ဒေါ်နယ် ထရမ့် အာဏာ လက်လွှတ်ပေးရဖို့ တနှစ်ခွဲခနိ့သာ ကျန်တော့၍ ဩဇာကျဆင်းလာနေသည့် lame duck သမ္မတ ဖြစ်လာနေပြီလား။
ပြည်တွင်းနှင့် ပြည်ပတွင် အကျပ်အတည်းများ များသည်ထက် များလာနေ၍ အား ပျော့လာနေသည့် အမေရိကန်သမ္မတနှင့် ရှေ့လျောက် ဆက်ဆံရမည်ကို ရန်သူရော မိတ်ဆွေများပါ စိတ်သက်သာရာရပြီး ပျော်ရွှင်သွားလောက်သည့် အခြေအနေမျိုး ဖြစ်လာနေသည်။
တရုတ်၊ အီရန်နှင့် အမေရိကန်၏ တခြားရန်သူနိုင်ငံ များ၏ ခေါင်း ဆောင်များ အတွက် ထရမ့်၏ အမျိုးမျိုးသော ပြင်းထန်သည့် ဖိအားပေး လုပ်ရပ်များကို ၎င်းတို့ ကျော်လွှားနိုင်ခဲ့ခြင်းသည် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဝါဒဖြန့်အောင်မြင်မှု ဖြစ်လာပေတော့မည်။
ထိုနိုင်ငံများရှိ အာဏာရှင်များ အဖို့က ဒီမိုကရေစီနိုင်ငံများ တွင် ဖြစ်နေသည့် “ထရမ့်ကို အလွန်ကြောက်ရွံ့မှု” မျိုးကို အပြည့်အဝ မခံစားခဲ့ကြ၍ ဖြစ်သည်။
၎င်းတို့၏ အတွင်းစိတ်ထဲတွင်တော့ ရှီကျင့်ဖျင် နှင့် အပေါင်းအပါ များက အိမ်ဖြူတော် ရှိ လူတိုင်းလိုလို ကိုယ်ကျိုးစီးပွားရှာပြီး၊ အမေရိကကို ဦးစားပေးတတ်သည့် အနိုင်ကျင့်သူတွေလို့ ယုံကြည်ထားကြ သော်လည်း တချို့က ထရမ့်လောက် မပေါ်လွင်အောင် ဖုံးကွယ်ထားနိုင်ကြသည်။
မဟာမိတ် များ နှင့် မိတ်ဖက်နိုင်ငံ အတော်များများက ထရမ့်ကို သမ္မတသက်တမ်း အဆုံးထိ ထော့နဲ့ ထော့နဲ့ နှင့်လျှောက်သွားသည်ကို မြင်ချင်ကြသည်။
သို့ဆို၍ ဘာလင်၊ ရီယာ့ဒ် သို့ တည်း မဟုတ် တိုကျိုက ခေါင်းဆောင်တွေက ထရမ့်ကို အီရန်စစ်ပွဲမှာ ရှုံးနိမ့်စေချင်ကြသည်ဟု ဆိုလိုခြင်း မဟုတ်။ တရုတ်နဲ့ ကုန်သွယ်ရေး ရင်ဆိုင်မှုမှာလည်း ရှုံးနိမ့်ကြောင်း ဝန်ခံစေချင်ကြသည် မျိုးလည်း မဟုတ်။
အမေရိကန် တကယ်တမ်း အားနည်းလာမည် အရေးကို ဥရောပ၊ အာရှ သို့မဟုတ် အရှေ့အလယ်ပိုင်းက မဟာမိတ်များ အတော်လန့် နေကြမည်သာ ဖြစ်သည် ။ ၎င်းတို့ အဖို့ ကြာရှည်စွာ အားကိုးလာခဲ့သည့် အမေရိကန်၏ အကာအကွယ်မပါဘဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ နှစ်ပေါင်းများစွာ လိုအပ်နေသေး၍ ပင် ဖြစ်သည်။
လက်ရှိတွင် ဒေါသထွက်နေပြီး မိတ်ဆွေ ကင်းမဲ့နေသည့် ထရမ့် အဖို့ ကိုယ်တိုင်လုပ်မိခဲ့သည့် အမှားများ ကြောင့်ထောက်ခံမှုနှုန်း ကျဆင်းလာကာ လွန်စွာ အားနည်းလာ၍ အိမ်ဖြူတော်ထဲ ပြန်ဝင်၍ သူ့၏ ကပွဲခမ်းမ Ball room နှင့် အောက်မေ့ဖွယ် ရေ မုဒ် ဦး ခုံးအစီအစဉ်များ နှင့်သာ အလုပ်ရှုပ်နေမည့် ပုံစံမျိုးကိုတော့ အစိုးရ အတော်များများက ကြိုဆိုကြမည်သာ ဖြစ်သည်။
