နိရဉ္စရာသတင်းဌာန နှင့် ပြုလုပ်သော အင်တာဗျူး တွင် စီဒီပမ် ဗိုလ်ကြီး ဇင်ယော်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၎င်းက စစ်အုပ်စု ၏ ရခိုင်ပြည်နယ်အတွင်း တပ်အင်အား အလွန်အမင်း တိုးမြှင့်ချထားမှု အတိုင်းအတာကို အသေးစိတ် ရှင်းပြခဲ့ရာတွင် ယခင်က ရခိုင်ပြည်နယ်တွင် ဒေသခံခြေလျင်တပ်ရင်း ၁၃ ရင်းသာ အခြေစိုက်ထားခဲ့သော်လည်း စစ်ကောင်စီက ယခုအခါ တပ်ရင်းပေါင်း ၁၁၃ ရင်းအထိ ရခိုင်ဒေသသို့ အလျင်အမြန် စေလွှတ်ထားသည်ဟု ဆိုသည်။
ဤသည်ကို ကြည့်မည် ဆိုက စစ်တပ် တွင် စုစုပေါင်း တပ်ရင်း ၅၅၂ ရင်းရှိသည့်အနက် စစ်အုပ်စု သည် အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ရန်အတွက်သာ မြေပြင်တပ်ဖွဲ့အင်အား၏ ၂၀ ရာခိုင်နှုန်းနီးပါးကို အသုံးပြုနေရသည့် အဖြစ်ကို တွေ့ နိုင်ပေသည်။
လက်ရှိ အကြီးအကျယ် စုစည်းချထားသည့် တပ်အင်အားတွင် လက်ရှိ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ခြေလျင်တပ်မ ၁၀ ခု ပါဝင်သည်။ ယင်းတို့အနက် တပ်မ ၇ ခုမှာ အနီးအနား ဒေသများမှ ပြန်လည်ရွှေ့ပြောင်းချထားခြင်းဖြစ်ပြီး အမှတ် (၆၆) ခြေလျင်တပ်မ (ဧရာဝတီတိုင်း)၊ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (MOC) (ညောင်ကျိုး)၊ အမှတ် (၅၅) ခြေလျင်တပ်မ (မင်းတုန်း)၊ အမှတ် (၁၇) နှင့် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ (နတ်ရေကန်) နှင့် အမှတ် (၉၉) ခြေလျင်တပ်မ (ပလက်ဝအနီး) တို့ ပါဝင်သည်။
ထို့အပြင် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသော အမှတ် (၅)၊ (၉) နှင့် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များလည်း ပါဝင်သည်။
မြေပြင်တပ်ဖွဲ့များကို ထိုသို့ အလုံးအရင်း ချထားသည့် အပြင် ၎င်းတို့အား လေကြောင်းနှင့် ရေတပ်မှ အပြည့်အဝ ဖြည့်ဆည်းပံ့ပိုးပေးထားသော်လည်း စစ်ဆင်ရေးမှာ လုံးဝပြိုလဲသွားပြီဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က အလေးပေးပြောကြားခဲ့သည်။
“တနိုင်ငံလုံးရှိ စစ်တပ်၏ တပ်အင်အား ငါးပုံတစ်ပုံကို အခြားစစ်ဘက်အင်အားစုများနှင့်အတူ စေလွှတ်အသုံးပြုပြီးသည့်တိုင် အောင်ပွဲမရနိုင်ဘူးဆိုရင် စစ်ပွဲကို လုံးဝရှုံးနိမ့်သွားပြီလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် အောင်ပွဲရနိုင်မယ့် လမ်းကြောင်း မကျန်တော့ဘူးလို့ ယူဆနိုင်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောကြားခဲ့သည်။
စစ်တပ်သည် အမ်း မြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်လွှတ် ဆုံးရှူံးခဲ့ရပြီး ယခုထိလည်း ဆုံးရှုံးသွားသော မြို့ပေါင်း ၁၄ မြို့အနက် တမြို့တလေမျှပင် ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိသေးပေ။
သို့ သော် မင်း အောင်လှိုင် နှင့် အဖွဲ့သည် အားမ လျော့သေးဘဲ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့အပြင် ချင်းပြည်နယ်တောင်ပိုင်းမှတဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးစစ်များ ဆက်လက်ဆင်နွှဲနေသည်။ သို့သော် အာရက္ခတပ်တော် (AA) ၏ မရပ်မနား တန်ပြန်တိုက်ခိုက်မှုများကြောင့် ရှေ့တိုးချီတက်လာသည့် စစ်အုပ်စု တပ်ဖွဲ့များမှာ ထိခိုက်သေဆုံးမှု အလွန်များပြား လျက် ရှိသည်ဟု သိရသည်။
ဩဂုတ် ၁၂ ရက် နေ့က ရေကြည်နဲ့ သာပေါင်းဘက်ကနေ AA ထိန်းချုပ်နယ်မြေတွေထဲ ထိုးဖောက်လာသည့် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တွေကို AA က ပြန်လည်တွန်းလှန်နိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ရခိုင်တွင် စစ်အုပ်စု၏ ပြဿနာသည် တပ်အင်အားမရှိတာမဟုတ် တော့ဘဲ အင်အားအများအပြား စေလွှတ် ထားသော်လည်း နယ်မြေကို ထိထိရောက်ရောက် ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိ တော့သည့် အရေးပင် ဖြစ်သည်။
