နှင့် အကျင့်ပျက်ခြစားမှုကင်းစင်သော လူ့အဖွဲ့အစည်း တို့သည် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ကြောင်း နက်ရှိုင်းသော နောက်ခံအခြေအနေများနှင့် ဆက်စပ်၍ တင်ပြထားသည်။
အနှစ်ချုပ်အားဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို “အာဏာကို ဘယ်သူက ဆုပ် ကိုင်ထားသလဲ” ဆိုသည့် မေးခွန်းတခုတည်းဖြင့် မရှင်းပြဘဲ “ဘယ်သူက ဘယ်သူ့ကို ဘာကြောင့် ကြောက်နေသလဲ၊ အဘယ်ကြောင့် အချင်းချင်း မယုံကြည်ကြသလဲ” ဆိုသည့် ပိုမိုနက်ရှိုင်းသော မေးခွန်းများဖြင့် ကြည့်ရှုရန် အကြံပြုထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် အာဏာနှင့် အကြမ်းဖက်မှုကို နားလည်ရန်အတွက် ထို စိတ်ပိုင်းဆိုင်ရာ “ကြောက်ရွံ့မှုနိုင်ငံရေး” ကို နားလည်ခြင်းသည် အရေးပါကြောင်း သုံးသပ်ထားသည်။
(ဆောင်းပါးရှင် တိုနီ ဝေါတာစ် သည် လက်ရှိတွင် ဂျာမနီနိုင်ငံရှိ Leuphana University တွင် လူမှုဗေဒပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။)
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!