နိုဝင်ဘာ ကြားကာလ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်သွားပြီး ကွန်ဂရက်တွင် ပါတီအပေါ် ၎င်း၏ အခိုင်အမာ ထိန်းချုပ်မှုများ လျော့ကျသွားမည်။ သူ၏ ဧကရာဇ် ဆန်ဆန် အုပ်ချုပ်မှုအပေါ် ကန့်သတ်ချက်တချို့ ရှိလာမည်ဆိုရင် ပို၍ပင် စိတ်သက်သာရာရလာကြမည်သာ ဖြစ်သည်။
ထရမ့်ကို ရှုံးနိမ့်မှုကြောင့် သင်ခန်းစာရသွားလိမ့်မည်ဟု မျှော်လင့်နေသူများ သည် ထိုပုဂ္ဂိုလ်ကို မှားယွင်း တွက်ချက် နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံရေး ပရောဟိတ်များက မကြာခင်မှာပင် ထရမ့်ကို “အာဏာမဲ့ဆုံး သမ္မတ” ဟု ပြောကောင်း ပြောလာနိုင်သည်။ ကွန်ဂရက်က သူ့ဆန္ဒများကို ဆန့်ကျင်လာမည်။ သို့မဟုတ် ငွေကြေးဈေးကွက်များက MAGA စီးပွားရေးမူဝါဒများ ဖြစ်သည့် အခွန်တိုးမြှင့်ခြင်း၊ ကုန်သွယ်ရေးစစ်ပွဲများ ဆင်နွှဲလာခြင်းများ အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်လာမည် ဆိုက ငွေကြေးအရ ကြီးကြီးမားမား ထိခိုက်လာမည်။ ဆိုလိုသည်က စတော့ဈေးတွေ ကျသွားမည်၊ဒေါ်လာတန်ဖိုး ကျသွားမည်၊ အတိုးနှုန်း မြင့်တက်လာမည်၊ ရင်းနှီးမြှုပ်နှံသူများက ငွေများ ထုတ်ယူသွားကြမည် အစရှိသည်တို့ ဖြစ်လာနိုင်သည်။
ထိုသို့ ဖြစ်လာနိုင်သည်များကို ထရမ့်က ဂရုစိုက်မည် လူမျိူး မဟုတ်။ ရီပတ်ဘလီကန်ပါတီ၊ ပြည်သူ့မူဝါဒ၊ အမေရိကန်၏ ဘတ်ဂျက်လိုငွေပြမှု များကို သာမန်လူတွေ စိတ်ပူဖို့ ထားခဲ့မည်သာ ဖြစ်သည်။
ထရမ့်က သူသာ စစ်သေနာပတိချုပ် အဖြစ် ရှိနေသေးရင် ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအားဖြင့် သမိုင်းတွင် နေရာတခု ရယူနိုင်မည် ဖြစ်သည်။
ပြည်ပ အစိုးရများ အနေနှင့် ထရမ့် lame duck ဖြစ်တော့မည် ဆို သော အိပ်မက်မျိူး မက်နေတာကို ရပ်တန့်သင့်သည်။ တောင်ပေါ် ဂေါ်ရီလာများကို လေ့လာသင့်သည်။ အထူးသဖြင့် အသက်ကြီးလာတဲ့ ငွေရောင်ကျောရိုး ရှိ အထီးကြီးတကောင်သည် ကိုယ့်အချိန်ကုန်ဆုံးတော့မယ်ဟု ခံစားလာမိသည့် အခါ ဘယ်လိုအကြမ်းဖက်နိုင်သလဲဆိုသည်ကိုပင် ဖြစ်သည်။