အရှေ့ဖက်ခြမ်း တွင်လည်း ထင်သလို ခရီး မပေါက် ဖြစ်လာနေ၍ ရဲဝင်းဦး သည် နေပြည်တော် သို့ ရောက်ရှိနေသော ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) အကြီးအကဲ ချတ်ချိုင် ဘန်ချူအတ်နှင့် တွေ့ဆုံရာ၌ နယ်စပ်ဖြတ်ကျော်၍ တော်လှန်ရေးအဖွဲ့များထံ လက်နက်များ စီးဆင်းရောက်ရှိနေမှုကို ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ပေးရန် နားပူနားဆာ ပြောဆိုခဲ့သည်ဟု သိရသည်။
မင်းအောင်လှိုင်သည် လည်း ဩဂုတ် ၇ ရက်က ဘန်ကောက်သို့ ရောက်လာစဉ် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူးလ်နှင့် တွေ့ဆုံစဉ် ပထမ ဦးစွာ တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ကာလ ကြာမြင့်စွာ ရှိနေပြီး ဖြစ်သော ပြဿနာ ကို ယခုမှ ပြောရဲ ဆိုရဲ ဖြစ်လာခြင်းမှာ ထိုင်းကို မက်လုံးကြီးကြီး ပေးထား၍ သာ ဖြစ်မည်ဟု ယူဆရသည်။
ကရင်ပြည်နယ်တွင် တော့ အခြေအနေက KNU/KNLA နှင့် မဟာမိတ်တပ်ဖွဲ့များက နယ်မြေအများအပြားမှာ ဖိအားပေးထား နိုင် သော်လည်း စစ်အုပ်စု ကလည်း ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ–ကော့ကရိတ် လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နေသည်။
အဓိက သည်က ဒေါန တောင်ခြေ ရှိ ကော့ကရိတ်–မြဝတီ လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းသည် ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့် စစ်အုပ်စု အတွက်လည်း အလွန်အရေးကြီး နေသည်။
လက်ရှိ မြဝတီတောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး ထိုင်းနယ်စပ်အနီးမှ နေရပ်စွန့်ခွာသူ ၂,၀၀၀ ကျော်အထိ လုံခြုံရေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသည်ဟု ကရင် သတင်းဌာနများ က ဩဂုတ် ၂၈ ရက်မှာ ဖော်ပြထားသည်။
ကချင်တွင် လတ်တလော အဓိကစစ်မျက်နှာသည် ရွှေကူ–ဗန်းမော်–မြစ်ကြီးနား ဝန်းကျင် ဖြစ် လာသည်။
KIA နှင့် စစ်အုပ်စု ကြား တိုက်ပွဲများသည် ရွှေကူ၊ ဗန်းမော်၊ မိုးညှင်း၊ အင်းတော်ကြီးနဲ့ ဝိုင်းမော် အနီးတဝိုက်တွင် ဆက်လက်ဖြစ်ပွားနေသည်။ ဩဂုတ်လအစောပိုင်းမှာ ရွှေကူမြို့နယ်တစ်ဝိုက်မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသည်ဟု KIA က ဆိုသည်။
ပိုပြီး စိတ်ဝင်စားစရာ ကောင်း နေသည် က ဧရာဝတီမြစ်ကြောင်း ဖြစ်သည်။ စစ်အုပ်စုသည် မန္တလေးမှ မြစ်ကြောင်းအတိုင်း စစ်ရေယာဉ်/ထောက်ပံ့ရေးယာဉ်တန်းများကို ရွှေကူ နှင့် ဗန်းမော်ဘက်ရှိ စစ်စခန်းများကို ပြန်လည်ဖြည့်တင်းဖို့ ကြိုးစားလာ နေ၍ KIA က မြစ်ကြောင်းတစ်လျှောက် တားဆီးနေသည်။
ဩဂုတ် ၁၀–၁၁ ရက်ကလည်း ကချင်–ရှမ်းမြောက်နယ်စပ် မိုးမိတ်ဘက်မှာ KIA မဟာမိတ်တပ်များက စစ်အုပ်စု မှ Mi-35 ရဟတ်ယာဉ်နဲ့ Y-12 တို့ဖြင် လေကြောင်းပစ်ကူ ပေးကာ အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာခြင်းကို တားဆီးနိုင်ခဲ့ပြန်သည်။
ကချင်တွင် စစ်အုပ်စု၏ အဓိကပြဿနာသည်က တပ်စခန်းများကို တိုက်ခိုက်ဖို့ထက် ထောက်ပံ့ရေးနှင့် လူအင်အား ဖြည့်တင်းပေးနိုင်ရေး ဖြစ်လာသည်။ KIA သည် ၎င်းတို့ အားနည်းချက်ကို အသုံးချကာ မြစ်ကြောင်း၊ ကားလမ်းနဲ့ တောင်ကြား လမ်းကြောင်းများကို ဖိအားပေးနိုင်ဖို့ ကြိုးစား ယုံသာ ရှိသည်။
စစ်အုပ်စုသည် တပြိုင်နက်တည်း စစ်မျက်နှာများစွာကို ထိန်းထားနိုင်စွမ်း ရှိသေးလား၊ တပ်အင်အားနှင့် လေကြောင်းအင်အားကို ဘယ်နေရာမှာ အများဆုံး စုစည်းရတော့မလဲ ဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!