ထိုအရေးသည် မဟာမိတ်နိုင်ငံများ အတွက် အထူးစိုးရိမ်စရာ ဖြစ်သင့်သည်။ အသက်ကြီးလာသည့် ငွေရောင်ကျောရိုး ရှိ ဂေါ်ရီလာများသည် သူတို့ ဦးဆောင် နေသည့် အုပ်စုထဲက အဖွဲ့ဝင်များ အပေါ် ရက်စက်ကြမ်းကြုတ်တတ်ကြသည်။ ၎င်း အလိုကျ မလိုက်နာသည့် လက်အောက်ငယ်သားများအား အစွယ် တဖွေးဖွေး ထုတ်ပြီး ကြံ့ခိုင် သန်မာလှသည့် ခြေလက်များ နှင့်တိုက်ခိုက်ဖို့ တွန့်ဆုတ်မည် မဟုတ်။
ဆန့်ကျင်ဘက်အနေနဲ့ တခြားအုပ်စုက အားကောင်းသည့် အထီးကြီးများ နှင့် တွေ့လျင််တော့ (ဘာကြောင့်မှန်းမသိ ဗလာဒီမီယာ ပူတင်၏ ရင်အုပ်ဖွင့်ပုံက စိတ်ထဲ ပေါ်လာမိတယ်) အမှန်တကယ် တိုက်ခိုက်တာထက် ဆူညံစွာ အာဏာပြမှုတွေ လုပ်တာကို ပိုနှစ်သက်တတ်ကြသည်။
Truth Social ပေါ်မှာ ၎င်းကဲ့သို့ ကြွားဝါသည့် ပို့စ်များ ရေးလို့ မရသည့် အတွက် ဂေါ်ရီလာများသည် ရင်ဘတ်ကို ထုရိုက်ခြင်း၊ တိုက်ခိုက်ခြင် ယောင် ဆောင်ပြီး၊ သစ်ပင် သစ်ကိုင်းများကို ချိုးဖျက်တာမျိူး နှင့်သာ ကျေနပ်နေခဲ့ရသည်။
ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်း အတွင်း “မကျေနပ်မှု” ဆိုသည့် ခံစားချက်က သူ့၏ “အမေရိကကို ဦးစားပေး” ကမ္ဘာ့အမြင်၏ အဓိက အခြေခံဖြစ်လာခဲ့သည်။
ထရမ့်သည် ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်ကို မဟာမိတ်များကရော ကုန်သွယ်ဖက်နိုင်ငံများကပါ လိမ်ညာအမြတ်ထုတ်ခံခဲ့သည်ဟု မကြေမနပ် ညည်းညူခဲ့သူ ဖြစ်သည်။ ထိုသို့ ခံခဲ့ရမှု အတွက် ၁၉၄၅ ခုနှစ်နောက်ပိုင်း အမေရိကန်ကို အုပ်ချုပ်ခဲ့သည့် အထက်တန်းလွှာ အီလစ်များကို အပြစ်တင်ခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် နိုင်ငံ၏ မည်သူမျှ မယှဉ်နိုင်ခဲ့သည့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို အမျိုးသားအကျိုးစီးပွားအတွက် အသုံးချဖို့ မစွမ်းဆောင်နိုင်လောက်အောင် မိုက်မဲခဲ့ကြသည်၊ သို့မဟုတ် ကလည်း သတ္တိမရှိခဲ့ဘူးဟု ဆိုသည်။
ပိုဆိုးသည်က ၎င်းတို့အားလုံးသည် ကမ္ဘာကြီးကို ငြိမ်းချမ်းမှု များ စုဝေးရာ နေရာတခု ဖြစ်အောင် လုပ်နိုင်မည်ဆိုသည့် ရိုးအလှသည့် ယုံကြည်ခဲ့မှုနှင့် အမေရိကန်ကို အဆုံးမရှိသည့် စစ်ပွဲများထဲ ဆွဲသွင်းခဲ့ကြသည်။ သူ၏ ပထမအကြိမ် သမ္မတသက်တမ်း တလျှောက်လုံး ထို သို့ မကျေမနပ် ဖြစ်ခဲ့သည့် အပြောအဆိုများကို ဆက်ထိန်းထားခဲ့သည်။
ဒုတိယအကြိမ် ထရမ့် သမ္မတသက်တမ်းတွင်တော့ မကျေမနပ်မှုများ အား အင်ပါယာဆန်ဆန် နယ်ချဲ့ သိမ်းပိုက်လို သည့် အပြော နှင့် ပေါင်းစပ်လာခဲ့သည်။
၂၀၂၅ ခုနှစ် အာဏာပြန်ရလာသည့် အခါ ထရမ့်က ယခင်သမ္မတများကို “မိုက်မဲလှသည်” ဟု ဝေဖန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂရင်းလန်ကို အမေရိကန်ထိန်းချုပ်မှုကနေ လက်လွှတ်ခဲ့ခြင်း၊ ပနားမားတူးမြောင်းကို ပနားမားကို ပြန်ပေးခဲ့ခြငိးများကို ရည်ညွှန်း ပြောဆိုခဲ့သည်။ ထိုနှစ်ခုလုံးကို ပြန်ယူမည်ဟု ကတိပြုခဲ့သည်။
ယင်းသည် ဟန်ဆောင်ပန်ဆောင် ပြောနေချင်း မဟုတ်။ ဇန်နဝါရီလတွင် အမေရိကန်တပ်များ ဗင်နီဇွဲလား ခေါင်းဆောင်ကို သူ့အိမ်ကနေ ဖမ်းဆီးသွားပြီးနောက် ထိုကဲ့သို့ အပြောအဆိုမျိုး စတင်လာခဲ့သည်။ ထို့နောက် ထရမ့်က ရေနံကြွယ်ဝသည့် ဗင်နီဇွဲလား နိုင်ငံအတွက် အမိန့် နာခံတတ်သည့် ခေါင်းဆောင်တဦးကို ကိုယ်တိုင် ရွေးချယ်ခန့်အပ်နိုင်ခဲ့သည်။
"အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဘယ်သူမှ မေးခွန်းထုတ်ရဲတော့ မဟုတ်ဘူး” လို့ ထရမ့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။
ယခု သူ၏ သမ္မတသက်တမ်း ခြောက်နှစ်မြောက်မှာ တော့ မကျေမနပ်မှုနှင့် လွှမ်းမိုးချုပ်ကိုင်လိုစိတ်အပြင် တတိယ ရည်မှန်းချက်တခု ထပ်ပေါင်းစပ်လာခဲ့သည်။ ဤသည်က လက်စားချေလိုစိတ် ပင် ဖြစ်သည်။
၎င်း၏ လက်စားချေလို ဆန္ဒကို လွန်ခဲ့သည့် ခြောက်လက အစ္စရေးနှင့် အတူ အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းက ပြဆိုနေသည်။
အိမ်ဖြူတော် သတင်းထောက် Maggie Haberman နဲ့ Jonathan Swan တို့ ရေးသားသည့် “Regime Change” စာအုပ်တွင် (ဒုတိယအကြိမ် ထရမ့် သမ္မတသက်တမ်းအကြောင်း အသေးစိတ် ရေးထားသည့်စာအုပ်) ထရမ့်သည် အီရန် ထိပ်တန်းခေါင်းဆောင်များကို သတ်ဖြတ်ပြီး ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်ဆီးနိုင်သည့် အခွင့်အရေးကို မြည်းစမ်းခံစားလို ကြောင်း ပြောဆိုခဲ့သည့် အစည်းအဝေးများ အကြောင်း ဖော်ပြထားသည်။ အီရန် ပိုကောင်းလာမလား မလာဘူးဆိုသည်ကို တော့ ဂရုစိုက်ခဲ့သူ မဟုတ်။
အီရန်အစိုးရသည် အမေရိကန်သမ္မတ အဆက်ဆက်ကို အရှက်ရစေခဲ့ပြီး ထရမ့်ကိုတောင် လုပ်ကြံဖို့ ကြိုးစားခဲ့မှု များ အတွက် ယခု သူတို့ ပြန်လည်ပေးဆပ်ခိုင်းနိုင်မည့် အခွင့်အရေး ရလာခဲ့သည်။
စစ်ပွဲအတွက် အများပြည်သူကို အသိပေးခဲ့သည့် ရည်မှန်းချက်က အီရန်၏ အာဏာရှင်အစိုးရကို ဖြုတ်ချဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် စာအုပ်ထဲတွင် ထရမ့်သည် ၎င်း၏ ရင်းနှီးသည့် အကြံပေးများ နှင့် တံခါးပိတ် ပြုလုပ်သည့် အစည်းအဝေးတခုတွင် အီရန်အစိုးရ ပြောင်းလဲရေးအား “သူတို့ရဲ့ ပြဿနာ” လို့ ပယ်ချခဲ့ကြောင်း ရေးထားသည်။ “သူတို့” ဆိုတာ အီရန်ပြည်သူတွေကို ဆိုလိုတာလား၊ အစ္စရေးကို ဆိုလိုတာလား ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခဲ့။
သို့သော်လည်း ဒဏ်ခတ်ချင် နေသည့် ရည်ရွယ်ချက် ရှိနေသည်က သံသယဖြစ်စရာ မရှိ ပေ။
ယခုလို ဟော်မုဇ်ရေလက်ကြား ပိတ်ထားဆဲ ဖြစ်နေသည့်အချိန်တွင် ထရမ့်၏ ဒေါသ အများစုသည် ဥရောပ၊ အာရှနှင့် အာရပ်ကမ္ဘာက မဟာမိတ်များ နှင့် မိတ်ဖက်နိုင်ငံများအပေါ် ဦးတည်နေသည်။ ရေကြောင်းလမ်းကို ဖွင့်နိုင်ရန် ကူညီဖို့ ပျက်ကွက်ခဲ့ကြသည့် အတွက် ဖြစ်သည်။
အောင်ပွဲ မရသေးက ထရမ့်သည် လက်စားချေဖို့ ချောင်းနေသည့် အနေအထားတွင် ဆက်ရှိ နေဦးမည်ဟု မျှော်လင့်ထားသင့်သည်။ ၎င်း၏ ပစ်မှတ်ဖြစ်လာနိုင်သည့် စာရင်းက ရှည်လျားလှ ပေသည်။ နေတိုးအဖွဲ့ဝင်များ အထူးသဖြင့် ကနေဒါနှင့် ဒိန်းမတ်၊ ယူကရိန်း၊ တောင်ကိုရီးယား၊ ကျူးဘားတို့သည် နှစ်ပေါင်းများစွာ ထရမ့်ကို စိတ်ဆိုး အောင် လုပ်ခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။
ရှီကျင့်ဖျင်လို သြဇာ တက္ကိမ ကြီးမား သူတွေကတော့ စိုးရိမ်စရာ မရှိလှ ပေ။
သူ့ကိုယ်သူ ဂေါ်ရီလာ၊ ဝံပုလွေ တို့ကဲ့သို့ တိရစ္ဆာန်အုပ်စုတွင် ခေါင်းဆောင်အထီး “alpha male” ဟု ရိုးတွင်းချဉ်ဆီ အထိ ခံယူထားသည့် ထရမ့်သည့် အိမ်ဖြူတော်ကနေ တိတ်တဆိတ် ထော့နဲ့ ထော့နဲ့ နှင့် ထွက်သွားဖို့ က ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်။ ၎င်း၏ လွှမ်းမိုး ချုပ်ကိုင် နိုင်မှု ကိူ ယခုလို ခြိမ်းခြောက်ခံနေရသည့် အချိန်တွင် ကမ္ဘာကြီးအား ယခင်ကထက် ပို၍ ဖရိုဖရဲ ဖြစ်လာ အောင် လုပ်နိုင်စွမ်း ရှိနေသည့် ပုဂ္ဂိုလ်အဖြစ် မြင်တွေ့လာရတော့မည် ဖြစ်သည်။
(၂၀၂၆ ဩဂုတ် ၂၅ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ As his presidency flounders, Trump is more dangerous than ever ဆောင်းပါးကို ပြန်လည် တင်ပြသည်။)